သူဌေးဟာ ငွေအတွက် မလုပ်ပါ

သူဌေးဟာ ငွေအတွက်မလုပ်ပါ | သင်ခန်းစာများ စပါပြီ (Part 7)

“ဒါဖြင့် တစ်နာရီ ဆယ်ဆင့်နဲ့ အလုပ်လုပ်ပြီး ရခဲ့ရတဲ့ သင်ခန်းစာကတော့ အန်ကယ်ရဲ့ အလုပ်သမားတွေအပေါ် ‌ဈေးပေါပေါနဲ့ လုပ်အားကို ခေါင်းပုံဖြတ်ရာ မရောက်ဘူးလား

သူဌေးဖေဖေက ကုလားထိုင်ကို နောက်မှီချလိုက်ရာက ဟက်ဟက်ပက်ပက် ရယ်ပါတော့တယ်။ ရယ်လို့အားရမှ…

“မင်း အမြင်က ကောင်းကောင်းကြီး ပြောင်းသွားပြန်ပြီကိုး။ ငါ့ကို အပြစ်တင်နေတာရပ်ပြီး၊ ငါဟာ ပြဿနာပဲလို့ တွေးတော့တာပဲ။ အေး၊ ငါဟာ ပြဿနာပဲလို့ ထင်ရင် ငါ့ကို ပြောင်းလဲအောင် မင်း လုပ်ရလိမ့်မယ်။ မင်းဟာ ပြဿနာလို့ မှတ်ရင်တော့ မင်းကိုယ်မင်း ပြောင်းလဲရမှာပဲ။ ပညာဉာဏ်ရင့်သန်အောင် သင်ယူမှုတွေ လုပ်ဖို့ပေါ့။ လူများစုဟာ သူတို့ကိုယ်သူတို့  ပြင်ရမယ့်အစား ကမ္ဘာပေါ်မှာ ရှိသမျှ တခြားသူတွေကို ပြုပြင်ပေးလိုကြတယ်။ မင်းကို ငါ ပြောပါရစေ။ တခြားလူတွေကို ပြောင်းလဲအောင်လုပ်ဖို့ထက် မင်းကိုယ်မင်း ပြုပြင်ပြောင်းလဲလိုက်တာက ပိုလွယ်တယ်လို့ မှတ်ပါ

“ကျွန်တော် နားမလည်တော့ဘူး” ကျွန်တော်က ဖွင့်ပြောလိုက်တဲ့အခါ သူဌေးဖေဖေက စိတ်မရှည်တော့သလိုနှင့်။

“မင်းပြဿနာတွေအတွက် ငါ့ကို အပြစ်မတင်နဲ့ပေါ့”

“ဒါပေမယ့် အန်ကယ်က ကျွန်တော့်ကို ဆယ်ဆင့်ပဲ ပေးတာကိုး”

“ဒါဖြင့် မင်း ဘာကို သင်နေတာပါလိမ့်”

သူဌေးဖေဖေက လျှို့ဝှက်စွာ ပြုံးလိုက်ရင်း…

“အန်ကယ်က အပေါစားလိုက်တဲ့သူပဲ”

“ဪ၊ မင်းက ငါ့ကို ပြဿနာလုပ်နေပြန်ပြီ”

“နိုး၊ တကယ်ကော မဟုတ်ဘူးလား”

“အေး၊ မင်း အဲဒီသဘောထားကြီး ဆုပ်ကိုင်ထားမှတော့ ဘာပညာမှ တတ်မှာ မဟုတ်ဘူး။ ငါဟာ ပြဿနာကောင်လို့ ထင်နေရုံနဲ့ မင်းအတွက် ဘာအကျိုးရှိမှာလဲ”

“အင်းလေ။ အန်ကယ် ကျွန်တော့်ကို လုပ်ခတိုးမပေးရင်၊ ဒါမှမဟုတ် တန်ဖိုးထားလေးစားမှု မပြရင်၊ ပြီးတော့ ပညာသင်မပေးရင် ကျွန်တော် အလုပ်က ထွက်မှာပဲ”

“ဒါတော့ မင်းသဘောပဲ။ ဒါဟာ လူအတော်များများ လုပ်နေကျလမ်းစဉ်ပဲ။ သူတို့ အလုပ်က ထွက်မယ်။ တခြားအလုပ်ရှာမယ်။ အခွင့်အရေးပိုရပြီး လခကောင်းကောင်း ယူမယ်။ အလုပ်အသစ်နဲ့ လစာပိုရတာနဲ့ပဲ ပြဿနာ အေးသွားပြီတဲ့လား။ ငါ သိသလောက်ကတော့ မအေးပါဘူးလေ”

ဒါဆို ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။ ဘာမဟုတ် ပိုက်ဆံလေး တစ်နာရီ ဆယ်ဆင့်ယူပြီး ပြုံးနေရမှာလား”

သူဌေးဖေဖေက ကျွန်တော့်အမေးကို ပြုံးပြီးဖြေပါတယ်။

“ဒါ တခြားလူတွေ လုပ်ရိုးလုပ်စဉ်ပဲ။ သူတို့နှင့် သူတို့ မိသားစုတွေအတွက် မလောက်မငဖြစ်မှန်း သိပေမယ့်၊ လစာချက်လက်မှတ်ကို ယူကြတာပဲ။ တစ်ချို့လည်း ဒုတိယအလုပ်မှာ ကြိုးစားပမ်းစားလုပ်ရင်း လစာနည်းနည်းပဲ ရကြပြန်တော့တာပဲ။”

ကျွန်တော်က ကြမ်းပြင်ကို စိုက်ကြည့်နေရင်းက သူဌေးဖေဖေပြောနေတဲ့ သင်ခန်းစာဆိုလိုရင်းကို နားလည်စ ပြုလာပါတယ်။

ဘဝရဲ့ အရသာဟာ ဒါမျိုးပဲ ဖြစ်မှာပေါ့” လို့ သိလိုက်ရပါတယ်။

နောက်ဆုံး ကျွန်တော်က မော်ကြည့်လိုက်ပြီး မေးခွန်းဟောင်းကြီးပဲ ထပ်မေးလိုက်မိပါတယ်။ “ဒီလိုဆို ပြဿနာကို ဘာက ရှင်းပေးမလဲ

“ဟော့ဒီဟာ…”

ဆက်လက်ဖတ်ရှုရန် >> သူဌေးဟာ ငွေအတွက်မလုပ်ပါ (Part 11) | သင်ခန်းစာများ စပါပြီ

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts