လူချမ်းသာနှင့်လူဆင်းရဲ အဖေနှစ်ယောက်

လူချမ်းသာနှင့်လူဆင်းရဲ အဖေနှစ်ယောက် (Part 2)

နောက်တစ်ယောက်ကတော့ “ငွေမရှိခြင်းဟာ ဆိုးရွားမှုအပေါင်းရဲ့ အကြောင်းမူလ” တဲ့။

ဒီတင် ချာတိတ်လေးတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ တစ်ယူသန် အဖေနှစ်ယောက်ကြားမှာ ဗျာများရတော့တာပဲ။ ကျွန်တော်ဆိုတဲ့ကောင်က မိဘစကားနားထောင်တဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်ချင်တာ။ ခုတော့ အဖေတွေက တစ်သံတည်းမထွက်တော့ ခက်ကရော။ သူတို့ သဘောထားချင်း၊ အမြင်ချင်း ကွဲလွဲချက်က အထူးသဖြင့် ငွေအကြောင်း ဖွင့်ဆိုလာကြတာက သိပ်တစ်ဘက်စွန်း ရောက်နေကြတာမဟုတ်လား။ ကျွန်တော် အဖို့ ဘယ်သူမှန်ပြီး ဘယ်သူမှားလဲ သိချင်စိတ်တွေ ဖြစ်လာပြီး ကျိတ်ပုန်းခုတ် အဖြေရှာခဲ့ရပါတော့တယ်။

သူတို့တစ်ယောက်တစ်မျိုးပြောခဲ့တဲ့ အဆိုအမိန့်တွေကို အချိန်ကုန်ခံစဉ်းစားရင်း ဦးနှောက်စားခဲ့ရတယ်ဆိုပါတော့။

ဒီကြားထဲ ကိုယ့်ကိုကိုယ် ပြန်မေးခွန်းထုတ်ရတာတွေလည်းရှိရဲ့။

“သူ ဘာကြောင့် အဲ့လိုပြောတာလဲ။”

“နောက်တစ်ယောက်ကရော ဘာကြောင့်အဲ့လိုပြောတာလဲ။”

ဘာပဲဖြစ်ဖြစ်၊ ဖြစ်ချင်တာတွေ ဖြစ်ဆိုပြီး မျက်စိမှိတ်ဆုံးဖြတ်လိုက်ရင်တော့ လွယ်လွယ်လေးပါ။ “ဟာ ဟုတ်တယ်။ သူ မှန်တယ်။ သူပြောတာ ငါသဘောတူတယ်။” လို့ ထောက်ခံပြီး…

“အဲ၊ ဟိုလူကြီးကတော့ သူဘာပြောလို့ ပြောမှန်း မသိဘူး” လို့ ပယ်ချလိုက်ရုံပါပဲ။

ခက်တာက အဲဒီ အဖေနှစ်ဦးစလုံးကို ကျွန်တော်ချစ်သလို၊ သူတို့ကလည်း ကျွန်တော့ဘာသာ စဉ်းစားပြီး နောက်ဆုံးကြိုက်ရာရွေးဖို့ လမ်းဖွင့်ထား၊ တိုက်တွန်းအားပေးထားခဲ့ကြာတာကလား။

ဒီလိုနဲ့ လောလောဆယ် တိုးတက်ဖြစ်ထွန်းမှု ရလိုက်တာက ရှုထောင့်တစ်ဘက်တည်းနှင့် လက်ခံမယ်၊ လက်မခံဘူး တန်းဆုံးဖြတ်လိုက်တာဟာ ရေရှည်ဘဝ ခရီးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ နည်းလမ်းတစ်ခုအဖြစ် သိလိုက်ရခြင်းပါပဲ။

ချမ်းသာသူတွေက ပိုချမ်းသာလာပြီး၊ ဆင်းရဲသူတွေက ပိုဆင်းရဲသွားတဲ့ အကြောင်းရင်းနှင့် လူလတ်တန်းစားတွေ ကြွေးတင်ကျွန်ဖြစ် နွံနစ်ရုန်းကန်နေကြတဲ့ အကြောင်းရင်းဟာ ‘ငွေ’ နှင့် ပတ်သက်တဲ့ ဘာသာရပ်ကို ကျောင်းမှာမသင်ခဲ့ရဘဲ အိမ်မှာသာ သင်ခဲ့ကြရလို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ အများစုအနေနဲ့ ငွေအကြောင်းကို မိဘတွေဆီကသာ သင်ကြားခဲ့ရတာပါ။ ဒီတော့ ဆင်းရဲတဲ့ မိဘတွေက သူတို့သားသမီးတွေကို ငွေအကြောင်း ‘ဘာတွေ’၊ ‘ဘယ်လောက်’ သင်ပေးနိုင်မှာလဲ။ သမားရိုးကျအတိုင်း သူတို့ပြောရုံပဲ ရှိမှာပေါ့။

“ကျောင်းမှန်မှန်တက်၊ စာကြိုးစား” ဆိုတာလေ။ ကလေးက အကောင်းဆုံး ဂုဏ်ထူးအဆင့်တွေ နှင့် ဘွဲ့ရကောင်း ရသွားပါလိမ့်မယ်။ ဒါပေမယ့် ဆင်းရဲတဲ့ မိဘတွေရဲ့ စီးပွားရေးဇယားချပြီး စိတ်ဓာတ်ပုံသွင်းပေးတဲ့ အတိုင်းပဲဖြစ်သွားမှာပါပဲ။ ဒါဟာ ငယ်ရွယ်စဉ်ကလေးဘဝမှာ သင်ကြားခဲ့ရတဲ့ ပုံစံပဲလေ။

အပိုင်း(၃) အား ဆက်လက်ဖတ်ရှုရန် >> လူချမ်းသာနှင့်လူဆင်းရဲ အဖေနှစ်ယောက် (Part 3)

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts