အခွန်အကောက်သမိုင်းနဲ့ သူဌေးများရဲ့ ဉာဏ်

အခွန်အကောက်သမိုင်းနဲ့ သူဌေးများရဲ့ ဉာဏ် (Part 2)

 “မင်းအဖေနဲ့ ငါကတော့ ဒီနေရာမှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားတော့တယ်။ သူက အစိုးရ အလိုတော်ကျ ဗျူရိုကရက်၊ ငါက အရင်းရှင်။ တို့ဟာ လခရိက္ခာတွေ ရသလို၊ တို့ရဲ့ အောင်မြင်မှုကို ဆန့်ကျင်ဘက်လုပ်ရပ်တွေအရ တိုင်းတာခဲ့ကြတယ်။ သူက အလုပ်သမားတွေ ငှားဖို့နဲ့ သုံးစွဲဖို့ ပိုက်ဆံတွေရတယ်။ တစ်ဘက်က ငါ့ရဲ့ လုပ်ငန်းအဖွဲ့အစည်းမှာတော့ လူနည်းနည်းပဲ ငှားရပြီး၊ ပိုက်ဆံလည်း သိပ်မကုန်ဘူး။ ငါရဲ့ အစုစပ် ရင်းနှီးမြုပ်နှံသူတွေရဲ့ ယုံကြည်လေးစားမှုကို ခံရတယ်။ သူတို့ဟာ တခြားစီးပွားရေးသမား အများစုနဲ့ မတူ ခြားနားတဲ့ ရည်ရွယ်ချက်တွေ ရှိကြတယ်။ သူတို့အဆိုအရ အစိုးရယန္တရားဟာ အင်အားကြီးလာတာနဲ့အမျှ သူတို့ကို ထောက်ပံ့ဖို့ အခွန်ဘဏ္ဍာဒေါ်လာငွေတွေ ပိုပိုပြီး အများကြီးလိုလာတယ်ဆိုပဲ”

ကျွန်တော်ရဲ့ ပညာတတ်ဆင်းရဲဖေဖေက ‘အစိုးရဟာ ပြည်သူတွေကို အကူအညီပေးလိမ့်မယ်’ လို့ အရိုးခံ ယုံကြည်ခဲ့ပါတယ်။ သူဟာ လုပ်ငန်းတိုးချဲ့ဖို့ အမြဲကြိုးစားခဲ့တာနဲ့အမျှ သူ့အသုံးစားရင်းမှာ ခွင့်ပြုချက်တွေ အပြည့်ရခဲ့တယ်။ ပညာရေးဌာနနဲ့ ငြိမ်းချမ်းရေးကော်ပိုရေးရှင်းတွေက သူအလုပ်နှစ်မျိုးစလုံးအတွက် လူတွေပိုခန့်နိုင်ခဲ့တယ်။ ဒါ သူ့အလုပ်ပဲ။

အမေရိကန်အစိုးရအလုပ်သမားတွေဟာ ပျင်းရိတဲ့ သူခိုးတစ်စုပဲ” လို့ သူဌေးဖေဖေပြောတာ ကျွန်တော်ဆယ်နှစ်ကျော်မှာ စပြီး ကြားခဲ့ရပါတယ်။

ဆင်းရဲဖေဖေကတော့ “လူချမ်းသာတွေဟာ လောဘအိုး၊ ကလိမ်ကကျစ်တွေဖြစ်လို့ သူတို့ကို အခွန်တွေ ပိုကောက်သင့်တယ်လို့” လို့ ပြောနေကျ။

သူတို့နှစ်ဦးလုံးရဲ့ အမြင်တွေ ခိုင်လုံနေကြပါတယ်။ ကျွန်တော်အဖို့ မြို့ပေါ်မှာ အကြီးဆုံးအရင်းရှင်ကြီး ဖြစ်တဲ့ သူဌေးဖေဖေဆီ အလုပ်ဆင်းရတာ အခက်ကြုံရသလိုပဲ၊ အစိုးရ ထိပ်တန်းအရာရှိကောင်းဖြစ်တဲ့ အဖေရင်းရှိတဲ့ အိမ်ကို ပြန်ပြီး သူနဲ့ တွေ့ရတာလည်း မချောင်လှဘူး။ သူတို့ နှစ်ယောက်ကြားမှာ ကြားညှပ်နေသလို ဘယ်သူ့စကားကို ယုံလို့၊ ဘယ်သူ့ဘက် ပါရမယ် ဆိုတာလည်း ဝေခွဲမရပါဘူး။

အခွန်အကောက်သမိုင်းကို လေ့လာမိလိုက်တဲ့ အခါမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ အမြင်တစ်ရပ်က အရှင်းသား ပေါ်လာပါတော့တယ်။

စောစောက တင်ပြခဲ့သလိုပါပဲ။ လူထုက သူဌေးတွေဆီက လုယူပြီး၊ တခြားချို့တဲ့သူမှန်သမျှကို ဝေငှပေးတဲ့ ရော်ဘင်ဟုရဲ့ စီးပွားရေးနည်းနိဿယကို လက်ခံယုံကြည်ခြင်းဟာ အခွန်အတုတ်ကောက်တဲ့ လမ်းစဉ်ကို ဖြစ်မြောက်စေတဲ့ တစ်ခုတည်းသော လမ်းကြောင်းပဲလို့ တွေ့သွားခဲ့ရပါပြီ။

တစ်ဘက်က လူချမ်းသာတွေက အမြော်အမြင်ရှိတယ်။ သူတို့က ဒီအခွန်ဥပဒေတွေအတိုင်း (ခု ထက်တိုင်) လည်စင်းမခံကြပါဘူး။ ဒီလိုနဲ့ သူတို့ဟာ အခွန်ဆောင်ရတာ တခြားလူတွေထက် အပုံကြီး လျော့နည်းသက်သာစေမယ့် လျို့ဝှက်ထွက်ပေါက်ကို ဖွေရှာတွေ့ရှိကြပါရော။

ရှိသူနဲ့ မရှိသူတွေရဲ့ကြားမှာ ဖြစ်ခဲ့တဲ့ ဒီစစ်ပွဲဟာ နှစ်ပေါင်းလေးရာတိုင်တိုင် ကြာမြင့်ခဲ့ပါတယ်။

သူဌေးတွေဆီက ခွဲဝေယူမယ့် အုပ်စုရယ်၊ သူဌေးတွေရယ် အပြိုင်အဆိုင် အနိုင်လုကြတာပါပဲ။

တိုက်ပွဲဟာ အချိန်ပြည့် အဆက်မပြတ်ဖြစ်ခဲ့သလို၊ ဥပဒေတွေလည်း နေရာအနှံ့ ပေါ်ပေါက်ခဲ့ရတယ်။ တိုက်ပွဲကတော့ အမြဲ ဆက်ဖြစ်နေဦးမှာပဲ။

ပြဿနာက စစ်ရှုံးသူတွေဟာ တစ်မျိုးတစ်စားတည်း ရှိနေတာပေါ့။ သူတို့ကတော့ နေ့စဉ် စောစောထ၊ အလုပ်ခွင် အပြေးအလွှားသွား၊ ပြီးတော့ အခွန်ထမ်းဆောင်ကြသူတွေပဲဖြစ်ပါတယ်။ တကယ်လို့ သူတို့သာ သူဌေးတွေရဲ့ ဥပဒေလက်တစ်လုံးခြား ကစားနည်းကိုသာ သိရင် သူတို့လည်းပဲ အဲဒီလို ကစားကြမှာပါ။

ဒီနောက် သူတို့ရဲ့ ကိုယ်ပိုင်ငွေကြေး လွတ်လပ်ခွင့်ရအောင် သူတို့လမ်း သူတို့လျှောက်ကြပါလိမ့်မယ်။

ဒါဟာ မိဘတွေက သူတို့သားသမီးတွေကို ကျောင်းမှန်မှန်တက်၊ စာကြိုးစားမှ လုံခြုံစိတ်ချ ဘဝအာမခံချက်ပေးတဲ့ အလုပ်ကို ရမယ်လို့ဆိုတဲ့ ဆုံးမစကားကို ကြားလိုက်တိုင်း ကျွန်တော်ရင်တုန်သွားရတဲ့ အချက်ပါပဲ။

လုံခြုံစိတ်ချ ဘဝအာမခံချက်နဲ့ အလုပ် ဝင်လုပ်နေသူတစ်ဦးဟာ စီးပွားရေးပညာမတတ်ဘဲနဲ့တော့ လွတ်မြောက်လမ်း ရှိမှာ မဟုတ်ပါဘူး။

ဆက်လက်ဖတ်ရှုရန် >> အခွန်အကောက်သမိုင်းနဲ့ သူဌေးများရဲ့ ဉာဏ် (Part 3)

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts