စိတ်ဘေးအန္တရာယ်

စိတ်ဘေးအန္တရာယ် (Part 1)

ကျွန်မတို့လူတွေက… ဘေးအန္တရာယ်ဖြစ်မှာ…ကျရောက်မှာကို သိပ်ကို ကြောက်ကြတယ်…။ ရာသီဥတုဘေး အန္တရာယ်…၊ ကပ်ရောဂါဘေး…၊ ရန်သူမျိုးငါးပါးဘေး… စသည်ဖြင့်…ဘေးဖြစ်မှာ…ဘေးတွေ့မှာကို ကြောက်တတ်ကြတယ်…။ လူကြီးတွေ ဆုပေးရင်တောင် ဘေးရောဂါ အန္တရာယ်အပေါင်းတို့မှာ…ကင်းစင်ပ၍ ဆိုတာမျိုး…ဆုပေးတတ်ကြတယ်…။

တစ်ခါ Pilot ဆရာတော်ကို ဖူးရတော့ ဆရာတော်က လူတွေရဲ့ အတွင်းစိတ်မှာဖြစ်နေတဲ့ ဘေး ၄မျိုး ရှိတယ်လို့ ဟောသွားတာကို နာလိုက်ရဖူးပါတယ်။ စိတ်ကလည်း ဘေးတွေ့နိုင်တာပါပဲလားလို့… သတိထားလိုက်မိတာပါပဲ…။ စိတ်က တွေ့တဲ့ ဘေး ၄မျိုးဆိုတာ… သတိမထားမိဘဲ ဖြစ်နေတတ်တာမျိုးပါပဲ…။ လူတွေဟာ ကိုယ့်စိတ်နဲ့ ကိုယ့်အတွေးနဲ့ မတိုက်ဆိုင်တဲ့အခါ…

၁) ဆန့်ကျင်ခြားနားတဲ့စိတ် ပေါ်လာတယ်တဲ့…။ အဲဒါလည်း ဘေးတစ်မျိုးပဲတဲ့…။ ကိုယ်နဲ့ တွေးတာ မတူဘူးဆိုရင် စိတ်က သိပ်မကြိုက်တော့ဘူး…။

၂) တစ်ဆင့်တက်ပြီး ငြင်းခုံတဲ့စိတ် ပေါ်လာတယ်။ အဲတော့ ငြင်းရခုန်ရတဲ့ ဘေးနဲ့ တွေ့တယ်တဲ့…။

၃) ငြင်းခုံရပြီဆိုတော့ စိတ်နှလုံးပင်ပန်းရတဲ့ ဘေးနဲ့ တွေ့တယ်…။

၄) သူနဲ့ ကိုယ်နဲ့ မတူတာကို အကြောင်းပြုပြီ ကိုယ့်စိတ်နဲ့ ကိုယ်ကို ညှင်းပန်းနှိပ်စက်တဲ့ဘေးနဲ့ တွေ့ရတာပဲတဲ့…။ အဲဒါကို အရပ်အခေါ် စိတ်ဘေး ၄မျိုး အနေနဲ့ ဆရာတော်က ဟောသွားတာပါ…။

အိမ်မှာ…ကျောင်းမှာ… အလုပ်မှာ… ယုတ်စွအဆုံး Facebook ပေါ်မှာ လူမျိုးစုံနဲ့ မကျေမလည်တွေ ဖြစ်လာပြီး စိတ်ပင်ပန်း… ကိုယ်ပင်ပန်း ဖြစ်လာရတာတွေ အားလုံးခြုံကြည့်တော့ နောက်ဆုံး အချုပ်ဖြစ်တဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်ညှင်းပန်းမိတာကပဲ အဖက်တင်သွားတာပါပဲ။

စိတ်မှာ မကြည်လင်တာတွေ… မပျော်ရွှင်တာတွေ…အဲဒါတွေ အားလုံးသည် အကုသိုလ်…။ အကုသိုလ်ဟာ Negative Emotions။ အကုသိုလ်ရဲ့ ဆန့်ကျင်ဘက်ကတော့ ကုသိုလ်…။ ကုသိုလ်ဆိုတာ Positive Emotions။

ကျွန်မတို့ဟာ… ‌နေ့စဉ်နဲ့အမျှ စိတ်ဘေးသင့်နေရတာ များပါတယ်။ အချိန်နဲ့အမျှလို့ ပြောရင်တောင် ပိုမှန်မလား မသိဘူး…။ မနက်ကစလို့… ညဘက် အိပ်ရာဝင်တဲ့ အထိ စိတ်ဘေး…အကြီးအကျယ်သင့်နေတာ… သနားစရာတောင် ကောင်းနေပါပြီ။ အရမ်းပင်ပန်းနေကြပါပြီ…။ တစ်နေ့တာမှာ ကိုယ့်စိတ်နဲ့ မတွေ့တိုင်း တုံ့ပြန်နေမိတာဟာ… ရေတွက်ကြည့်ရင် ဆယ်ခုတောင် မကတော့ပါဘူး…။

အပိုင်း(၂) အား ဆက်လက်ဖတ်ရှုရန် >> စိတ်ဘေးအန္တရာယ် (Part 2)

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts