ဘဝရဲ့ အကြီးဆုံးထောင်ချောက်ကို ရှောင်ကြဉ်ခြင်း

ဘဝရဲ့ အကြီးဆုံး ထောင်ချောက်ကို ရှောင်ကြဉ်ခြင်း (Part 1)

“အေး၊ သားတို့က ခုမှ အဖြေရှာရတော့တာကိုး။ ဘဝရဲ့ အကြီးမားဆုံးသင်ခန်းစာကို နိဒါန်း စ,ရတယ်ဆိုလည်း မမှားပါဘူး။ ဒီသင်ခန်းစာ သင်ပြီးရင် မင်းတို့ဘဝဟာ လွတ်မြောက်မှုနဲ့ လုံခြုံမှု အကြီးအကျယ်ရပြီး ပျော်မဆုံးမော်မဆုံး ဖြစ်သွားမှာပါကွာ။ ဒီသင်ခန်းစာ မအောင်ရင်တော့ မစ္စစ်မာတင်တို့လို၊ ဟော့..ဟိုက ဘောလုံးကစားနေတဲ့ လူတစ်ချို့လို ဘဝနိဂုံးချုပ်သွားတော့မှာပဲ။ သူတို့ဟာ ပင်ပင်ပန်းပန်း အလုပ်လုပ်၊ လုပ်ခလေး တစ်ပဲခြောက်ပြားနဲ့ မဝရေစာ စားနေရတာကိုပဲ ဟုတ်လှပြီ မှတ်နေကြတာကလား။ ပြီးတော့ တစ်နှစ်မှာ သုံးပတ် အားလပ်ရက်ကလေး ယူဖို့နှင့် ၄၅ နှစ် အလုပ်လုပ်ပြီး ပင်စင်လစာလေး မဆိုစလောက်ကို မျှော်လင့်နေကြရရှာတယ်။ ဒါကို မင်းတို့အားကျမယ်ဆိုရင် တစ်နာရီ ဆင့်နှစ်ဆယ်နှုန်းနဲ့ လုပ်ခတိုးမယ်လေ။ ဘယ်လိုလဲ”

“ဒါပေမယ့် သူတို့ဟာ ကောင်းကောင်းမွန်မွန်ရိုးရိုးသားသားနဲ့ ရှာစားနေတဲ့ အလုပ်သမားတွေပါ။ ဘာလို့ သူတို့ကို လှောင်ချင်ရတာလဲ” ကျွန်တော်က ဆင်ခြေကန်လိုက်တော့ သူဌေးဖေဖေရဲ့ မျက်နှာမှာ အပြုံးရိပ်သန်းသွားတယ်။

“မစ္စစ်မာတင်ဟာ ငါ့အဖို့ အမေလိုပါပဲ။ ခုလို ရက်ရက်စက်စက်‌ မညှာမတာ ဘယ်တော့မှ မပြောရက်ခဲ့ပါဘူး။ ခုဟာက မင်းတို့ကို ပညာပေးချင်လို့ ထောက်ပြရတာပါ။ မင်းတို့ကို ခုလို မျက်စိဖွင့်ပေးမှလည်း အမြင် ပိုကျယ်လာကြမှာ။ လူများစုကတော့ သူတို့ ဝင်မိတဲ့ ထောင်ချောက်မှန်း မသိမြင်ကြဘူး”

ကျွန်တော်နဲ့ မိုက်အဖို့ သူ့ဆိုလိုချက်ကို ဝေခွဲမရနိုင်ဘဲ ငိုင်နေမိကြပါတယ်။ သူ စကားကို ခပ်ကြမ်းကြမ်းပြောတဲ့ အဓိပ္ပာယ်ကတော့ ကျွန်တော်တို့ကို အသိပညာပေးချင်လို့ ဆိုတာလောက်ပဲ နားလည်ခဲ့ပါတယ်။

သူဌေးဖေဖေက အပြုံးတစ်ချက်ဖြင့် စကားဆက်ပါတယ်။ “တစ်နာရီ နှစ်ဆယ့်ငါးဆင့်ဆိုရင်ကော မကောင်းဘူးလား။ ဒီအသံ ကြားလိုက်တာနဲ့ မင်းတို့ ရင်ခုန်နှုန်းတွေ ပိုမမြန်သွားဘူးလား”

ကျွန်တော်က ခေါင်းခါပြလိုက်မိပါတယ်။ “ဟင့်အင်း”

ငြင်းမယ့်သာ ငြင်းရ။ တစ်နာရီ နှစ်ဆယ့်ငါးဆင့်ဆိုတာ ကျွန်တော့်လို ချာတိတ်တစ်ကောင်အတွက် နည်းနည်းနောနော မဟုတ်တာဘဲ။

“ကောင်းပြီ။ ဒါဆို တစ်နာရီ တစ်ဒေါ်လာကွာ”

သူဌေးဖေဖေက စပ်ဖြဲဖြဲနဲ့ တိုးပေးတာပါ။ ဒီတစ်ခါတော့ ကျွန်တော့်ရင်ထဲ တဒိန်းဒိန်းခုန်ခဲ့ရပါပြီး။

ဦးနှောက်ကလည်း အသံမြည်လာရဲ့။ ‘ယူလိုက်။ လက်ခံလိုက်’ ကိုယ့်နားတောင် ကိုယ်မယုံနိုင်အောင်ဖြစ်ရင်း ကျွန်တော် ငြိမ်ထိုင်မိဆဲ။

“အိုကေ။ တစ်နာရီ နှစ်ဒေါ်လာကွာ”

ကျွန်တော့်ရဲ့ ကိုးနှစ်သားဦးနှောက်နဲ့ အသည်းနှလုံးဟာ ပေါက်ကွဲထွက်မတတ် ဖြစ်လာပါတော့တယ်။

ပြီးတော့ အဲဒီ အချိန် ၁၉၅၆ ခုနှစ်က တစ်နာရီ နှစ်ဒေါ်လာသာရလိုက်ရင် ကမ္ဘာပေါ်မှာ အချမ်းသာဆုံးကလေး ဖြစ်မှာပဲ။ ဒီလိုငွေမျိုး ရမယ်လို့လည်း ကျွန်တော့်အနေအထားနဲ့ ဘယ်လိုမှ မမျှော်မှန်းနိုင်ခဲ့ပါဘူး။

‘အင်း’လို့ ကျွန်တော်ပြောချင်လိုက်တာ ပါးစပ်ကို ယားနေတာကလား။ ကျွန်တော့် မျက်စိထဲမှာ ဘိုင်စကယ်အသစ်၊ ဘေ့စ်ဘောလက်အိတ်အသစ်နဲ့ ငွေစက္ကူတွေကို ယပ်ခတ်နေတဲ့ ကျွန်တော့်ကိုတွေ့ရင် သူငယ်ချင်းတွေ ဘယ်လိုများဖြစ်ကုန်ကြမလဲလို့ တွေးမြင်ယောင်လိုက်မိပါတယ်။

အဓိကအကျဆုံးကတော့ ဂျင်မီနဲ့ သူ့သူငယ်ချင်းတွေဟာ ကျွန်တော့်ကို ငမွဲကောင်လို့ ခေါ်ဝံ့ကြတော့မှာ မဟုတ်ဘူးပေါ့။

ဒါပေမယ့် ဘာကြောင့်မှန်း မသိ။ ကျွန်တော့် ပါးစပ်ဟာ အာစေးထည့် ရှော့ရိုက်ကုန်ကြပြီထင်ပါရဲ့။ ဘာပဲပြောပြော တစ်နာရီ နှစ်ဒေါ်လာကို အသည်းအသန်လိုချင်တာတော့ အမှန်ပါပဲ။ ကိုင်ထားတဲ့ အိုက်စ်ကရင်တွေ ပျော်ကျပြီး လက်ချောင်းတွေကြားထဲ စီးကျကုန်ပါပြီ။

ကတော့က ဟောင်းလောင်းကျန်ခဲ့ပြီး မြေကြီးပေါ်မှာက သီးစုံနို့နှစ်နဲ့ ချောကလက်တွေ၊ ပုရွက်ဆိတ်တွေအတွက် ပွဲတော်ကြီး ဖြစ်သွားရပါတယ်။

သူဌေးဖေဖေက သူ့ကို ပြန်ငေးမောနေတဲ့ မျက်လုံးအပြူးသား၊ ဦးနှောက်က ဆင်ခြင်ဉာဏ်တွေ ဗလာကျနေတဲ့ ချာတိတ်နှစ်ယောက်ကို စိုက်ကြည့်နေလေရဲ့။

သူ့အကြည့်က ကျွန်တော်တို့ သူပေးတာလက်ခံချင်တဲ့ စိတ်အခြေအနေမှန်း သူ တန်းရိပ်မိပုံပဲ။ ဒီအပြင် သူဟာ လူတွေမှာ ‘ပျော့ညံ့အားနည်းချက်’နဲ့ ‘မက်မောမှု’ ရှိတာနဲ့အမျှ စိတ်ဝိညာဉ်ကို သူ အပိုင်ဝယ်နိုင်တယ်ဆိုတာလည်း သိထားပုံပေါ်နေတယ်။

ဒါပေမယ့် လူတွေရဲ့ စိတ်ဝိညာဉ်ဟာ ‘အားကောင်းခိုင်မာမှု’နဲ့ ဝယ်လို့မရတဲ့ ‘ရည်မှန်းချက်’ မျို’ရှိတတ်တာကိုလည်း သူ နားလည်ထားဟန် တူပါတယ်။

လိုချင်မက်မောမှုနဲ့ ရည်မှန်းချက် ဘယ်ဟာက ပို အားသာမလဲဆိုတာကတော့ မေးခွန်းထုတ်စရာပေါ့။

သူ့ဘဝမှာ လူတွေ ထောင်ချီပြီး စမ်းသပ်ခဲ့ပြီးပါပြီ။

အလုပ်လာလုပ်တဲ့ လူတွေကို စစ်မေးတိုင်း သူဒီအတွေ့အကြုံကို ရစမြဲပါ။

“ဟုတ်ပြီ။ ကဲ တစ်နာရီ ငါးဒေါ်လာကွာ

ဆက်လက်ဖတ်ရှုရန် >> ဘဝရဲ့ အကြီးဆုံး ထောင်ချောက်ကို ရှောင်ကြဉ်ခြင်း (Part 2)

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts