သူဌေးဟာ ငွေအတွက် မလုပ်ပါ

သူဌေးဟာ ငွေအတွက် မလုပ်ပါ

“ဖေဖေ ချမ်းသာအောင် ဘယ်လိုလုပ်ရမလဲ ဟင်”

ကျွန်တော့်အဖေက ညနေသတင်းစာကို ဖတ်ရာကချလိုက်ပြီး… “ဘာလို့ ချမ်းသာချင်ရတာလဲ ငါ့သား”

“ဘာကြောင့်လဲဆိုတော့ ဒီနေ့ ဂျင်မီ့အမေက ကာဒီလက်ကားသစ်ကြီး မောင်းလာပြီး ပင်လယ်ကမ်းခြေက သူတို့ အပန်းဖြေအိမ်ကို ကျောင်းပိတ်ရက်သွားနေဖို့ လာခေါ်သွားတယ်။ ကျွန်တော်နှင့် မိုက်ကိုတော့ မခေါ်ဘူး။ သူတို့က ကျွန်တော်တို့ဟာ ဆင်းရဲသားလေးတွေမို့ မခေါ်တာလို့လည်း ပြောသွားသေးတယ်။”

 “သူတို့က အဲဒီအတိုင်းပဲ ပြောသလား” ဖေဖေက မယုံနိုင်သလို ပြန်မေးတယ်။

“ဟုတ်တယ်။ အဲဒီအတိုင်းပဲ သူတို့ပြောတာ” ကျွန်တော်က နာကြည်းသံဖြင့် ပြန်ဖြေလိုက်မိပါတယ်။

ဖေဖေက ဘာစကားမှမပြောဘဲ ခေါင်းခါလိုက်ရာက မျက်မှန်ကို နှာရိုးပေါ်ပင့်တင်ပြီး သူ့သတင်းစာသူပြန်ဖတ်နေပါတယ်။ ကျွန်တော်ကတော့ သူ့အဖြေကို ရပ်စောင့်နေမိတုန်း။

ထိုအချိန်မှာ ၁၉၅၆ ခုနှစ် ဖြစ်ပါတယ်။ ကျွန်တော့်အသက်က ကိုးနှစ်သာရှိပါသေးတယ်။ ကံကြမ္မာ၏ လှည့်စားမှုအရ သူဌေးသားသမီးတွေနှင့် တစ်ကျောင်းတည်းနေနေရတာပါ။ ကျွန်တော်တို့မြို့ကလေးဟာ ကြံကို အခြေခံအဓိကထားပြီး စိုက်ပျိုးကြတဲ့မြို့။ စိုက်ခင်းမန်နေဂျာများ၊ ဆရာဝန်များ၊ ဘဏ်သူဌေးများ၊ လုပ်ငန်းရှင်များစတဲ့ မြို့မျက်နှာဖုံးများက သူတို့သားသမီးတွေကို ကျွန်တော်နေတဲ့ကျောင်းမှာ တစ်တန်းမှ ခြောက်တန်းထိ ထားကြပါတယ်။ ခြောက်တန်းအောင်မှ ပုဂ္ဂလိကကျောင်းမှားသို့ လွှတ်လေ့ရှိလေရဲ့။ ကျွန်တော်က အဲဒီကျောင်းနှင့် မျက်နှာချင်းဆိုင်လမ်းတစ်ဘက်မှ နေတာမို့လို့သာ တက်ခွင့်ရတယ် ဆိုရမှာပါ။ တခြားလမ်းတွေမှာသာနေရင်တော့ ဘဝတူ မရှိမရှားမိသားစုတွေက ကလေးတွေပဲ ကျွန်တော်လည်း အလတ်စားကျောင်းမှာ သွားနေရမှာပါပဲ။

နောက်ဆုံး ကျွန်တော့်အဖေက သတင်းစာကို မျက်နှာက ခွာလိုက်ပါတယ်။ စောစောက အချိန်ယူပြီး သူတွေးနေတာ သေချာပါတယ်။ သူက စကားကို တစ်လုံးချင်း ပြောပါတယ်။

“ကောင်းပြီ သား။ မင်းချမ်းသာချင်ရင် ငွေ ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေတော့”

“ကျွန်တော် ငွေ ဘယ်လိုလုပ်ရမလဲ ဖေဖေ” ကျွန်တော်က ပြန်မေးလိုက်တော့ သူက ပြုံးရင်းက…

“ဒါတော့ မင်းဦးနှောက် မင်း သုံးရမှာပေါ့ သားရယ်…” တဲ့။ သူ့စကားက… “ငါပြောနိုင်တာ ဒီလောက်ပဲ” ဒါမှမဟုတ်။ “ငါတော့ အဖြေမသိဘူး။ မင်း ငါ့ကို အနှောင့်အယှက် မပေးပါနဲ့တော့” လို့ ဆိုချင်တဲ့ အဓိပ္ပါယ်ပါပဲ။

ဆက်လက်ဖတ်ရှုရန် >> သူဌေးဟာ ငွေအတွက်မလုပ်ပါ (Part 2) | သူငယ်ချင်းနှစ်ယောက် အစုစပ်လုပ်ငန်း

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts