ရင်းနှီးမြုပ်နှံမှုဆိုတာတော့ ဝင်လိုက်ထွက်လိုက်၊ သွားလိုက်လာလိုက်ပေါ့။ ဈေးကွက်ကလည်း တက်လိုက်ကျလိုက်နဲ့။ စီးပွားရေးအရလည်း မြတ်တဲ့အခါမြတ်၊ ကွဲတဲ့အခါ ကွဲ။ လောကကြီးဟာ တစ်သက်လုံးအခွင့်ထူးတွေ ပေးနေရတာ နေ့စဉ် နေ့တိုင်းလိုပါပဲ။
ဒါပေမယ့် ခင်ဗျားမမြင်လိုက်ဘဲ လက်လွတ်သွားရတဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ပါဘူး။ ဒါပေမယ့် သူတို့ကတော့ ကြိုဆိုနေမြဲ။ နေရာ မယွင်းရှိနေဆဲ။ ပြီးတော့ ကမ္ဘာကြီးမှာ အပြောင်းအလဲတွေ ပိုများလာသလို၊ နည်းပညာတွေ ဆန်းသစ်လာရာက အခွင့်အလမ်းတွေ ပိုလာပါပြီ။ ဒါဟာ ခင်ဗျား နဲ့ ခင်ဗျားမိသားစုကို နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ငွေကြေးဆိုင်ရာ လုံခြုံရေးအာမခံချက် ပေးခဲ့တာပဲ ဆိုရပါလိမ့်မယ်။ ကဲ၊ ငွေနဲ့ ပတ်သက်လို့ အမြော်အမြင်ကြီးမားစွာနဲ့ ထိုးထွင်းဉာဏ်တွေကို ဖြည့်ဆည်းဖို့ မလိုပေဘူးလား။
လိုအပ်တဲ့ အကြောင်းမှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတဲ့ လူစားဖြစ်ချင်တာလည်း ပါတာပေါ့။
ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ လက်ခံပြီး ကောင်းသည်ထက်ကောင်းအောင် လုပ်ရုံရှိတာပဲ။ ငွေလိုပဲ ကိုယ့်ကံကြမ္မာကို ကိုယ် ပြုပြင်ဖန်တီးနိုင်တယ်ဆိုတာ လူနည်းစုလောက်သာ သိကြလေရဲ့။ နောက်ပြီး အလုပ်ကို နွားလို ကုန်းလုပ်မယ့်အစား ဥုံဖွ မန်းရုံနဲ့ ငွေတွေ ဒလဟော ဝင်အောင် ကံထူးချင်တယ်ဆိုရင်ဖြင့် ဦးနှောက်ရှိဖို့ အရေးကြီးလှပါတယ်။
ဖြစ်ထိုက်တာတွေ ဖြစ်လာဖို့ပဲ မျှော်လင့်နေတဲ့သူမျိုးဆိုရင်တော့ အချိန်အကြာကြီး စောင့်ရပါလိမ့်မယ်။ ဒါဟာ ခရီး စမထွက်ခင် ငါးမိုင်လောက်တောက်လျှောက်ကြီး မီးပွိုင့်မီးတွေ အားလုံး မီးစိမ်းဖြစ်နေတာမျိုး မျှော်လင့်ထားတာနဲ့ တူနေပါတယ်။
မိုက်နဲ့ ကျွန်တော် လူငယ်ဘဝမှ ကနေ့အထိ နားစွဲနေအောင် သူဌေးဖေဖေ ပြောနေကျ စကားကတော့ “ငွေဆိုတာ တကယ် မဟုတ်ဘူး” ဆိုတာပါပဲ။
သူဌေးဖေဖေ ခဏခဏ သတိပေးတာ ရှိသေးတယ်။ အဲဒါကတော့ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် သွားတိုက်ဆေးဗူးအလွတ်တွေကနေ ငွေလုပ်ဖို့ ကြိုးစားတဲ့နေ့က စပြီး ကျွန်တော်တို့ဟာ ငွေရဲ့ လျှို့ဝှက်ချက်တွေကို သိလုနီးပါးဖြစ်ခဲ့တဲ့ အကြောင်းပါပဲ။
သူပြောခဲ့ပါလိမ့်မယ်။
“လူလတ်တန်းစားတွေနဲ့ ဆင်းရဲသားတွေဟာ ငွေအတွက် အလုပ်လုပ်တဲ့ ငွေကျွန်တွေပဲကွ” တဲ့။ “သူဌေးတွေကတော့ ငွေကို ဖန်တီးတယ်။ ငွေအကြောင်း မှန်မှန်ကန်ကန် ပိုသိလာလေ၊ အလုပ်ကို ပင်ပန်းတကြီး ဖိလုပ်လေပဲ။ ငွေဟာ အစစ်တကယ်မဟုတ်ဘူးဆိုတဲ့ အသိကို ဆုပ်ကိုင်မိလိုက်တာနဲ့ မင်းတို့ဟာ နေ့ချင်းညချင်း ကြီးပွားချမ်းသာသွားမှာပဲ” တဲ့။
‘အဲဒါ ဘာဖြစ်မလဲ’ ဆိုတာကတော့ ကျွန်တော်နဲ့ မိုက် ပါးစပ်ဖျားကနေ ပြန်ထွက်နေကျ မေးခွန်းပါ။
“အစစ်တကယ် မဟုတ်ဘူးဆိုရင် ငွေဟာ ဘာဖြစ်မလဲ” လို့ မေးလိုက်တဲ့အခါ…
“တို့အားလုံးက သဘောတူ သတ်မှတ်ထားတဲ့ အရာ” ဆိုတာက သူဌေးဖေဖေရဲ့ အဖြေပဲ။
တစ်ခုတည်းနဲ့ အားအကောင်းဆုံး ကိရိယာကတော့ ကျွန်တော်တို့ရဲ့ ‘စိတ်’ပေါ့။
အဲဒီစိတ်ကို ကောင်းကောင်း လေ့ကျင့်လိုက်ရင် တဒင်္ဂအတွင်း ငွေတွေ အပုံလိုက်ရအောင် လုပ်နိုင်ပါသတဲ့။
လေ့ကျင့်မှု မရှိတဲ့ စိတ်တွေကြောင့် ဘဝတစ်သက်တာရဲ့ နောက်ဆုံးအချိန်အထိ လူတွေ နလန်မထူနိုင်အောင် မွဲတေခဲ့ကြတာဆိုပဲ။
ဆက်လက်ဖတ်ရှုရန် >> သူဌေးတွေက ငွေကို တီထွင်တာ (Part 2 – The End)
ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။