သစ်ပင်စိုက်ပါ

သစ်ပင်စိုက်ပါ (Part 2)

တကယ်တော့ ကမ္ဘာလောကကြီးက သူ့အလိုလို သာယာနေခဲ့ပြီးသားပါ…။ သူ့ရဲ့အလှအပတွေကို ခံစားဖို့ဆိုတာ… ငွေကြေးတွေအမြောက်အမြားအကုန်ကျခံစရာလည်းမလိုပါဘူး…။ ခံစားတတ်တဲ့နှလုံးသားသာ… ရှိဖို့လိုပါတယ်။

ကျွန်မညီမတစ်ယောက်ဆိုရင်… တက္ကသိုလ်ရိပ်သာလမ်းမှာနေတယ်…။ သူ့အိမ်နားမှာ နာမည်ကျော်… သထုံလမ်းတို့…၊ အင်းယားလမ်းတို့…၊ စစ်ကိုင်းလမ်းတို့…၊ အဓိပတိလမ်းတို့ ရှိတယ်…။

ပိတောက်တွေ ပွင့်ချိန်ဆို သထုံလမ်းဟာ သိပ်ကိုလှပလို့…။ အဓိပတိလမ်းဟာ ကံကော်ပန်း ရနံ့တွေနဲ့ မွှေးပျံ့လို့…။ ညတိုင်းညတိုင်း ညမွှေး ပန်းရနံ့တွေ… သင်းပျံ့နေတာက… အင်းယားလမ်း…။ ဒါတောင် အဲဒီလမ်းတွေကို… သူလုံးဝ မလျှောက်ဘူး…။ အိမ်ထဲမှာထိုင်ပြီး… ဖုန်းထဲမှာ စစ်တွေတိုက်နေတယ်…။ တကယ်တော့ ဒီသဘာဝအလှအပတွေကို… လူတွေကို ခံစားစေချင်တာပါ။ ဘယ်သူ့ကိုမဆို ခံစားစေချင်တာပါ…။ ဒါတွေက အဖိုးတန်သလို… စိတ်ရဲ့ အကြည်ဓာတ်ကိုလည်း ဖြစ်ပေါ်စေနိုင်လို့ပါ…။

အခုတလောမှာ… ပတ်ဝန်းကျင်က လူတွေရဲ့ ကြိုက်နှစ်သက်မှုတွေ တစ်မျိုးပြောင်းလာကြတာကို သတိထားမိတာ ရှိပါတယ်…။ သစ်ပင်ပန်းပင်ကလေးတွေကို စိတ်ဝင်တစားရှိလာကြတယ်။ စိုက်ပျိုးကြတယ်…။ စုဆောင်းကြလာတယ်။

အဲဒီထဲမှာ ကျွန်မ ကိုယ်တိုင်တောင်ပါသေးတယ်…။ ကိုဗစ် မတိုင်ခင်တုန်းက လက်ဆောင်ရခဲ့တဲ့… ညမွှေးပန်းပင်ကလေးဟာ အခု အပွင့်တွေ စပြနေခဲ့ပြီလေ…။

အဓိက…ကတော့ အိမ်ထဲမှာ နေလိုက်ရတဲ့အချိန်တွေမှာ လူတိုင်းဟာ… မွန်းကျပ်မှုတွေ အနည်းအများမဆို ရှိလာကြတယ်…။ ခရီးသွားခဲ့တုန်းက တွေ့မြင်ခဲ့ဖူးတဲ့ သဘာဝ အလှအပ ပတ်ဝန်းကျင် မြင်ကွင်းတွေကို ပြန်သတိရ တမ်းမက်လာကြတယ်…။

အဲဒီအခါ ကိုယ်နဲ့ အနီးဆုံးမှာ ထိတွေ့ခံစားလို့ရတဲ့ သစ်ပင်လေးတွေ… အရွက်စိမ်းကလေးတွေကို သဘောကျလာတယ်…။ အာရုံရောက်လာခဲ့ကြတယ်…။ သဘာဝနဲ့ထိစပ်မှု Connection with the Nature ကို တန်ဖိုးထားတတ်လာကြတယ်…။

အချင်းချင်းဝေမျှရင်းနဲ့ အကြည်ဓာတ်တွေ ကူးစက်ကုန်ကြတယ်…။ သူလည်းအပင်လေးတွေ စိုက်တယ်…။ ငါလည်း အပင်လေးတွေ စိုက်မယ်ဆိုပြီး အကြည်ဓာတ်ပါတဲ့ စိတ်ကလေး ဖြစ်လာတယ်…။

သစ်ပင်တွေအကြောင်း ဝေမျှကြတာကျေးဇူးတင်ပါတယ်။ သူတို့တွေဟာ ချစ်စရာကောင်းတယ်။ အဆိပ်အတောက်မရှိဘူး…။ သစ်ပင်လေးတေကို စိုက်ပျိုးပေးနေကြတဲ့ သူတိုင်းဟာ ကျွန်မတို့ ကမ္ဘာကြီး ဆက်လက်ရှင်သန် စိမ်းစိုနေဖို့အတွက် အောက်ဆီဂျင်စက်ရုံတွေ တည်ထားပေးနေတဲ့ သူတွေပါပဲ…။

တစ်သက်လုံးစိတ်ချမ်းသာချင်တယ်ဆိုရင် သစ်ပင်စိုက်ပါ။ စိတ်အကြည်ဓာတ်လေးတွေ ဖြစ်ပေါ်စေဖို့… သဘာဝဝန်းကျင်ကို ချစ်မြတ်နိုးပါ။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts