လူချမ်းသာနှင့်လူဆင်းရဲ အဖေနှစ်ယောက်

လူချမ်းသာနှင့်လူဆင်းရဲ အဖေနှစ်ယောက် (Part 1)

ကျွန်တော့်မှာ အဖေ နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က ဆင်းရဲပြီး တစ်ယောက်ကတော့ ချမ်းသာတယ်။ ဆင်းရဲတဲ့အဖေဟာ ဉာဏ်စွမ်းထက်သလို၊ အဆင့်မြင့် ပညာတတ်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ သူက ပီအိပ်ချ် ဒီ ဒေါက်တာဘွဲ့ ရထားသူပါ။ လေးနှစ်သင်ရမယ့် တက္ကသိုလ်ပညာကို နှစ်နှစ်တည်းနှင့် အပြီး သင်ခဲ့ပါတယ်။ ဒီနောက် စတင်းဒတ်တက္ကသိုလ်၊ ချီကာဂိုတက္ကသိုလ်နှင့် အနောက်မြောက်တက္ကသိုလ်တွေကို ပညာသင်ထောက်ပံ့ကြေးအပြည့်နှင့် ဘွဲ့လွန် ဆက်တက်ခဲ့တာပါ။

အဖေ နောက်တစ်ဦးကတော့ ရှစ်တန်းနှင့် ကျောင်းထွက်ခဲ့ရသလို၊ ပညာရေးခရီး ဆုံးခန်းမတိုင်ခဲ့ရသူ ဖြစ်ပါတယ်။

နှစ်ဦးလုံးကတော့ ဘဝတစ်လျှောက်လုံး အပင်ပန်းခံကြိုးစားခဲ့ကြရာက သူ့နေရာနှင့်သူ ထူးချွန်အောင်မြင်သူတွေချည်းပါပဲ။ နှစ်ယောက်စလုံးလည်း ဝင်ငွေတွေကောင်းခဲ့ကြပါရဲ့။ တစ်ခုတော့ရှိတယ်။ တစ်ယောက်က တစ်သက်လုံး ငွေသောကနှင့် ရုန်းကန်လှုပ်ရှားနေရချိန်မှာ၊ တစ်ခြားတစ်ယောက်ကတော့ ဟာဝိုင်အီကျွန်းက အချမ်းသာဆုံးစာရင်းဝင် ဖြစ်ခဲ့ရတာပဲ။

အဲဒီတစ်ယောက်က အလှူအတန်းတွေပေး၊ ဘုရားကျောင်းဆောက်၊ သူ့မိသားစုအတွက် ဒေါ်လာတွေ သန်းချီထားပစ်ခဲ့ပြီး ကွယ်လွန်သွားခဲ့တယ်။ ကျန်တဲ့တစ်ယောက် ကွယ်လွန်ချိန်မှာတော့ အကြွေးစာရင်းတွေပဲ ကျန်ခဲ့တာကလား။

နှစ်ယောက်လုံးမှာ ကြံ့ခိုင်တဲ့ အားမာန်၊ ထူးခြားပြောင်မြောက်တဲ့ အရည်အသွေးနှင့်  ဩဇာလွှမ်းမိုးနိုင်စွမ်းတွေ ကိုယ်စီရှိကြတယ်။ နှစ်ယောက်စလုံးက ကျွန်တော့်ကို အကြံတွေပေးကြပေမယ့်၊ သူတို့အကြံတွေဟာ တစ်ထပ်တည်းတော့မကျခဲ့ဘူး။

သူတို့နှစ်ယောက်လုံးက ပညာရေးဆိုတာကို အလေးအနက် ယုံကြည်ခဲ့ကြတယ်။ ဒါပေမယ့် သင်ပုံသင်နည်းတွေက တစ်ထပ်တည်းမကျဘဲ ကွဲပြားခြားနားခဲ့ပါတယ်။

ကျွန်တော့်မှာ အဖေ တစ်ယောက်တည်းရှိရင်တော့ သူ့အကြံကိုလက်ခံဖို့နဲ့ ပယ်ချဖို့ဘဲ ရှိတာပေါ့။ ခုတော့ အဖေနှစ်ယောက်ဖြစ်သလို၊ နှစ်ယောက်စလုံးကလည်း အကြံဉာဏ်တွေ အပြိုင်အဆိုင် ပေးနေကြတာဆိုတော့ ဆင်းရဲသူနှင့် ချမ်းသာသူတွေရဲ့ ဝိရောဓိအမြင်တွေ၊ အယူအဆတွေကို သုံးသပ်ရွေးချယ်ခွင့် ရခဲ့တယ်ဆိုရမှာပဲ။

ကျွန်တော့်အနေနဲ့ တစ်ယောက်ယောက်ရဲ့ အယူအဆကို အလွယ်တကူလက်ခံ၊ ဒါမှမဟုတ် ပယ်ချလိုက်ရမယ့်အစား ချိန်ထိုးနှိုင်းယှဉ်ပြီး စဉ်းစားခွင့်တွေပိုရခဲ့တဲ့အပြင်၊ ကျွန်တော့်စိတ်ကြိုက် ရွေးချယ်ဆုံးဖြတ်ခွင့်တွေလည်း ရခဲ့တာ တွေ့ရပါတယ်။

ပြဿနာကတော့ အဲဒီအချိန်က အဖေနှစ်ယောက်အနက်မှာ ချမ်းသာတယ်ဆိုသူက တကယ်တမ်းမချမ်းသာသေးသလို၊ ဆင်းရဲတယ်ဆိုသူကလည်းတကယ့်တကယ် မဆင်းရဲခဲ့တာပါပဲ။ နှစ်ယောက်စလုံးဟာ အသက်မွေးဝမ်းကျောင်းတွေ စလုပ်ရုံပဲ ရှိကြသေးတယ်။ မိသားစုနှင့် ငွေကိစ္စကို ကြိုးစားပမ်းစားရုန်းကန်နေကြဆဲ အခြေအနေပါ။ အဲ… သို့ပေမယ့် သူတို့တွေဟာ ငွေအကြောင်းပြောလာကြပြီဆိုရင်တော့ တစ်ယောက်နှင့် တစ်ယောက် အရှေ့နဲ့ အနောက်လို ဆန့်ကျင်ဖီလာဖြစ်ကြပြီး မတူကွဲပြားတဲ့ အမြင်တွေ ရှိလာကြပါရော။

ဥပမာဗျာ အဖေတစ်ယောက်က ပြောလိမ့်မယ်။ “ငွေကို ချစ်ခင်မက်မောခြင်းဟာ ဆိုးရွားမှုအပေါင်းရဲ့ အခြေခံ အရင်းအမြစ်ပဲ” တဲ့။ နောက်တစ်ယောက်ကတော့….

အပိုင်း(၂) အား ဆက်လက်ဖတ်ရှုရန် >> လူချမ်းသာနှင့်လူဆင်းရဲ အဖေနှစ်ယောက် (Part 2)

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts