စိတ်အတွင်း ငြိမ်းချမ်းမှု

စိတ်အတွင်း ငြိမ်းချမ်းမှု

ကျွန်မ စားအိမ်သောက်အိမ်လိုဖြစ်နေတဲ့ သူငယ်ချင်းဆီ ရောက်တဲ့အခါတိုင်း သူက ထမင်းပွဲကြီး ဟည်းထနေအောင် ပြင်ကျွေးတတ်ပါတယ်။ ကျွန်မ အဲဒီ ထမင်းစားပွဲမှာ ထိုင်တိုင်း… မီးဖိုဘက်ကို မျက်နှာပေးပြီး… ထိုင်တတ်ပါတယ်။

ကျွန်မ အဲဒီစားပွဲမှာ ဆယ်ခါထိုင်လည်း‌ နေရာကတော့ ဘယ်တော့မှ မပြောင်းပါဘူး…။ လွန်ခဲ့တဲ့ ၅နှစ်ကလည်း ဒီစားပွဲရဲ့ဒီခုံနေရာမှာပဲ ထိုင်ခဲ့တယ်။ ဘယ်သူငယ်ချင်းနဲ့သွားသွား… ကျွန်မကတော့ အဲဒီနေရာမှာပဲထိုင်မိတယ်။ ထိုင်ဖြစ်တယ်…။

တို့က ဘာမှ အစွဲအလမ်းမထားဘူး။ ဘာညာပြောရင် မယုံပါနဲ့…။ ကျွန်မ အမေ နေ့လည်နေ့ခင်း လှဲလျောင်းတဲ့နေရာကို သွားထိုင်ကြည့်။ ဟေ့…ဒါ… အိုင့် နေရာ…ဖယ်…ဆိုပြီ… သူလုပ်တတ်ပါတယ်…။

အမေတို့က အစွဲအလမ်းကြီးတယ်…။ ဘာညာ… ကျွန်မပြောပေမဲ့…ကိုယ်တိုင်ကျတော့လည်း… သူများအိမ်က ထမင်းစားခုံကိုတောင် မသိစိတ်က စွဲနေတာကို ပြုံးမိလို့ပါပဲ…။

ဒါဟာ… ကိုယ်နဲ့ဘာမှ မဆိုင်တဲ့နေရာကို စွဲတဲ့အစွဲပါ…။ ဒီလို အစွဲမျိုးကိုတောင် ဖြုတ်ဖို့ခက်တယ်ဆိုရင်… ကိုယ့်ကို ဂုဏ်ဆာစေတဲ့ အစွဲမျိုးတွေကို ဖြုတ်ဖို့ဆိုတာ… ဘယ်လောက်ခက်မလဲသာ… စဉ်းစားကြည့်စေချင်ပါတယ်။

ကျွန်မယောကျာ်းက တစ်ချိန်က ဌာနဆိုင်ရာတစ်ခုရဲ့ အကြီးအကဲဆိုတော့… ပွဲတွေလမ်းတွေသွားတဲ့အခါ အမြဲ ထိပ်ဆုံးက စားပွဲမှာ… နေရာပေးတာခံရပါတယ်…။ အဲဒီအခါ… ကျွန်မက… ဟာ… သွားထိုင်မနေပါနဲ့…။ ကိုယ့်အပေါင်းအသင်းတွေနဲ့ကိုယ် နောက်နားမှာ… ဟေးဟားလုပ်ရတာ ပိုကောင်းပါတယ်လို့ ပြောခဲ့တာချည်းပါပဲ…။

ရာထူးကြောင့် နေရာပေးခံရတယ်ဆိုတာ… ဘယ်တော့မှ မတည်မြဲကြောင်း ကျွန်မသိလို့ ဖြစ်ပါတယ်…။ ယောကျာ်းကတော့… သူနဲ့ သင့်တော့တဲ့ နေရာ သူထိုင်ရမယ်လို့ ခံယူထားပေမဲ့… သူ့ဘေးက လိုက်ထိုင်ရတဲ့ ကျွန်မကတော့…တစ်ချိန် နောက်တန်းပို့ခံရမဲ့ အရေးကို အမြဲကြိုမြင်လို့ နေခဲ့ပါတယ်…။

ယောကျာ်းအငြိမ်းစားယူပြီးနောက်ပိုင်း… ပထမဦးဆုံးတက်ရတဲ့ ပွဲမှာတင်ကို ကျွန်မတို့ဟာ… ဟိုးရှေ့ဆုံးမှာ နေရာ မရတော့ပါဘူး။ ရှေ့ဆုံးစားပွဲဟာ… ရာထူးတွေနဲ့ လက်ရှိ အလုပ်လုပ်နေတဲ့ အလုပ်ထဲက အကြီးအကဲတွေအတွက် ဖြစ်သွားပါတယ်။ အသစ်တွေလာရင် အဟောင်းတွေက နေရာဖယ်ပေးလိုက်ရတာ… ညီမျှတဲ့ လောကရဲ့သဘာဝပါပဲ။

ရာထူးတွေ၊ စည်းစိမ် ဥစ္စာတွေ၊ နာမည်ကျော်ကြားမှုတွေကို အခြေတည်ပြီး ဖြစ်လာတဲ့ နေရာပေးမှုတွေဟာ… အသက်ထက်ဆုံး တည်မြဲနိုင်ခြင်း မရှိပါဘူး…။

ရာထူး မရှိတော့တဲ့နေ့… နေရာမရှိတော့ဘူး…။ ပစ္စည်းဥစ္စာတွေ မရှိတော့တဲ့နေ့… မိတ်ဆွေစစ်တွေ မရှိတော့ဘူး…။ နာမည်ကျလာတဲ့နေ့… ခေါ်ချင်ပြောချင်ဓာတ်ပုံတွဲရိုက်ချင်တဲ့ လူတွေ မရှိတော့ဘူး…။ ဒါဟာ… လောကရဲ့ ဓမ္မတာပဲ ဖြစ်ပါတယ်…။

ရာထူးရှိတာ…၊ နာမည်ကျော်ကြားတာ…၊ ငွေကြေးချမ်းသာ ပြည့်စုံတာတွေဟာ… ကောင်းတာတွေ ကြုံတဲ့အခါမှာလည်း စိတ်ကို ထားတတ်ဖို့ လိုပါတယ်…။

ဒါတွေ မရနိုင်တော့တဲ့အချိန်မှာ… ကြေကွဲဝမ်းနည်းနေမယ်ဆိုရင်… ရှုံးပါတယ်…။ ကိုယ့် စိတ်ချမ်းသာ ပျော်ရွှင်မှုဟာ… သူများတွေရဲ့အသိအမှတ်ပြုမှုပေါ်မှာ မူတည်နေသေးတယ်ဆိုရင် ကျွန်မတို့ တကယ် မပျော်ရွှင်သေးပါဘူး…။ အလကားနေရင်း စိတ်နောက်ကျိ ရှုပ်ထွေးနေရပါတယ်။

ကျွန်မကတော့ စိန်ရောင်၊ ရွှေရောင်၊ နေရောင်၊ လရောင်တွေထက် ပိုးစုန်းကြူးလေးရဲ့ကိုယ်က အလင်းရောင်ကို ပိုလို့ မက်မောမိပါတယ်…။

ရာထူးမရှိပေမဲ့… သားတွေ…သမီးတွေရဲ့ ဖေဖေ မေမေ ဖြစ်နိုင်တယ်။ ငွေကြေးမချမ်းသားပေမဲ့…မိဘကို…၊ မိသားစုကို ဂရုစိုက် စောင့်ရှောက်နိုင်တဲ့… သား သမီး ဖြစ်နိုင်တယ်…။ နာမည်မကြီးလည်း ကိုယ့်ဘေးမှာ ချစ်တဲ့သူတွေ ရှိတယ်…။ ဒါပါပဲ…။

ကိုယ့်အရည်အချင်းရှိသမျှ အကောင်းဆုံးကြိုးစားတယ်။ ရိုးရိုးသားသားနေတယ်…။ ဒါဆို ဘဝဟာ အတော်ပျော်စရာကောင်းပါပြီ…။ နေရာလည်း မလိုဘူး။ နေရာပေးခံရဖို့လည်း မလိုဘူးလေ…။

ကျွန်မတို့အတွက် ငြိမ်းချမ်းတဲ့… ကိုယ်ပိုင်နေရာဟာ… စိတ်ထဲမှာပဲ ရှိပါတယ်။ Inner Peace စိတ်အတွင်းငြိမ်းချမ်းမှုတဲ့… ဘယ်လောက်လှပတဲ့ စကားလုံးလေးပါလဲ…။

ဘာကိုမှ မမက်မောပါနဲ့…။ ဘာကိုမှ မစွဲလမ်းပါနဲ့…။ ကိုယ်ပိုင် အလင်းရောင်လေးနဲ့သာ ထွန်းပပြီး ပျော်ရွှင်လိုက်ကြပါ…။ အစွဲတွေကို ဖြုတ်မှ စိတ်ရဲ့ လွတ်မြောက်ခြင်းကို ရမှာပါ။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts