ငွေရှာနည်းနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ငွေကို ခိုင်းစေတဲ့ ပထမ သင်ခန်းစာတွေဟာလည်း တကယ်စင်စစ်တော့ တန်ခိုးဩဇာ ထက်မြက်စေတဲ့ အကြောင်းတွေပဲ ဖြစ်ပါတယ်။
ငွေအတွက် လုပ်မယ်ဆိုရင်တော့ အလုပ်ရှင်ကို ဩဇာအာဏာလွှဲပေးပြီး၊ ကိုယ့်အသက် ကိုယ် ဝကွက်အပ်လိုက်တာပဲတဲ့။
ငွေက ကိုယ့်အတွက် အလုပ်လုပ်ပေးနေပြီဆိုရင်တော့၊ အဲဒီဩဇာအာဏာကို လက်ကိုင်ပြုပြီး လိုသလို ထိန်းချုပ်စေစားနိုင်မယ်ဆိုပဲ။
အဲ၊ ကျွန်တော် အသက် နှစ်ဆယ်ကျော်တဲ့အထိ သူဌေးဖေဖေရဲ့ အကြံဉာဏ်တွေဟာ လက်တွေ့ အသုံးမတည့်သေးပါဘူး။
ကျွန်တော်ဟာ မရင်းကော်ပိုရေးရှင်းက ထွက်ပြီး ဇီးရော့က္ခမှာ ဝင်လုပ်ခဲ့တယ်။ ငွေတွေ အများကြီး ပိုက်မိပေမယ့်၊ ချက်စာအုပ်ကို ကြည့်လိုက်တိုင်း စိတ်ပျက်နေရဆဲပါ။ အနုတ်ပြငွေတွေက အင်မတန်ကြီးမားတာကလား။ အလုပ်ပိုလုပ်လေ ထွက်ငွေက ပိုများလာလေပါပဲ။
အောင်မြင်သည်ထက် အောင်မြင်လာတဲ့အဆုံးတော့ ကျွန်တော့် အလုပ်ရှင်တွေက ရာထူးတက်ပေးပြီး လခတိုးပေးဖို့ ကမ်းလှမ်းလာပါတယ်။ ဒါဟာ ကျွန်တော့်ကို မြှောက်စားတာဖြစ်ပေမယ့်၊ သူဌေးဖေဖေရဲ့ အမေးစကားတွေ နားထဲမှာ ကြားယောင်လာပါတယ်။
“မင်း ဘယ်သူ့အတွက် အလုပ်လုပ်နေတာလဲ”
“မင်း ဘယ်သူ့ကို သူဌေးဖြစ်အောင် လုပ်နေတာလဲ”
ဒီလိုနဲ့ ၁၉၇၄ ခုနှစ်မှာတော့ သူဌေးဖေဖေသင်ပေးခဲ့တဲ့ အတိုင်း လေ့ကျင့်မှု စမိပါတော့တယ်။
ကျွန်တော်ဟာ အလုပ်သမားဘဝနဲ့ မိနေတဲ့ ထောင်ချောက်က ရုန်းထွက်ချင်ဇောနဲ့ အလုပ်ကို အသည်းအသန်ဖိကြိုးစားခဲ့ပါတယ်။
၁၉၇၈ခုနှစ်ရောက်တော့ ကျွန်တော်ဟာ ဈေးကွက်မှာ ထိပ်တန်းအရောင်းသမားငါးယောက်ထဲ တစ်ယောက်အပါအဝင် ဖြစ်ခဲ့ပါပြီ။
တစ်ခါတစ်လေ နံပါတ်တစ်တောင် ချိတ်ခဲ့သေး။
သို့ပေမယ့် ကျွန်တော်ဟာ ဝင်္ကပါကြွက်အဖြစ်က ရုန်းထွက်ချင်စိတ် အသေအလဲ ပေါက်နေပါပြီ။
သုံးနှစ် မတိုင်မီအတွင်း ဇီးရောက္ခမှာ လုပ်တာထက် အဆပေါင်းများစွာသော ငွေတွေ ပိုရအောင် သူဌေးဖေဖေရဲ့ လျှို့ဝှက်နည်းပညာတွေနဲ့ လုပ်နိုင်ခဲ့ပါတယ်။
ဒီအခါ ကျွန်တော်ရှာရသမျှ ပိုက်ဆံတွေကို ကျွန်တော့်အတွက် အလုပ်လုပ်ပေးဖို့ တစ်ဆင့် ပြန်ခိုင်းနိုင်ခဲ့ပြီဆိုပါတော့။
မိတ္တူကူးစက်တွေ ရောင်းရဖို့အရေး အိမ်တံခါးတွေ သွားခေါက်စရာ မလိုတော့ပါဘူး။
သူဌေးဖေဖေက ဒီထက် ပို ဉာဏ်ကောင်းသွားအောင် သွန်သင်လမ်းညွှန်ပေးခဲ့တာပဲ။
မကြာပါဘူး။ ကျွန်တော့် ဝင်ငွေ စီးဆင်းမှုဟာ အရမ်းကောင်းလာတာနဲ့အမျှ ပေါ်ရှေးကားကို ပထမဆုံးဝယ်လိုက်ပါတော့တယ်။
ဇီးရောက္ခက ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေကတော့ ကျွန်တော်ဟာ ကော်မရှင်ရငွေတွေကို ဖြုန်းတီးတာလို့ အောက်မေ့ကြတယ်။
မဟုတ်ပါဘူး။ ကျွန်တော့်သူဌေးဖေဖေရဲ့ လျှို့ဝှက်လမ်းစဉ်အတိုင်း ကျင့်သုံးတာပါ။
ကျွန်တော့် ငွေတွေဟာ တစ်လုံးတစ်ခဲကြီးနဲ့ ဆတိုးအောင် အကြီးအကျယ်လုပ်ပေးခဲ့ပါပြီ။
ကျွန်တော်ရသမျှ ဒေါ်လာတိုင်းက တစ်ရွက်တစ်ရွက်ဟာ ခွန်အားကြီးမားတဲ့ အလုပ်သမားတစ်ယောက် တစ်ယောက် ဖြစ်ခဲ့ရာက၊ နောက်ထပ် ပေါ်ရှေး အသစ်တစ်စီး ထပ်ဝယ်နိုင်တဲ့ အထိ ကျိုးနွံကျေပွန်စွာ တာဝန်ထမ်းဆောင်ပေးခဲ့ပါတယ်။
ဇီးရောက္ခအတွက် ကျွန်တော် အပြင်းအထန် အလုပ်စလုပ်ခဲ့ပါပြီ။ စီမံကိန်းအောင်မြင်ကြောင်းကို ပေါ်ရှေးကားကြီးက သက်သေခံခဲ့ပါတယ်။
ဒါဟာ ငွေကြေးဆိုင်ရာ ဗဟုသုတပညာတွေ ပြည့်စုံကြွယ်ဝမှုကြောင့်ပဲလို့ ဆိုရမှာပါ။
ကျွန်တော့် အနေနဲ့ သင်ခန်းစာတွေကို လက်တွေ့ လေ့ကျင့်ဖြတ်သန်းခဲ့ရပါတယ်။ ဒီသင်ခန်းစာတွေ မပါဘဲနဲ့ ငွေကြေးဆိုင်ရာ ပညာလို့ ဘာကို ကျွန်တော် ခေါ်ရမလဲ။
ငွေသောက ကင်းဝေးပြီး၊ ငွေကြေးဆိုင်ရာ လွတ်လပ်ရေးကို သွားရာလမ်းက ကျွန်တော့်အတွက် အခက်အခဲတွေ ပိုများမယ်လို့ ဆိုရပါလိမ့်မယ်။
ဆက်လက်ဖတ်ရှုရန် >> သူဌေးတွေက ငွေကို တီထွင်တာ (Part 1)
ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။