ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဓမ္မမှတ်စု (၃)

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဓမ္မမှတ်စု (၃)

ဥပေက္ခာပါရမီကို နားလည်အောင်သဘောပေါက်ဖို့လိုတယ်။ များသောအားဖြင့် အရပ်ထဲမှာပြောနေတဲ့ ဥပေက္ခာ ဆိုတာ မတည့်လို့ မခေါ်မပြောဘဲ ပစ်ထားတာကို ဥပေက္ခာလို့ ခေါ်နေကြတာ။ ဒီလို မဟုတ်ဘူး။ ဥပေက္ခာ ဆိုတာ အလွန်မွန်မြတ်တယ်။ ဘယ်လိုမွန်မြတ်တာလဲ။ ကြည့်လေ မေတ္တာနဲ့ကိုယ်က ကူညီတယ်။ အဲ့ဒီမေတ္တာနဲ့ကူညီထားတဲ့အပေါ်မှာ ဥပေက္ခာမထားနိုင်ရင် ဘာဖြစ်လဲ။

သူ့ဆီက တုံ့ပြန်လာတာကို ရချင်နေတယ်။ ကိုယ့်ကို ကျေးဇူးမတင်ဘူးဆိုရင် စိတ်ဆိုးတယ်။ လောကလူသားတွေရဲ့ ဖြစ်ပုံကြည့်။ ကိုယ်က ကူရတုန်းကတော့ မေတ္တာနဲ့ ကူလိုက်တာပဲ။ ဒါပေမယ့် ငါကတော့ကူလိုက်ရတာ၊ အသိအမှတ်တောင် ပြုဖော်မရဘူး။ ကျေးဇူးတင်ပါတယ် တောင်မရှိဘူး။ ကျေးဇူးကန်းလိုက်တာဆိုပြီး အပြစ်တင်တယ်။ အဲ့ဒါ ဘာဖြစ်လို့လဲဆိုတော့ ဥပေက္ခာမရှိလို့။ လောကလူသားတွေက တစ်ခုခုကူညီပြီးရင်လည်း မျှော်လင့်ပြီးတော့ နေတတ်တယ်။ ငါက ကူညီထားတာ၊ ငါ့အခက်အခဲတွေ့ရင် တုံ့ပြန်ကူညီရမယ်ဆိုပြီး။ အဲ့ဒါဟာ အရောင်းအဝယ်သဘောပဲနော်။ ကိုယ့်ရဲ့ ကူညီမှုဟာ မသန့်စင်ဘူး။ နဂိုတည်းက မသန့်စင်ဘူး။ ဘာဖြစ်လို့လဲ။ မျှော်လင့်ချက်နဲ့ လုပ်တာလေ။ အဲ့ဒီလို မဖြစ်စေရဘူးတဲ့။

မေတ္တာနဲ့ လုပ်ပေးပြီးတဲ့အခါမှာ ဥပေက္ခာစိတ်ဓာတ်နဲ့ သူ့ဆီက ဘာမှ မမျှော်လင့်တာဟာ “ဥပေက္ခာ” ဒီလိုဆိုလိုတာနော်။

မမျှော်လင့်ရဘူး။ အဲ့လို မျှော်လင့်လို့ရှိရင် ငါက သူ့အလှူတုန်းက ငါဘယ်လောက်ကူထားတယ်။ ငါ့ အလှူကျတော့ မလာဘူး (သို့မဟုတ်) နည်းတယ်ဆိုရင် ဒါဥပေက္ခာမထားနိုင်တဲ့ သဘောဖြစ်တယ်။ ကိုယ်လှူတာ ကိုယ့်အလှူပဲလေ။ ကြည့်စရာမလိုဘူး မလား။ အဲ့လို ကြည့်လိုက်တယ်ဆိုကတည်းက ကိုယ့်ဘက်က သေးသိမ်သွားပြီ။ ဒါသတိထား ဖို့လိုတယ်။ မြန်မာပြည်မှာ ဖြစ်နေတာတွေက အဲ့လိုမျိုးတွေများတယ်။

တခြားကိစ္စတွေလည်း ဒီလိုပဲ။ သူကူညီတာ၊ မကူညီတာ ငါနဲ့မဆိုင်ဘူး။ ဥပေက္ခာထားနိုင်ရမယ်။ ငါကူညီလို့ သူက ကူညီရမှာ။ ဒီလိုမဟုတ်ဘူး။ သူကူညီချင်မှကူ၊ ဒါသူ့အပိုင်း၊ ငါ့အပိုင်းမဟုတ်ဘူးလို့ ယတိပြတ်ထားနိုင်မှ ဥပေက္ခာဖြစ်တယ်။ အဲ့ဒီ ဥပေက္ခာဟာ အထင်မသေးလေနဲ့ ပါရမီနော်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အလောင်း ပါရမီဖြည့်ပြီးတော့ကို လေ့ကျင့်ယူရတာ။ လွယ်လွယ်နဲ့ မရဘူးတဲ့။ ဒါမြင့်မြတ်တဲ့စိတ်ဓာတ်လို့ ခေါ်တယ်နော်။ အဲ့ဒီလိုမဟုတ်ရင် ကိုယ်လုပ်သမျှ အလုပ်တွေဟာ သဲထဲရေသွန် ပစ်လိုက်တာနဲ့အတူတူပဲ။

ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေကို ပြန်ပြီးတော့ဖျက်တာနဲ့ အတူတူပဲ။ အဲ့ဒါကိုပြောမယ်ဆိုရင် လက်နဲ့ရေး ခြေနဲ့ဖျက် ဆိုတဲ့ ပုံစံမျိုးဖြစ်တယ်ပေါ့။ ဥပေက္ခာမထားနိုင်ဘူး ဆိုလို့ရှိရင် လက်နဲ့ရေးတာကို ခြေနဲ့ဖျက်တဲ့သဘော ဖြစ်သွားတယ်။ ဒါကို မြင့်မြတ်တဲ့စိတ်ဓာတ်လို့ အခြေခံအားဖြင့် နားလည်ထားဖို့လိုအပ်တယ်။ အဲ့လိုမျိုး မြင့်မြတ်တဲ့စိတ်ဓာတ်ကိုပဲ လူ့စိတ်လို့ သတ်မှတ်တယ်။ ငါတို့မှာ လူ့စိတ်အပြည့်အဝရှိစေရမယ်။ ကိုယ့် ကိုယ်ကို ကျင့်ကြံကျိုးကုတ် အားထုတ်ဖို့လိုတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ လူ့စိတ်ကင်းမဲ့သော လူ တရားတော် မှ ထုတ်နုတ်တင်ပြခြင်း ဖြစ်ပါသည်။

OpenMoreOnline

ဘဝနေနည်

Related Posts