ကျွန်တော် ကျောင်းနေတုန်းက တောပုန်းကြီး ရော်ဘင်ဟုနဲ့ သူ့တပည့်ကျော် လူပျော်တွေရဲ့ ပုံပြင်ကို နားထောင်ခဲ့ရတာ အမှတ်ရမိပါရဲ့။ ကျွန်တော်တို့ဆရာက သူဌေးတွေဆီက ဓားပြတိုက်ပြီး ဆင်းရဲသားတွေကို ဝေးပေးတဲ့ မေတ္တာရှင်သူရဲကောင်းရဲ့ ထူးဆန်းအံ့ဩဖွယ်ဇာတ်လမ်းလို့ ပြောခဲ့တယ်လေ။ ဒါပေမယ့် ကျွန်တော့်ရဲ့ သူဌေးဖေဖေကတော့ ရော်ဘင်ဟုကို သူရဲကောင်းတစ်ယောက်လို့ မမြင်ဘူး။ သူက ရော်ဘင်ဟုကို လူလိမ်လူကောက်တစ်ယောက်လို့ ခေါ်ခဲ့တယ်။
ရော်ဘင်ဟုရဲ့ အကြံအစည်၊ ဒါမှမဟုတ် သူဌေးတွေဆီက ပစ္စည်းဥစ္စာတွေ လုပြီး ဆင်းရဲသားတွေကို ပေးခဲ့တာကြောင့် ဆင်းရဲသားနဲ့ လူလတ်တန်းစားတွေပဲ ပိုပြီး နစ်နာတယ်၊ ပြန်ထိတယ်တဲ့။ သူ့ရဲ့ မတော်မတည့် ထင်ရာစိုင်းတဲ့ လုပ်ရပ်ကြောင့် လူလတ်တန်းစားတွေမှာ အခွန်ဘဏ္ဍာတွေ ကြီးလေးစွာ ထမ်းဆောင်ရတယ်ဆိုပဲ။
ဆိုလိုရင်းက သူဌေးသူကြွယ်တွေကတော့ အခွန်မထမ်းရတာပဲ။ တစ်နည်း ဆင်းရဲသားတွေအတွက် လူလတ်တန်းစားတွေ၊ အထူးသဖြင့် ဝင်ငွေကောင်းတဲ့ ပညာတတ်လူလတ်တန်းစားတွေ ပေးဆောင်ရတာပါ။ ဒီဖြစ်ရပ်ကို အပြည့်အစုံ နားလည်ဖို့ဆိုရင် အခွန်အကောက်သမိုင်းကို ကြည့်ကြဖို့ လိုပါလိမ့်မယ်။
ကျွန်တော်ရဲ့ ပညာတတ်ဆင်းရဲဖေဖေက ပညာရေးသမိုင်းမှာ ကျွမ်းသလိုပဲ၊ သူဌေးဖေဖေကလည်း အခွန်အကောက်သမိုင်းကိုလည်း နောကျေနေတယ်။
သူဌေးဖေဖေက အင်္ဂလန်နဲ့ အမေရိကန်မှာ ဟိုအစက အခွန်ဆောင်ရတာတွေ မရှိဘူးလို့ မိုက်နဲ့ ကျွန်တော့်ကို ရှင်းပြခဲ့ပါတယ်။ စစ်ဖြစ်တဲ့ အချိန်မျိုးမှာတော့ စစ်စရိတ်ပေးဖို့ အခါအားလျော်စွာ အမိန့်ထုတ်ပြီး ယာယီအခွန်တွေ ကောက်ခံတတ်ပါတယ်။
ဘုရင်၊ သို့မဟုတ် သမ္မတက လူတိုင်းကို အတန်းအစားလိုက်ပြီး စစ်စရိတ်တွေ ထည့်ဝင်ဖို့ နှိုးဆော်တောင်းဆိုလေ့ ရှိပါတယ်။
ဗြိတိန်နိုင်ငံမှာဆိုရင် ၁၇၉၉ ခုနှစ်မှ ၁၈၁၆ခုနှစ်အတွင်း နပိုလီယန်ကို ခုခံတိုက်ခိုက်တဲ့ စစ်ပွဲအတွက် အခွန်တော်အမိန့် ထုတ်ခဲ့ပါတယ်။
အဲ၊ အမေရိကန် အခွန်တော်တွေကတော့ ၁၈၆၁ခုနှစ်မှ ၁၈၆၅ခုနှစ်အတွင်းဖြစ်ပွားတဲ့ ပြည်တွင်းစစ်အတွက် ပေးဆောင်ဖို့ ဥပဒေ ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။
၁၈၇၄ ခုနှစ်မှာ အင်္ဂလန်ဟာ သူ့ပြည်သူတွေအပေါ်မှာ အမြတ်ခွန် မဆောင်မနေရ စ,ကောက်ခဲ့ပါတယ်။
အမေရိကန်ကတော့ နှစ်စဉ် အမြတ်ခွန်ပေးဆောင်ဖို့ကို ၁၉၁၃ခုနှစ်ကျမှ ၁၆ကြိမ်မြောက် အခြေခံဥပဒေပြင်ဆင်ချက်တွေ အဖြစ်နဲ့ ပြဌာန်းအတည်ပြုခဲ့တာတဲ့။
နှစ်နိုင်ငံစလုံးက အခွန်ဥပဒေတွေ ပြဌာန်းဖို့ နှောင့်နှေးရတာဟာ အစကနဦးမှာ လူချမ်းသာတွေက မကြိုက်ကြလို့ပါပဲ။
ဒီအချက်ကို သူဌေးဖေဖေက ကျွန်တော်နဲ့ မိုက်ကို အပီအပြင် နားလည်စေချင်ခဲ့ပါတယ်။
သူရှင်းပြတာတော့ အခွန်စည်းကြပ်ဖို့ အကြံဟာ သူဌေးတွေကို ဒဏ်ဆောင်ဖို့ ထွင်ခဲ့တာပါလို့ ဆင်းရဲသားတွေနဲ့ လူလတ်တန်းစားတွေကို သွေးဆောင်နားသွင်းပြီး လူကြိုက်များအောင် လုပ်ခဲ့တာဆိုပဲ။
ဒါကြောင့်လည်း တစ်ပြည်လုံးက ဒီဥပဒေကို ထောက်ခံမဲ ပေးခဲ့ကြရာက အခြေခံဥပဒေတစ်ရပ် အနေနဲ့ တရားဝင် အတည်ဖြစ်လာခဲ့တာပေါ့။
သူဌေးတွေကို အပြစ်ပေးဖို့ ရည်ရွယ်ခဲ့တာဆိုပေမယ့် တကယ်တမ်းကျတော့ ဒီဥပဒေကို ထောက်ခံခဲ့တဲ့ လူလတ်တန်းစားနဲ့ ဆင်းရဲသားတွေကို ဝန်ပိစေခဲ့တယ်၊ ထိခိုက်နစ်နာစေခဲ့တယ် ဆိုရမယ်။
ဆက်လက်ဖတ်ရှုရန် >> အခွန်အကောက်သမိုင်းနဲ့ သူဌေးများရဲ့ ဉာဏ် (Part 2)
ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။