လူချမ်းသာနှင့်လူဆင်းရဲ အဖေနှစ်ယောက်

လူချမ်းသာနှင့်လူဆင်းရဲ အဖေနှစ်ယောက် (Part 5)

တစ်ယူသန်အဖေနှစ်ယောက်ရဲ့ အဆိုအမိန့်တွေက နှစ်ဦးသား အမြင်အတွေး၊ အယူအဆ မတူကြတဲ့အလျောက် သူတို့ဘဝတွေကိုလည်း ခြားနားစေခဲ့တယ်ဆိုတာ မျက်ဝါးထင်ထင်လေ့လာဖို့ အခွင့်ကောင်းကို ရရှိစေခဲ့ပါတယ်။ ဥပမာအနေနဲ့ ဆင်းရဲဖေဖေက အမြဲပြောလေ့ရှိတယ်လေ။ “ငါ ဘယ်တော့မှ ချမ်းသာမှာ မဟုတ်ပါဘူး” တဲ့။ အဲသလို သူ့ကိုယ်သူ ဟောကိန်းထုတ်ခဲ့တဲ့အတိုင်းလည်း တကယ်ဖြစ်လာခဲ့တာကလား။

တစ်ဘက်က ချမ်းသာဖေဖေကတော့ သူ့ကိုယ်သူ သူဌေးလို့ အမြဲပဲ မှတ်ယူဖော်ညွှန်းနေကျ။ အကြောင်းဆိုက်လာပြီဆိုတိုင်း “ငါက သူဌေးကွ။ သူဌေးတွေဟာ ဒီလို ဘယ်တော့မှ မလုပ်ဘူး”လို့ ပြောစမြဲ။

တိုင်းပြည်နှင့်ချီပြီး စီးပွားရေးကျဆင်းလို့ လုပ်ငန်းတွေ ပျက်ကုန်ရတဲ့အချိန်မှာတောင် သူက သူဌေးအဖြစ်က တစ်ပြားသားမှ မလျှော့ဘူးလေ။ သူ့ကိုယ်သူ သူဌေးလို့ လက်မထောင်ရင်းကပဲ… “မွဲသွားတာနှင့် စီးပွားပျက်တာ တခြားစီပဲကွ။ စီးပွားပျက်တယ်ဆိုတာက ယာယီပဲ။ ဆင်းရဲမွဲတေသွားတာကသာ ထာဝရ”

ဆင်းရဲဖေဖေရဲ့ လက်သုံးစကားတစ်ခွန်းရှိပါတယ်။ “ငါက ငွေကို စိတ်မဝင်စားဘူးကွ” တဲ့။ တစ်ခါတစ်ရံလည်း “ငွေက အရေးမကြီးပါဘူးကွာ” တဲ့။ သူဌေးဖေဖေကတော့ “ငွေဟာ တန်ခိုးစွမ်းအားပဲကွ”လို့ ပြောနေကျ။

ဒီတော့ စိတ်ကူးဉာဏ်တွေ၊ အတွေးအခေါ်တွေရဲ့ စွမ်းအားကို တိုင်းတာခန့်မှန်းလို့၊ တန်ဖိုးဖြတ်လို့ ဘယ်တော့မှ ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ချာတိတ်တစ်ယောက်သာဖြစ်တဲ့ ကျွန်တော့်အဖို့ ကိုယ်စိတ်ကူးဉာဏ်တွေကို ဂရုစိုက်အရေးထားပြီး ကိုယ့်ကိုကိုယ် ပုံဖော်ဖို့ လိုအပ်တယ်ဆိုတာ အတိအလင်း သိလာရပါတယ်။ ဆင်းရဲဖေဖေ ဆင်းရဲရတာဟာ သူရတဲ့ ငွေကြေးပမာဏအပေါ် မူမတည်ဘဲ၊ သူ့အတွေးနှင့် သူ့လုပ်ရပ်တွေကြောင့်သာ ဖြစ်တယ်ဆိုတာ ထင်ထင်ရှားရှား သတိပြုမိခဲ့ပါပြီ။

လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော့် ဘဝကို တည်ဆောက်ရာမှာ ဘယ်ပုံစံကို အတုယူပြီး၊ ဘယ်အတွေးတွေကို ဦးစားပေးရမယ်ဆိုတာ ပြတ်ပြတ်သားသားရွေးရပါတော့မယ်။

အဖေနှစ်ယောက်လုံးက ပညာရေးနှင့် သင်ယူရေးအပေါ် အလွန့်အလွန် ထူးထူးကဲကဲကြီး အလေးပေးကြပေမယ့် ဘယ်ပညာကို သင်ဖို့ အရေးကြီးတယ်လို့ ဆိုရာမှာတော့ သဘောချင်း မတိုက်ဆိုင်ကြတော့ပါဘူး။ တစ်ယောက်က ကျွန်တော့်ကို ကြိုးစားပြီး စာသင်၊ ဘွဲ့ရအောင်လုပ်ဖို့ အလုပ်ကောင်းတစ်ခုရှာစေချင်တယ်။ သူက ကျွန်တော့်ကို ပညာရှင် တစ်ယောက်၊ ရှေ့နေကျော်တစ်ယောက်၊ ဒါမှမဟုတ် စီးပွားရေးတက္ကသိုလ်သွားပြီး စီးပွားရေးခန့်ခွဲမှု (အမ် ဘီ အေ)ဘွဲ့ရတစ်ဦး ဖြစ်စေချင်တယ်။

နောက်တစ်ယောက်ကတော့ ချမ်းသာဖို့၊ ငွေအလုပ်လုပ်ပုံတွေနှင့် ငွေကို ခိုင်းစားတဲ့ ပညာတွေ အတတ်သင်ဖို့ တိုက်တွန်းနေတယ်။ ကျွန်တော်ဟာ ကိုးနှစ်သားအရွယ်မှာတင် သူဌေးဖေဖေစကားကို နားထောင်လိုက်ပြီး၊ သူ့ဆီက ငွေအ‌ကြောင်းတွေ သင်ကြားဖို့ ဆုံးဖြတ်လိုက်မိပါတော့တယ်။

ဆုံးဖြတ်ချက် ချပြီးတာနဲ့တစ်ပြိုင်နက် တက္ကသိုလ်ပေါင်းစုံက ဘွဲ့တွေ တစ်လှေကြီးရထားတဲ့ ဆင်းရဲဖေဖေရဲ့ စကားကို နားထောင်လို့ မဖြစ်တော့ဘူးလို့ နားလည်လိုက်ရပါတယ်။ ပြီးတော့ ဒီလိုဆုံးဖြတ်လိုက်တာဟာ အားလုံးကို ပြောင်းလဲခြားနားအောင် လုပ်ပစ်လိုက်တာပါပဲ။ တကယ့် အဓိပတိ ပညာတတ်ကြီးဖြစ်တဲ့ အဖေ့စကားကို ပစ်ပယ်ပြီး ငွေနောက်လိုက်ရတော့မယ်ဆိုတာရင်နာစရာတော့ အကောင်းသား။ စင်စစ်မှာလည်း ကျွန်တော် မချိမဆံ့ ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ကတော့ ကျွန်တော့်ဘဝကို မြှင့်တင်ပေးခဲ့တာလည်းအမှန်ပါပဲ။

ကျွန်တော့်သူဌေးဖေဖေဟာ ကျွန်တော့်ကို အနှစ်သုံးဆယ်ကျော်ကျော် (ကျွန်တော်အသက် ၃၉နှစ်ရောက်တဲ့အထိ) သင်ကြားပေးခဲ့ပါတယ်။

တစ်ခါတစ်ခါ ခပ်ထိုင်းထိုင်းဦးနှောက်ထဲကို ခပ်ပြင်းပြင်းလေး ရိုက်သွင်းပေးရာက ကျွန်တော် အတော်လေး ပညာပြည့်ပြီထင်မှ သူက ပညာပေးမှု ရပ်နားလိုက်တာပါ။

ငွေဟာ တန်ခိုးအာဏာရဲ့ ပုံစံတစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမယ့် ငွေကြေးဆိုင်ရာပညာက ပိုပြီး တန်ခိုးစွမ်းအားကြီးပါတယ်။ ငွေဆိုတာ ဝင်လိုက်ထွက်လိုက်ပဲ မဟုတ်လား။ အဲ… ငွေက ဘယ်လိုလှုပ်ရှားလုပ်ကိုင်သွားတယ်ဆိုတဲ့ ပညာကို လက်ကိုင်ရထားရင်တော့၊ ငွေကိုဩဇာပေးနိုင်တဲ့ တန်ခိုးအာဏာတွေ ရှိသွားတာနှင့်အမျှ ကြွယ်ဝချမ်းသာမှုကို တည်ဆောက်ဖို့  အစပျိုးနိုင်ပါပြီလေ။

အကောင်းမြင်အတွေးတစ်မျိုးတည်းကို ကိုင်စွဲထားတာဟာ အလုပ်မဖြစ်ပါဘူး။

ကြည့်လေ။ လူအများစုဟာ ကျောင်းသွားကြပေမယ့် ငွေဘယ်လို အလုပ်လုပ်လဲဆိုတာတွေ မသင်ရတော့ ၊ သူတို့ဟာ ငွေကျွန်ဘဝပဲ ရောက်သွားကြရတော့တာကလား။ ကျွန်တော် ‘ငွေပညာ’ စသင်ချိန်မှာ ကိုးနှစ်အရွယ်သာရှိသေးလို့ သူဌေးဖေဖေသင်ပေးတဲ့ သင်ခန်းစာတွေဟာ မိတ်ဆက်နိဒါန်းလောက်သာရှိပြီး လွယ်လည်းလွယ်ပါတယ်။ သူ့သင်ခန်းစာတွေက အဖြေပေးဖို့မဟုတ်ဘဲ၊ လမ်းညွှန်မှတ်တိုင်တွေသာ ဖြစ်ခဲ့ပါတယ်။ အဲဒီ လမ်းညွှန်မှတ်တိုင်တွေဟာ ကမ္ဘာကြီး ကျွမ်းထိုးမှောက်ခုံ ဘာတွေပဲဖြစ်နေဖြစ်နေ ချမ်းသာကြွယ်ဝမှု တိုးပွားကြီးထွားအောင် ကူညီပေးပါလိမ့်မယ်။

ဆက်လက်ဖတ်ရှုရန် >> သူဌေးဟာ ငွေအတွက်မလုပ်ပါ (Part 1)

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts