ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဓမ္မမှတ်စု (၄)

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဓမ္မမှတ်စု (၄)

မေတ္တာကို မြတ်စွာဘုရားက ကာယကံ မေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာဆိုပြီး (၃)မျိုး ခွဲပြထားတယ်။

မနောကံမေတ္တာ က စပြောမယ်။ “အားလုံးအဆင်ပြေကြပါစေ၊ ချမ်းသာကြပါစေ၊ ပျော်ရွှင်ကြပါစေ၊ အခက်အခဲမရှိကြပါစေနဲ့” လို့ အကျိုးစီးပွားကို လိုလားတဲ့ စိတ်နေသဘောထားလေးကို မနောကံမေတ္တာလို့ခေါ်တယ်။ အဲဒီ မနောကံမေတ္တာကို အားလုံးအပေါ်မှာ ဖြန့်ကျက်ပြီး သမာဓိစွမ်းအားတွေနဲ့ တွဲဖက်ထားလိုက်ရင် ဈာန်တောင်ရမယ်။ မြတ်စွာဘုရားက ဒီမေတ္တာဈာန်ကုသိုလ်ရဲ့ စွမ်းအားနဲ့ လူ့ဘဝကုန်ဆုံးတဲ့အခါမှာ နောက်ဘဝမှာ ဗြဟ္မာဘုံရောက်နိုင်တယ်လို့ စွမ်းအားရှိတဲ့ကုသိုလ်တစ်ခုအနေနဲ့ ဟောတော်မူတယ်။

မနောကံမေတ္တာရှိသလို ဝစီကံမေတ္တာဆိုတာလည်း ရှိတယ်။ တစ်ဦးနဲ့တစ်ဦး ကောင်းကျိုးချမ်းသာရစေနိုင်တဲ့ စကားတွေကိုပြောတယ်၊ အကြံကောင်းတွေ ပေးတယ်၊ သတိပေးတယ်။ ဒီလို တစ်ဦးနဲ့တစ်ဦး နှုတ်၏စောင်မခြင်း မေတ္တာအရင်းခံတဲ့ အပြောအဆိုများနဲ့ ပြောဆိုကူညီပေးခြင်း၊ ဒါလည်း လောကမှာ အင်မတန်မှ အရေးကြီးတယ်။ မိဘတွေက သားသမီးတွေကို “ဘယ်လိုမနေနဲ့၊ ဘယ်လိုမထိုင်နဲ့၊ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး” စသည်ဖြင့် ကိုယ့်သားသမီးကို အရိပ်တကြည့်ကြည့် ပြောဆိုဆုံးမပေးသလိုပဲ ကိုယ့်ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေကိုလည်းပဲ ကောင်းတဲ့အကြံဉာဏ်လေးတွေပေးပြီး ပြောဆိုတာကို ဝစီကံမေတ္တာလို့ ခေါ်တယ်။

နောက်တစ်ခါ ကာယကံမေတ္တာ လို့ ဆိုတယ်။ တစ်စုံတစ်ခု ကိုယ့်ရှေ့မှာ၊ ဆိုပါစို့ လူတစ်ယောက်ဟာ ကိုယ့်ရှေ့မှာ အရေးကြီးတဲ့ ပိုက်ဆံအိတ်ကလေးတို့၊ တယ်လီဖုန်းတို့ မေ့ကျန်ရစ်ခဲ့တယ်ဆိုရင် သိမ်းပေးထားတယ်၊ အကြောင်းကြားပေးတယ်၊ မပျောက်မပျက်အောင် လုပ်ပေးထားတယ်။ ဒါက ကာယကံမေတ္တာလို့ခေါ်တယ်။ သွားတဲ့လာတဲ့ လမ်းတွေမှာ ခလုတ်မထိ၊ ဆူးမငြိအောင် သူများမမြင်တာတွေကို ဖယ်ရှားပေးတယ်၊ ကိုယ်အရင်တွေ့ရင် ကိုယ်ဖယ်ရှားပေးလိုက်တယ်။ ဆိုလိုတာက “ဘယ်သူမှ ဒုက္ခမရောက်အောင် ကိုယ်မြင်တဲ့အခါမှာ ဆောင်ရွက်လုပ်ကိုင်ပေးသွားတာလေးတွေ” ဒါကို ကာယကံမေတ္တာလို့ ခေါ်တာ။

လူသားတိုင်း လူသားတိုင်းမှာ မနောကံမေတ္တာရှိဖို့လိုသလို ဝစီကံမေတ္တာလည်းရှိဖို့လိုတယ်။ ကာယကံမေတ္တာလည်း ရှိဖို့လိုတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ၏ ပါချုပ်ဆရာတော်ကြီး၏ တရားမှတ်စု (FB Page) မှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။

OpenMoreOnline

ဘဝနေနည်

Related Posts