သူဌေးဟာ ငွေအတွက် မလုပ်ပါ

သူဌေးဟာ ငွေအတွက်မလုပ်ပါ | သင်ခန်းစာများ စပါပြီ (Part 8)

သူက ကျွန်တော့်ခေါင်းကို လက်ညှိုးလေးနဲ့ အသာခေါက်ရင်း ပြောတာပါ။

“မင်းနားရွက်နှစ်ဖက်ကြားက ဟောဒီခေါင်း”

ဒီအချိန်မှာ သူဌေးဖေဖေဟာ သူ့အလုပ်သမားတွေနှင့်ရော၊ ကျွန်တော်ဆင်းရဲဖေဖေနှင့်ပါ ကွာခြားတဲ့ သူ့ အမြင်ရဲ့ အဓိကအညှာကို ဆွဲထုတ်ပြတော့တာပါပဲ။

အဲဒီအမြင်က သူ့ကို ဟာဝိုင်ယီကျွန်းမှာ အချမ်းသာဆုံး လူတစ်ယောက်ဘဝကို အပီအပြင် ပို့ပစ်လိုက်တာပဲပေါ့။

ကျွန်တော်ရဲ့ မဟာပညာတတ် ဆင်းရဲဖေဖေဟာ ဘဝတစ်လျှောက်လုံး ငွေနဲ့ နပန်းလုံး ဆင်းဆင်းရဲရဲနေရဆဲမှာ၊ သူက ငွေပုံကြီးပေါ် ဆော့ကစားနေခဲ့ရတာလည်း အဲဒီအမြင်၊ အဲဒီရှုထောင့်ကြောင့်ပါပဲ။

အဲဒီအမြင်ဟာ တစ်ခုတည်းနှင့် ပြတ်သားပြီး၊ တခြားလူတွေအားလုံးနဲ့ လုံးဝခြားနားစေခဲ့ပါတယ်။

သူဌေးဖေဖေ ထပ်တလဲလဲပြောခဲ့တဲ့ အဲဒီအမြင်ကတော့ . . .

မရှိဆင်းရဲသားတွေ၊ လူလတ်တန်းစားတွေဟာ ငွေအတွက် အလုပ်လုပ်ကြတယ်။ သူဌေးတွေကတော့ ငွေကို သူတို့အတွက် အလုပ်လုပ်ခိုင်းတယ်။

စနေနေ့ရဲ့ တောက်ပတဲ့ ဒီမနက်ခင်းမှာ ကျွန်တော်ဟာ ဆင်းရဲဖေဖေ သင်ပေးတာနဲ့ ဘာမှမဆိုင်တဲ့ လောကအမြင်တစ်ရပ်ကို သင်ကြားလိုက်ရတာပါပဲ။ ကိုးနှစ်သားအရွယ် ကျွန်တော့်ကို အဖေနှစ်ယောက်စလုံးက ပညာကို အရယူ၊ အတတ်သင်စေချင်ကြတာကိုတော့ သတိပြုမိလိုက်ပါတယ်။ သူတို့နှစ်ယောက်စလုံးကပဲ ကြိုးစားလေ့လာဖို့ အားပေးတိုက်တွန်းကြတာ တွေ့ရပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက်ချင်းတော့ မတူပါလား။

ဆင်းရဲဖေဖေက သူ့အတိုင်း ကျောင်းစာ ကြိုးစားသင်၊ ဘွဲ့ရရင်  ဘဝအာမခံချက်ပေးနိုင်တဲ့ ကုမ္ပဏီအလုပ်ကို ရှာလုပ်ခိုင်းတယ်။ သူဌေးဖေဖေကတော့ ငွေတွေ အများကြီးရမယ့် နည်းပညာတွေ သင်တဲ့။ သင်ရာမှာလည်း သူရဲ့ လမ်းညွှန်ကြီးကြပ်မှုတွေ ယူရမယ်တဲ့။

သူဌေးဖေဖေက ကျွန်တော်ရဲ့ ပထမဆုံးသင်ခန်းစာကို ခုလို ဆက်ပါတယ်။

“ငါတော့ တစ်နာရီ ဆယ်ဆင့်တည်းနဲ့ အလုပ်လုပ်ရတဲ့အတွက်ကို မင်း မကျေမနပ် ဒေါသထွက်တာကို ဝမ်းသာအားရ ဖြစ်မိတယ်။ မင်း အဲသလို စိတ်မဆိုးဘူးဆိုရင် အားရကျေနပ်ပြီး ငြိမ်ခံနေမှာပဲ။ ဒါနှင့်အမျှ ငါကလည်း ပညာ သင်မပေးတော့ဘူးလို့ ပြောလိုက်ရုံရှိတော့တယ်။ မင်း ကြည့်။ မှန်ကန်တဲ့ သင်ကြားမှုဆိုတာမှာ စွမ်းအားတွေ၊ စိတ်ဓာတ်ပြင်းပြမှုတွေ၊ ဆန္ဒတောက်လောင်မှုတွေ ရှိရတယ်။ ဒေါသဆိုတာ အဲဒီဖော်မြူလာပုံစံရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ဘာကြောင့်ဆို စိတ်ဓာတ်ပြင်းပြမှုမှာ ဒေါသအမျက်နဲ့ ချစ်ခြင်းမေတ္တာ ပေါင်းစပ်ထားလို့ပါပဲ။ ငွေနဲ့ ပတ်သက်လာရင် လူအများစုဟာ ကုပ်ကပ်စုရုံနဲ့ စိတ်ချလုံခြုံပြီလို့ မှတ်ကြတယ်။ ဒီတော့ စိတ်ဓာတ်ပြင်းပြမှုဟာ သူတို့ဆီ မရောက်တော့ဘူး။ ကြောက်ရွံ့စိုးရိမ်စိတ်တွေသာ လွှမ်းမိုးနေတော့တယ်”

“ဒါဖြင့် လခနည်းတဲ့အလုပ်ကို သူတို့ ဘာလို့ဝင်လုပ်ကြတာလဲ”

“ဟုတ်တယ်။ လူတစ်ချို့ပြောသလိုဆို ငါက အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်ရာ ရောက်နေတယ်။ ဘာကြောင့်ဆို ကြံစိုက်ခင်းနဲ့ အစိုးရဌာနတွေလောက်မှ ငါက လုပ်ခ မပေးဘဲကိုး။ ဒီတော့ ငါက ပြန်ပြောမယ်။ လူတွေဟာ သူတို့ကိုယ် သူတို့ တန်ဖိုးဖြတ်တာ၊ ခေါင်းပုံဖြတ်တာလို့။ မဟုတ်ဘူးလား။ အဲဒါ သူတို့ကြောက်စိတ်ပဲ။ ငါနဲ့မှ မဆိုင်တာ”

“သူတို့ကိုကော နည်းနည်းပါးပါး ပိုပေးချင်စိတ်မပေါက်ဘူးလား။”

“ငါတော့ ပိုပေးဖို့ မရည်ရွယ်ဘူး။ ဘာကြောင့်ဆို ငွေပိုပေးလိုက်လို့လည်း ပြဿနာ ငြိမ်းသွားမှာမှ မဟုတ်တာ။ မင်းအဖေကိုပဲ ပြန်ကြည့်လေ။ သူဟာ ငွေတွေ တစ်ပုံကြီး ရအောင် လုပ်ရက်သားနဲ့ ပြေလည်တယ်မှ မရှိတာ။ တစ်လတစ်လ အကြွေးတွေကို ကျေအောင်မှ မဆပ်နိုင်တာ။ တခြားလူတွေလည်း ဘာထူးမှာလဲ။ ငွေပိုရလေ ကြွေးပိုထူလေ

“ဒါကြောင့်လည်း တစ်နာရီ ဆယ်ဆင့်ပဲပေးတယ် ဆိုပါတော့။ အဲဒါ သင်ခန်းစာရဲ့ တစ်စိတ်တစ်ပိုင်းလားဟင်” ကျွန်တော်က ပြုံးပြီး ပြောလိုက်ပါတယ်။

ဆက်လက်ဖတ်ရှုရန် >> သူဌေးဟာ ငွေအတွက်မလုပ်ပါ (Part 12) | သင်ခန်းစာများ စပါပြီ

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts