လူချမ်းသာနှင့်လူဆင်းရဲ အဖေနှစ်ယောက်

လူချမ်းသာနှင့်လူဆင်းရဲ အဖေနှစ်ယောက် (Part 4)

ကျွန်တော့် အဖေနှစ်ယောက်ရဲ့ စိတ်ဓာတ်၊ သဘောထား၊ ဝါဒတွေကလည်း ပြဒါးတစ်လမ်း သံတစ်လမ်းဆိုသလို တစ်ယောက်နှင့်တစ်ယောက် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလေရဲ့။

တစ်ယောက်က အကြံပြုတယ်။ “စာကြိုးစားကွ။ ဒါမှ ကုမ္ပဏီကောင်းကောင်းတစ်ခုမှာ မင်း ‘ဝင်လုပ်’နိုင်မှာ” တဲ့။

တစ်ယောက်က “စာကြိုးစားကွ။ ဒါမှ ကုမ္ပဏီကောင်းကောင်းတစ်ခုကို ‘ဝယ်’နိုင်မှာ”။

တစ်ယောက်က “ငွေရေးကြေးရေး စီးပွားရေးကိစ္စတွေကို စားရင်းသောက်ရင်း မပြောနဲ့” လို့ တားမြစ်ထားတယ်။

တစ်ယောက်က လုပ်ငန်းကိစ္စနဲ့ ငွေအကြောင်း ညစာစားဝိုင်းမှာ ပြောတာကို အားပေးတယ်။

တစ်ယောက်က “ငွေနဲ့ပတ်သက်လာရင် ကျစ်နေအောင် ဆုပ်ထား။ ပိုင်အောင်လုပ်။ အရဲစွန့်ရတာမျိုး မလုပ်နဲ့” လို့ ပြောတယ်။

နောက်တစ်ယောက်က “ငွေကိစ္စနှင့် စွန့်စားရတာတွေကို နိုင်နိုင်နင်းနင်းဖြစ်အောင် လေ့လာသင်ယူ”တဲ့။

တစ်ယောက်က ခုလို ယုံကြည်တယ်။ “တို့ရဲ့ အိမ်ဟာ တို့ရဲ့ အကြီးမားဆုံး ရင်းနှီးမြုပ်နှံမှုဖြစ်သလို၊ ဧရာမပိုင်ဆိုင်မှုကြီးပဲ” တဲ့။

နောက်တစ်ယောက် ယုံကြည်တာကတော့ “အိမ်ဆိုတာက ထိုက်သင့်သလောက်သာ လိုအပ်ပြီး မင်းအိမ်မှာ မင်းရဲ့ အကြီးမားဆုံးရင်းနှီးမြုပ်နှံမှု လုပ်လိုက်တာနဲ့ ဒုက္ခရောက်ပြီသာမှတ်ပေတော့” တဲ့။

အဖေတစ်ယောက်က သူနှင့် သူ့လိုအပ်ချက်တွေကို ကုမ္ပဏီတစ်ခုက ဒါမှမဟုတ် အစိုးရက တာဝန်ယူစောင့်ရှောက်လိမ့်မယ်လို့ ယုံစားတယ်။ သူက သူ့လခတိုးရေး၊ အငြိမ်းစားယူရေး၊ ဆေးကုသရေး၊ ဆေးခွင့်နှင့် အားလပ်ခွင့် ရရှိရေး၊ ဟိုအရေး ဒီအရေး အားလုံးကို အစိုးရအပေါ်ပဲ မျက်နှာလွှဲ ပုံအပ်ထားလေရဲ့။

သူအမှုထမ်းသက်တစ်လျှောက်လုံး တက္ကသိုလ်ဌာနဆိုင်ရာက တာဝန်ယူခဲ့တာကိုပဲ တသသနှင့် အားရပီတိဖြစ်လို့ကို မဆုံးတော့ပါဘူး။ သူ့အလုပ်က တစ်သက်စာ ဘဝလုံခြုံမှုအတွက် ကာကွယ်စောင့်ရှောက်ပေးခဲ့တာနှင့် အလုပ်ထက် ပိုအရေးပါတယ်လို့ ယူဆခဲ့တယ်။

သူမကြာမကြာပြောလေ့ရှိတာကတော့… “ငါက အစိုးရအတွက် အရိုးကြေကြေအရည်ခန်းခန်း အမှုတော်ထမ်းခဲ့လို့ ဒီခံစားခွင့်တွေနှင့် ပြန်ပြီး ဂုဏ်ပြုချီးမြှင့် ခံရတာပေါ့…” တဲ့။

နောက်အဖေတစ်ယောက်ကတော့ ကိုယ့်အစွမ်းအစနှင့် ငွေတွေတစ်လုံးတစ်ခဲကြီးရတာကိုပဲ အလေးထားတယ်။ ‘ဂုဏ်ပြုတယ်’ဆိုတာကို စိတ်ဓာတ်အရ ဆန့်ကျင်ကြောင်း ဖွင့်ပြောရုံမက၊ ငွေလိုနေတဲ့ လူတွေကို ပိုအားငယ်သွားအောင်သာ ဖန်တီးသလိုဖြစ်တဲ့အကြောင်း ထောက်ပြတယ်။

အဖေတစ်ယောက်က ဒေါ်လာအနည်းငယ်ကို ခြစ်ခြစ်ကုပ်ကုပ်စုဖို့ ရုန်းကန်ကြိုးစားနေရတယ်။ နောက်တစ်ယောက်ကတော့ ရင်းနှီးမြုပ်နှံမှုတွေ အသာလေးလုပ်နေတယ်။ အဖေတစ်ယောက်က အလုပ်ကောင်းရဖို့ ကိုယ်ရေးရာဇဝင်အကျဉ်း ရေးပုံရေးနည်းကို ပိုင်နေအောင် သင်ပေးတယ်။ နောက်အဖေက ခိုင်မာတဲ့ လုပ်ငန်းတွေနှင့် ငွေကြေးစီးပွားရေးစီမံချက်တွေ ဘယ်လိုရေးရမယ်ဆိုတာ သင်ပေးတယ်။ “ဒါမှ ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်နိုင်မှာပေါ့” တဲ့။

အပိုင်း(၅) အား ဆက်လက်ဖတ်ရှုရန် >> လူချမ်းသာနှင့်လူဆင်းရဲ အဖေနှစ်ယောက် (Part 5)

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts