အခွန်အကောက်သမိုင်းနဲ့ သူဌေးများရဲ့ ဉာဏ်

အခွန်အကောက်သမိုင်းနဲ့ သူဌေးများရဲ့ ဉာဏ် (Part 3)

ဒီနေ့ အမေရိကန်မှန်သမျှလိုလို အခွန်အကောက်တွေ အကျေအလည်ဆောင်နိုင်ဖို့ ငါးလ ခြောက်လကြာ အစိုးရအတွက် အလုပ်လုပ်ပေးနေကြရတယ်ဆိုရင် မှားပါ့မလား။

ကျွန်တော့် အယူအဆပြောရရင်တော့ ဒါဟာ အချိန်ကြာလွန်းလှပါတယ်။

အလုပ်ကို ဖိလုပ်လေ၊ အစိုးရကို ပိုပေးရလေပါပဲ။

ဒါကြောင့်လည်း သူဌေးတွေဆီက ဝေစုခွဲတယ်ဆိုတဲ့ အကြံဟာ ဒီအကြံကို မဲပေးထောက်ခံတဲ့ လူတွေကိုပဲ လည်ပင်းပြန်ညှစ်ပြီး ဒုက္ခပေးတော့တာပဲလေ။ လူမွဲတွေက သူဌေးတွေကို အပြစ်ပေးဒဏ်ခတ်ဖို့ ကြိုးစားတိုင်း၊ သူဌေးတွေဟာ ခေါင်းငုံးမခံ တုံ့ပြန်တတ်ကြပါတယ်။

သူတို့မှာ ငွေရှိတယ်၊ ဩဇာရှိတယ်။ ဖြစ်ရပ်တွေကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိတယ်။

ဒီလိုနဲ့ သူတို့ဟာ ငြိမ်ထိုင်မနေဘဲ အခွန်တွေစေတနာဝန်ထမ်း ပိုမပေးရအောင် ကြိုးစားတယ်။ သူတို့ရဲ့ အခွန်အတုတ်တွေကို အနည်းနိုင်ဆုံး လျှော့ချပစ်နိုင်မယ့် နည်းလမ်းတွေ ရှိတယ်။ တကယ် ကျွမ်းတဲ့ ရှေ့နေတွေ၊ စာရင်းကိုင်တွေ ငှားတယ်။ နိုင်ငံရေးသမားတွေကို ဥပဒေတွေ ပြောင်းပစ်အောင် ဖြားယောင်းတယ်။ ဒါမှမဟုတ် သူတို့အတွက် တရားဝင်ထွက်ပေါက်ရအောင် ဖန်တီးတယ်။ ထိထိရောက်ရောက် ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားတွေ သူတို့မှာ ရှိပြီးသား။

အမေရိကန်ပြည်ထောင်စုရဲ့ အခွန်ဥပဒေဟာလည်း အခွန်သက်သာစေတဲ့ ခြွင်းချက်တွေ ထားရှိပါတယ်။

ဒီဥပဒေယန္တယားရဲ့ အဓိကအစိတ်အပိုင်းတွေဟာ လူတိုင်းနဲ့ သက်ဆိုင်ပြီး ရပိုင်ခွင့်တွေ ပေးထားပေမယ့်၊ ထုံးစံအတိုင်း သူဌေးတွေက သူတို့ကိုယ်ကျိုးအတွက် အရယူ သုံးစွဲသွားကြတော့တာပဲ။ သူတို့က အခွန်လျှော့ပေးလို့ရမယ့် လျှို့ဝှက်ချက်တွေကို သိတာကိုး။

ဒီလို အခွန်သက်သာခွင့်တွေကို ယူရမှန်းမသိတဲ့ လူတွေကတော့ ဥပဒေနှင့်အညီ ပေးဆပ်ရင်း၊ သူတို့ကြီးပွားတိုးတက်ဖို့ မဟာ အခွင့်အရေးကြီးကို လက်လွှတ်ကြရတယ်။

လူလတ်တန်းစားတွေနဲ့ ဆင်းရဲသားတွေဟာ ဒီလို ယူနိုင်စွမ်း မရှိရှာကြဘူးလေ။ သူတို့ခမျာ ငုတ်တုတ်ထိုင်လျက်က အစိုးရရဲ့ ဆေးထိုးအပ် လက်မောင်းကို အဖောက်ခံပြီး သွေးလှူပွဲ စရတော့တာပဲ။

ဒီနေ့ဆိုရင် အခွန်တွေ တနင့်တပိုးထမ်းဆောင်နေရတဲ့ လူအရေအတွက်ကိုကြည့်ပြီး ကျွန်တော် လန့်ဖျပ်သွားရပါတယ်။

တချို့ခမျာလည်း အခွန်သက်သာခွင့် မဖြစ်စလောက်လေးသာ ယူကြတာ တွေ့ရပါတယ်။

ကျွန်တော်ရဲ့ ဆင်းရဲဖေဖေက ဘယ်တော့မှ ပြန်မတိုက်ပါ။ သူဌေး‌ဖေဖေကတော့ တခြားနည်းလမ်းမသုံး။ သူက ပိုင်ပိုင်နိုင်နိုင်ဉာဏ်ကစားပြီး ချမ်းသာကြီးပွားခြင်းရဲ့ အံ့မခန်းလျှို့ဝှက်ချက်ဖြင့် အခွန်ကို တိမ်းရှောင်လေ့ ရှိပါတယ်။

အဲဒီလျှို့ဝှက်ချက်ကို အသိပညာ ပိုကြွယ်ဝအောင် ရှေ့တစ်လှမ်းတိုးပြီး သင်ယူမိတဲ့အခါ ခင်ဗျားနားလည်လာမှာပါ။

ကျွန်တော် သူဌေးဖေဖေဆီက သင်ခဲ့ရတဲ့ ပထမ သင်ခန်းစာကတော့ သူ အလာကို အကြာကြီး ထိုင်စောင့်နေခဲ့ရတာလေ။ သူက ကျွန်တော့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ မထီမဲ့မြင် ပစ်ထားခဲ့တယ်။

သူ့အနေနဲ့ သူ့ရဲ့ တန်ခိုးဩဇာနဲ့ ဖြစ်ချင်တဲ့ ဆန္ဒကို ပြပြီး ကျွန်တော်တို့လည်း တစ်နေ့မှာ သူ့လိုပဲ ဖြစ်ရအောင် သံမှိုနဲ့ ရိုက်ပေးခဲ့တာလို့ ပြောရမှာပဲ။

သူ့ဆီမှာ နှစ်ပရိစ္ဆေဒကြာမြင်စွာ လေ့လာသင်ကြာခဲ့စဉ်အတွင်း ‘ဗဟုသုတဟာ အစွမ်းတန်ခိုးပဲ’လို့ မပြတ်ဆုံးမခဲ့ပါတယ်။

ပြီးတော့ ငွေရှိရင် ကြီးမားတဲ့ တန်ခိုးစွမ်းအင်ရှိသလို၊ အဲဒီငွေကို ထိန်းသိမ်းကိုင်တွယ်ဖို့၊ ပွားများစေနိုင်ဖို့လည်း မှန်ကန်တဲ့ ဗဟုသုတပညာ လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။

ဒီလို ဗဟုသုတပညာမဲ့လို့ကတော့ ကမ္ဘာကြီးက ဖိနင်းတာနဲ့ ပြားသွားမှာ မုချပဲတဲ့။

ဆက်လက်ဖတ်ရှုရန် >> အခွန်အကောက်သမိုင်းနဲ့ သူဌေးများရဲ့ ဉာဏ် (Part 4 – The End)

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts