အေမီဂရေဟမ်

ဝါရှင်တန်မှ တစ်ညလုံး လေယာဉ်စီးလာရသဖြင့် ဒင်ဗာရှိ မိုင်(လ)ဟိုက် ဘုရားရှိခိုးကျောင်းရောက်သည့် အချိန်မှာ ကျွန်တော် ပင်ပန်းနွမ်းနယ်လျက်ရှိသည်။ ဒီဘုရားရှိခိုးကျောင်းမှာ ကျွန်တော်ဟောပြောပွဲ သုံးပွဲနဲ့ ကြီးပွားအောင်မြင်ရေး ဆွေးနွေးပွဲတစ်ပွဲ ကြီးမှူးပြုလုပ်ရမည် ဖြစ်သည်။

ဘုရားကျောင်းထဲ အဝင်မှာ ဒေါက်တာဖရက်ဗို့ဂ်က စကားတစ်ခွန်းပြောသည်။

ဆန္ဒတစ်ခု ပြည့်စေမှု ဆိုတဲ့ ဖောင်ဒေးရှင်းအကြောင်း ဆရာသိတယ်နော်”

“ဟုတ်ကဲ့၊ သိပါတယ်”

‘ဆန္ဒတစ်ခု’ မှာ ကွယ်လွန်ခါနီး လူများ၏အလိုဆန္ဒကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် ဖောင်ဒေးရှင်းအဖွဲ့တစ်ခု ဖြစ်သည်။

ဒေါက်တာဗို့ဂ်က ဆက်ပြောသည်။

“အခု ဒီမှာ အေမီဂရေဟမ်ဆိုတဲ့ မိန်းကလေးတစ်ယောက် ရောက်နေပါတယ်၊ လူကီးမီးယား သွေးကင်ဆာ နောက်ဆုံးအဆင့်လို့ ဆိုတယ်၊ သုံးရက်လောက်ပဲ ခံမယ်လို့ တွက်ထားကြတယ်၊ မိန်းကလေးက သူမသေခင် ဆရာ့ဟောပြောပွဲ နားထောင်ချင်တဲ့ ဆန္ဒရှိနေတယ်”

ကျွန်တော် အံ့အားသင့်သွားတယ်။ ဝမ်းမြောက်ကျေနပ်မှု မယုံကြည်နိုင်မှု စိုးရွံ့တုန်လှုပ်မှု တွေ အားလုံးတစ်ပြိုင်နက် ခံစားလိုက်ရသည်။

တကယ်မှ ဟုတ်ပါ့မလား ကျွန်တော်တွေးမိသည်။ သွေးကင်ဆာနဲ့ ကွယ်လွန်ရမယ့် ကလေးတစ်ယောက်က ဝေါဒစ္စနေး၏ အံ့ဖွယ်ကမ္ဘာလို နေရာမျိုးကို တမ်းတချင် တမ်းတမည်၊ စတောလုံးတို့ အာနိုးတို့လို ရုပ်ရှင်ဇာတ်လိုက်တွေကို တွေ့ကောင်းတွေ့ချင်မည်။ မာ့က်ဗစ်တာဟန်ဆင်၏ ဟောပြောပွဲကို တက်ရောက်သွားချင်သည်ဆိုတာ ဟုတ်နိုင်ပါ့မလား။ ကျွန်တော့်ထံက ကြားရမယ့် ထက်သန်တက်ကြွရေး ဒေသနာတွေကို သေခါနီး ရက်ပိုင်းမှာ သူတကယ်ပဲ နားထောင်ချင်တာလား။

ကျွန်တော့် အတွေးတွေ ရုတ်တရက် ပြတ်သွားသည်။

“ဟောဒီမှာ အေမီပါ” ဗို့ဂ်က မိတ်ဆက်ပေးပြီး သူမ၏သေးသွယ်ဖျော့တော့သော လက်ကလေးကို ကျွန်တော့်လက်ထဲထည့်ပေးသည်။

ကျွန်တော့်ရှေ့မှာ ရပ်နေသူက ကလေးငယ်တော့ မဟုတ်၊ အသက် ၁၇နှစ်အရွယ် မိန်းမပျိုလေးတစ်ဦး။ ခေါင်းပေါ်မှာ လိမ္မော်ရောင်နဲ့ အနီရောင် တောက်တောက် ခေါင်းစည်းပဝါတစ်ခု ခြုံထားသည်။ ပဝါအောက်မှာ ဆံပင် တစ်မျှင်မျှမရှိ။ ကင်ဆာအတွက် ပေးသည့် ဆေးများကြောင့် ဆံပင်တွေ အားလုံး ကျွတ်ကျသွားခဲ့ပြီ။ သူမ ခန္ဓာကိုယ်က သေးကွေးကျုံလှီကာ ချည့်နဲ့နဲ့လေးဖြစ်နေသည်။

“ကျွန်မ ရည်မှန်းချက် နှစ်ခုရှိတယ်၊ တစ်ခုက အခြေခံပညာ အဆင့်မြင့်တန်း အောင်သွားဖို့နဲ့ နောက်တစ်ခုက ဆရာကြီးရဲ့ ဟောပြောပွဲကို နားထောင်ခွင့်ရဖို့ပါ၊ ဆရာဝန်ကြီးတွေကတော့ အဲဒီ နှစ်ခုလုံး ဖြစ်နိုင်မယ် မထင်ကြပါဘူး၊ ကျွန်မမှာ အဲဒီလောက်အထိ ခွန်အားမရှိတော့ဘူးလို့ ယူဆကြတယ်၊ အခု ကျွန်မကို မိဘတွေနဲ့ အတူ ပြန်နေဖို့ ဆေးရုံက ခွင့်ပေးလိုက်ကြပါတယ်၊ ဒါကျွန်မ ဖေဖေနဲ့ မေမေပါ”

ကျွန်တော် အကြီးအကျယ် ထိခိုက်ခံစားလိုက်ရသည်။ ကျွန်တော့် မျက်လုံးအစုံထဲ မျက်ရည်တွေ စုဝေးလာသည်။ ရင်ထဲ ဆို့နင့်ကာ မချိတင်ကဲ ဖြစ်သွားမိသည်။

ဒီနောက်မှ ကြိုးစား၍ ပြုံးကာ သူ့ကို ပြန်၍ပြောရသည်။

“သမီးတို့ မိသားစုတစ်ခုလုံးကို ဖိတ်ခေါ်ပါတယ်၊ ဘဘ ဟောပြောပွဲနားထောင်ချင်တယ်ဆိုလို့ ကျေးဇူးတင်ပါတယ်”

ဒီနောက်တော့ စို့လာတဲ့ မျက်ရည်စတွေကို အသာတို့ကာ နှုတ်ဆက်ခွဲခွာကြသည်။ သို့သော် ရင်ထဲ ဦးခေါင်းထဲမှာကား ခံစားမှုနဲ့ အတွေးများ လှုပ်ရှားရိုက်ခတ် ကျန်ရစ်လေသည်။

ကျွန်တော် တက်ရောက်ဖူးသည့် စိတ်စွမ်းအားဖြင့် ရောဂါကုသသည့် ပွဲများအကြောင်း ပြန်၍တွေးမိသည်။ အမေရိကန်၊ ကနေဒါ၊ မလေးရှား၊ နယူးဇီလန်နဲ့ ဩစတြေးလျနိုင်ငံများက စိတ်ကုပွဲကြီးများမှာ အတော်ဆုံး စိတ်ကုဆရာဝန်ကြီးများ တန်ခိုးသတ္တိဖြင့် ကုစားပြပုံများကို ကျွန်တော်ကိုယ်တိုင် တက်ရောက်ကြည့်ရှုကာ ဝေဖန်ခဲ့ ဆွေးနွေးခဲ့ သုသေတနပြုခဲ့ဖူးသည်။ ဒီကုသနည်းနဲ့ ရောဂါတွေ တကယ်ပျောက်ကင်းသလား၊ ဘာကြောင့် ပျောက်သလဲ၊ ဘယ်လိုပျောက်သလဲ။

အဲသည်နေ့ နေ့လယ် ဟောပြောပွဲသို့ အေမီနဲ့ သူ့မိဘများ တက်ရောက်လာကြသည်။ ကျွန်တော့်ပွဲက ဘဝကို ပို၍ဖွံ့ဖြိုးကြွယ်ဝစွာ နေထိုင်ဖြစ်အောင် ကြိုးစားအားထုတ်ရန် လှုံ့ဆော်သည့် နိုးကြားတက်ကြွရေး တရားပွဲ။ ကျွန်တော့် ဒေသနာကို မကြားနာရသေးမီပင် ထက်သန်တက်ကြွနေကြသည့် ပရိသတ်က ခန်းမကြီးတစ်ခုလုံး ပြည့်လျှံနေသည်။

အပိုင်း(၂) အား ဆက်လက်ဖတ်ရှုရန် >> အေမီဂရေဟမ် (Part 2 – The End)

ဆရာဖေမြင့်၏ နှလုံးသား အာဟာရ ရသစာများ ( ၂ ) စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts