စကားတွေမှာ အစွမ်းရှိတယ်

ပြောလိုက်တဲ့စကား၊ ကြားရတဲ့စကား ဘယ်စကားပဲဖြစ်ဖြစ် အစွမ်းသတ္တိတွေ ရှိတယ်။ 

ရှိတာမှ ကြီးကြီးမားမားကို ရှိနေတယ်။ ကောင်းမြတ်တဲ့ စကားတစ်ခွန်းဟာ ကောင်းမြတ်တဲ့ဘက်မှာ ဘာကိုမဆို ဖြစ်စေနိုင်တယ်။

“ငါ ရပ်နေတယ်၊ သင်သာ မရပ်တာ”ဆိုတဲ့ မြတ်ဘုရားရဲ့ စကားတစ်ခွန်းကြောင့် အင်္ဂုလိမာလဟာ လူဆိုးကြီးဘဝကနေ သူတော်ကောင်းဘဝကို ရောက် ခဲ့တယ်။

“သူတစ်ပါးကို ရှာတာနဲ့ ကိုယ့်ကိုယ်ကို ရှာတာ ဘယ်ဟာက မြတ်လဲ” ဆိုတဲ့ မြတ်ဘုရားရဲ့ အမေးစကား တစ်ခွန်းကြောင့် ဘဒ္ဒဝဂ္ဂီ နောင်ညီသုံးကျိပ်တို့ဟာ အရူးအမူးဘဝကနေ ရဟန်းမြတ်တွေ ဖြစ်သွားခဲ့ကြတယ်။ 

လောကီဘက်က ကြည့်ရင်လည်း “နှုတ်ချို လျှိုတစ်ပါး”၊ “နှုတ်ကောင်းတော့ ပြည်စိုး”၊ “ရုပ်ချော နှင့် အပြောကောင်းတွင် အပြောကောင်းကို ပိုချစ်ကြသည်” စသဖြင့် စကားကောင်းတို့ရဲ့ အစွမ်းကို ဖော်ကျူးထားတာလည်း ရှိပါတယ်။

စကားတွေဟာ ကောင်းတဲ့ဘက်မှာသာ စွမ်းတာ မဟုတ်ပါဘူး။ ဆိုးတဲ့ဘက်မှာလည်း အလွန်အစွမ်းထက်ပါတယ်။ ဆိုးဝါးတဲ့ စကားတစ်ခွန်း ကြောင့် ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်တယ်။

“နှုတ်ကြောင့် သေ၊ လက်ကြောင့် ကြေ” ဆိုတဲ့အတိုင်း စကားတစ်ခွန်းကြောင့် အသက် ဆုံးရှုံးရတာ တွေ၊ ရာဇဝတ်မှုတွေ ဖြစ်ပြီး အချုပ်ထဲ ထောင်ထဲရောက်သွားကြတာတွေ အများကြီး ရှိပါတယ်။ အဆိုးဆုံးကတော့ မှားယွင်းတဲ့ စကားတွေကြောင့် အယူအဆတွေမှားပြီး မိစ္ဆာဒိဋ္ဌိ ဖြစ်သွားနိုင်တဲ့ အဖြစ်ပါပဲ။

အပေါ်ယံကြည့်ရင်လည်း “ပြောမိတဲ့ စကားတစ်ခွန်း”ကြောင့် နောင်တနှင့် ပူလောင်ဆင်းရဲရတာတွေ၊ အကျယ်အကျယ် မငြိမ်းဖွယ်တွေဖြစ်ပြီး ရှုပ်ထွေးမှုတွေဖြစ်လာလို့ ဖြေရှင်းရတာတွေ ရှိပါတယ်။

“ကြားရတဲ့ စကားတစ်ခွန်းကြောင့် စိတ်ဆင်းရဲရတာတွေ၊ စိတ်ညစ်ရတာတွေ၊ ငြင်းခုံရတာတွေ၊ ခိုက်ရန်ဒေါသ ဖြစ်ရတာတွေလည်း ရှိပါတယ်။ 

ဒါကြောင့်လည်း စကားနှင့်ပတ်သက်ပြီး အတွေ့အကြုံ ရှိကြတဲ့ လူကြီးသူမတွေက “မုန်းစေလို ခံတွင်းလက်လေးသစ်၊ ချစ်စေလို ခံတွင်းလက်လေးသစ်” “ကြမ်းကျွံရင် နှုတ်လို့ရတယ်၊ စကားကျွံရင် နှုတ်လို့ မရဘူး”စသဖြင့် အဖိုးတန် ဆိုရိုးစကားတွေနှင့် စကားကို သတိကြီးစွာထားပြီး ပြောကြဆိုကြဖို့ တိုက်တွန်းကြတာပေါ့။

အရှင်ဥတ္တမ (သစ္စာရွှေစည် ဆရာတော်) “ စကားတို့၏အစွမ်း ” စာအုပ်၏ အစွမ်းထက်သောစကားများ မှ ကောက်နုတ် ရေးသားတင်ပြထားပါသည်။

ဘဝနေနည်း

သုတ

Related Posts