သူဌေးဖေဖေကလည်း ပြုံးရင်း…
“အဲဒါ အမှန်ပဲ။ မင်း သိသားပဲ။ မင်းအဖေဟာ အကောင်းဆုံးပညာတွေ တတ်ခဲ့ပြီး၊ လစာကောင်းတဲ့ အလုပ်လည်း ရခဲ့တယ်။ ဒါပေမယ့် သူ့မှာ ငွေရေးကြေးရေး ဘယ်တော့မှ အဆင်မပြေတာဟာ ကျောင်းမှာ ငွေအကြောင်း ဘာမှ မသင်ခဲ့ရလို့ပဲ။ အဲဒီထက် ဆိုးတာက ငွေအတွက် အလုပ်လုပ်ရမယ်လို့ ယုံကြည်ခဲ့တာပဲ။”
“အန်ကယ်ကျတော့ကော သူ့လို မယုံဘူးလား”
“မယုံဘူး။ တကယ့်ကို မယုံတာ။ ငွေရဖို့ အလုပ်လုပ်တာ၊ သင်ချင်တယ်ဆိုရင် ကျောင်းသွားတက်။ အဲဒီနေရာဟာ အဲသလိုသင်ဖို့ အကောင်းဆုံးနေရာပဲ။ အဲတကယ်လို့ ငါ့ရဲ့ သူဌေးဖြစ်နည်း လျှို့ဝှက်ချက်တွေကို သင်ချင်တယ်ဆိုရင်တော့ ငါ သင်ပေးမယ်။ ဒါပေမယ့် မင်း သင်ချင်တဲ့ ဆန္ဒ ရှိမှဖြစ်မှာ…”
“လူတိုင်းကရော အဲဒီပညာကို သင်ဖို့ ကြံခဲ့ကြလား”
“ဟင့်အင်း။ ရိုးရိုးလေးပြောရရင် အကြောင်းရင်းက ငွေရဖို့ အလုပ်လုပ်ရတဲ့ ပညာကို သင်ရတာ ပိုလွယ်လို့ပဲ။ အထူးသဖြင့် ငွေအကြောင်းပြောတာနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေက အမြင့်ဆုံး မြင့်တက်လာတတ်ကြလေရဲ့”
“ကျွန်တော် သဘောမပေါက်ဘူး” ကျွန်တော်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
“လောလောဆယ် အဲဒီအကြောင်း မစဉ်းစားပါနှင့်ဦးလေ။ လူတွေ အလုပ် နင်းလုပ်နေကြရတာ ကြောက်ရွံ့စိုးရိမ်မှုကြောင့် ဆိုတာလောက်သာ သိထားရင် တော်ပါပြီ။ အကြွေးတွေ မဆပ်နိုင်မှာ ကြောက်တယ်။ အလုပ်ထုတ်ခံရမှာ ကြောက်တယ်။ ပိုက်ဆံ အလုံအလောက်မရမှာ ကြောက်တယ်။ အိုကွာ၊ အစက အဆုံးအထိ အကြောက်တရားအောက်မှာ ပြားပြားဝပ်နေရတာပေါ့။ အသက်မွေးဝမ်းကျောင်းအလုပ်ပဲ ဖြစ်ဖြစ်၊ ကုန်ရောင်းကုန်ဝယ်ပဲဖြစ်ဖြစ် လေ့လာလိုက်ရင် ဒီအဖြေ ထွက်လာတယ်။ လူများစုဟာ ငွေရဲ့ ကျေးကျွန် ဖြစ်လာရာက သူတို့ရဲ့ အလုပ်ရှင်တွေအပေါ် စိတ်ဆိုး ဒေါသထွက်လာကြတာပဲ”
“အန်ကယ်ကတော့ အဲဒီ သင်ခန်းစာတွေနဲ့ လမ်းခွဲခဲ့တယ်ပေါ့”
“လုံးဝမှ လုံးလုံးဝဝပဲ”
ကျွန်တော်တို့က လှပတဲ့ ဟာဝိုင်ယီစနေမနက်ခင်းမှာ နှုတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေလိုက်မိကြပါပြီ။ ကျွန်တော့် သူငယ်ချင်းတွေကတော့ ဘေ့စ်ဘောပြိုင်ပွဲတစ်ခု စ,ဝင်နေလောက်ရောပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ ဘာကြောင့်မှန်းမသိ၊ တစ်နာရီ ဆယ်ဆင့်နဲ့ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့မိတာကို ခုမှ ပြန်ကျေးဇူးတင်နေမိပါရဲ့။
ဒီကောင်တွေ ကျောင်းမှာ သင်ရမှာ မဟုတ်တဲ့ ပညာတွေကို သင်ရတော့မယ်လို့ ကျွန်တော် သိလိုက်ရလို့ပါပဲ။
“ကဲ။ မင်း ပညာသင်ဖို့ အဆင်သင့်ပဲလား”
“လုံးဝပါပဲ”
သူဌေးဖေဖေရဲ့ အမေးကို ကျွန်တော်က သွားအဖြီးသားနဲ့ ပြန်ဖြေမိလိုက်ပါတယ်။
သူဌေးဖေဖေက…
“ငါဟာ ငါ့ကတိ တည်ပါတယ်ကွ။ မင်းကို ငါအစတည်းက ပညာတွေ ပေးခဲ့တာပဲဥစ္စာ။ ကိုးနှစ်သား အရွယ်နဲ့ ငွေအတွက် အလုပ်လုပ်ရတာ ဘာနဲ့တူသလဲဆိုတာ မင်းမြည်းစမ်းသိသွားပြီလေ။ မင်းပြီးခဲ့တဲ့လ အတွေ့အကြုံကို နှစ်ငါးဆယ်နဲ့ ပေါင်းလိုက်ရင် လူတွေ သူတို့ဘဝမှာ ဘာတွေလုပ်ရင်း အချိန်ကုန်သွားရတယ်ဆိုတာ နားလည်လာဦးမယ်။”
“အန်ကယ် ဘာကို ဆိုလိုတာလဲ”
“အေး။ မင်းကို ငါစောင့်ခိုင်းထားတုန်းက ဘယ်လိုခံစားရမလဲ။ အလုပ် ဆက်ခန့်စေချင်တယ်။ လုပ်ခ ပိုတောင်းချင်လာတယ် မဟုတ်လား။”
“စိတ်ချောက်ချားစရာကောင်းတာတော့ အမှန်ပဲ”
“မင်း ငွေအတွက် လုပ်မယ်လို့ ရွေးလိုက်ရင်တော့ သာမန်လူတွေနဲ့ အတူတူပဲဖြစ်သွားပြီပေါ့။ အဲဒါနဲ့ မစ္စစ်မာတင်က သုံးနာရီလုပ်ခ ဆင့် သုံးဆယ် မင်းလက်ထဲ ထည့်လိုက်တုန်းကရော ဘယ်လို ခံစားမိသလဲ”
“ဒါ မတန်ဘူး။ အလကားပဲဆိုပြီး စိတ်ပျက်သွားတယ်။”
“အေး။ အလုပ်သမား အများစုဟာလည်း သူတို့လစာ ချက်လက်မှတ်ကို ကြည့်ပြီး အဲဒီလိုပဲ ခံစားနေကျပါ။ အထူးသဖြင့် အခွန်အခတွေနဲ့ တခြားကိစ္စတွေအတွက် နုတ်လိုက်ရင် ပိုဆိုးသေးတယ်။ မင်းကမှ အပြည့်ရသေးတာ”
ဆက်လက်ဖတ်ရှုရန် >> သူဌေးဟာ ငွေအတွက်မလုပ်ပါ (Part 13) | သင်ခန်းစာများ စပါပြီ
ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။