အေမီဂရေဟမ်

အေမီဂရေဟမ် (Part 2 – The End)

ဟောပြောပွဲအစမှာပင် ပရိသတ်အား သူတို့ဘဝတစ်သက်သာလုံး အသုံးဝင်သွားမည့် ကုသရေးနည်းနာတစ်ရပ်ကို လက်တွေ့ သင်ကြားလိုပါသလားဟု ကျွန်တော် မေးကြည့်သည်။ တစ်ခန်းလုံးက လက်တွေ မိုးပေါ်ထောင်လာသည်။ အားလုံးတညီတညွတ်တည်း သိချင်ကြသည်ပဲ။

ကျွန်တော် ပရိသတ်အား မိမိတို့ လက်ဖဝါးနှစ်ဖက်ကို နာနာပွတ်ခိုင်းလိုက်သည်။ ပြီး လက်ဖဝါးနှစ်ခုကို နှစ်လက်မခန့်ခွာ၍ ယှဉ်ထားပြီး ဒီ လက်နှစ်ဖက်က ထွက်လာသည့် ကုသနိုင်မှု စွမ်းအားကို ခံစားကြည့်ခိုင်းသည်။ ထို့နောက် အနီးကပ် ထိုင်ကြသူ နှစ်ယောက် တစ်တွဲစီကို မိမိထံက ထွက်သည့် စွမ်းအင်နှင့် သူ့ထံက ထွက်လာသည့် စွမ်းအင်တွေ အပြန်အလှန် ခံစားစေသည်။ ပြီး “ခင်ဗျားတို့မှာ ကုသခံစရာ ရောဂါတစ်ခုခု ရှိတယ်ဆိုရင် ဒီမှာ တစ်ပါတည်း အကုသခံလိုက်ကြပါ” ဟု ကျွန်တော် ပြောလိုက်သည်။

ပရိသတ်အားလုံး တညီတညာထက်သန်တက်ကြွနေကြသည်။ ကျွန်တော်က ကုသနိုင်မှုစွမ်းအား ဟူသည် လူတိုင်းမှာ အနည်းနဲ့ အများ ပါရှိသည့် အကြောင်း၊ တစ်ရာမှာ ငါးယောက်မျှသော လူတို့တွင်ကား သူတို့ လက်များဆီက ထွက်သော စွမ်းအားသည် သိသိသာသာ များပြာလှသဖြင့် ယင်းကို အားကိုးပြုကာ ကုသရေးသမားများအဖြစ်ပင် အသက်မွေးဝမ်းကျောင်းပြုနိုင်ကြောင်း ရှင်းလင်းပြောပြသည်။ ထို့နောက်၊

“ဒီနေ့ မနက်ပိုင်းက ကျွန်တော် အေမီဂရေဟမ်ဆိုတဲ့ မိန်းကလေး တစ်ယောက်နဲ့ တွေ့ဆုံရပါတယ်၊ သူက အသက် ၁၇နှစ်ပဲရှိပါသေးတယ်။ သူ့ရဲ့ နောက်ဆုံး ဆန္ဒက ဒီဟောပြောပွဲကို တက်ရောက်သွားချင်တာပါတဲ့၊ သူ့ကို ကျွန်တော်အခု ဒီစင်ပေါ် ခေါ်ပါ့မယ် ခင်ဗျားတို့ အားလုံးက သူ့ကို ကုသနိုင်ဖို့ အတွက် ခင်ဗျားတို့ တစ်ဦးချင်းမှာရှိတဲ့ အသက်ရှင်မှုစွမ်းအားတွေ သူ့ဆီကို ဦးတည်ပြီး ပို့လွှတ်ပေးကြပါ၊ ဒီနည်းနဲ့ သူ့ကို ကျွန်တော်တို့ ကူညီကောင်းကူညီနိုင်လိမ့်မယ်၊ သူက မေတ္တာရပ်ခံတာတော့ မဟုတ်ပါဘူး၊ ကျွန်တော့်စိတ်ထဲမှာ အလိုအလျောက် ဖြစ်ပေါ်လာတဲ့ ဆန္ဒအရ ကျွန်တော် ဆောင်ရွက်ခြင်းပါ”

ပရိသတ်က “ကောင်းတယ်၊ လုပ်ပါ… လုပ်ပါ” ဟု ကြွေးကြော်ကြသည်။

အေမီ၏ဖခင်က အေမီအား စင်ပေါ်သို့ တွဲခေါ်လာသည်။ ကင်တာဆေးဝါးများ၏ ပြင်းထန်သော ဒဏ်ကိုခံရခြင်း၊ အိပ်ရာထဲ လှဲလျောင်းကာ ကြာရှည်ကြာမျောနေရခြင်းတို့ကြောင့် သူ့ခမျာ မစွမ်းမသန်သူလေးတစ်ယောက်လို ပျော့နွဲ့၍နေသည်။ ကျွန်တော်က ပရိသတ်အား လက်ဖဝါးတွေ နွေးထွေးသွားအောင် ပွတ်တိုက်ခိုင်းသည်။ ပြီးနောက် အေမီထံသို့ ကုသမှုစွမ်းအင်တွေ ပို့လွှတ်စေသည်။ ထိုနောက်တွင် တစ်ခန်းလုံး မတ်တတ်ရပ်ကာ အေမီအား ဂုဏ်ပြုဩဘာပေးကြသည်။ အေမီ့အပေါ် ကရုဏာသက်ခြင်း၊ သူ့အားတစ်စုံတစ်ရာ ကူညီရခြင်းအတွက် ပီတိဖြစ်ခြင်းတို့နှင့် လူစုလူဝေး၏ အရှိန်အဝါဖြင့် စိတ်လှုပ်ရှားခြင်းတို့ကြောင့် အားလုံးလိုပင် မျက်ရည်များ လည်နေသည်။

နောက်နှစ်ပတ်ခန့်အကြာတွင် ကျွန်တော့်ထံ အေမီဖုန်းဆက်သည်။ သူမ၏ ရောဂါလက္ခဏာတွေ လုံးဝ ကင်းစင်သွားပြီဟု ဆရာဝန်က ဆိုကြောင်း၊ ဆေးရုံက ဆင်းရပြီဖြစ်ကြောင်း ဝမ်းသာအားရ ပြောဆိုသည်။

နောက်နှစ်နှစ်အကြာမှာ သူတစ်ကြိမ်ဖုန်းဆက်ပြန်သည်။ ဒီတစ်ကြိမ်ကတော့ သူမ လက်ထပ်တော့မည်ဆိုသည့်အကြောင်း အသိပေးပြောကြားခြင်းဖြစ်သည်။

ဆရာဖေမြင့်၏ နှလုံးသား အာဟာရ ရသစာများ ( ၂ ) စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts