ကျွန်တော့်ရင်ထဲမှာ ရုတ်တရက် ငြိမ့်ခနဲအေးပြီး အသက် ကင်းမဲ့သွားသလိုပါပဲ။ သူ့ကမ်းလှမ်းချက်က ရက်ရောလွန်းလှသလို ထူးဆန်းအံ့ဩဖွယ်ရာ အတိပဲလေ။
မြူဆွယ်ဖြားယောင်းမှု လွင့်ပြယ်သွားတဲ့ အဆုံး တည်ငြိမ်လာခဲ့ရပြန်ပါတယ်။
ကျွန်တော်က မိုက်ကို ကြည့်ဖို့ ဘယ်ဘက်ကို ဖြည်းဖြည်းအေးအေးပဲ လှည့်လိုက်ပါတယ်။ မိုက်ကလည်း ကျွန်တော့်ကို ပြန်လှည့်ကြည့်တာနဲ့ ဆုံသွားပါရော။ ကျွန်တော့်စိတ်ဝိညာဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဟာ ဖျော့တော့ အားနည်းနေပြီး၊ တပ်မက်လိုချင်မှုလည်း နှုတ်ဆိတ်နေပါတယ်။ ကျွန်တော့်ကိုယ်ကို ကြေးခေါ်ဈေးနှုန်းဟာ ကိုင်မလှုပ်နိုင်တော့ပါဘူး။ ငွေနဲ့ ပတ်သက်လို့ တည်ငြိမ်အေးချမ်းမှုနဲ့ တိကျသေချာမှုဟာ ကျွန်တော့်ဦးနှောက်နဲ့ နှလုံးသားထဲမှာ နေရာဝင်ယူခဲ့ပါပြီ။ မိုက်ကိုယ်တိုင်လည်း ကျွန်တော့်လို အနေအထား ရသွားပြီမှန်း သိလိုက်ရပါတယ်။
သူဌေးဖေဖေက လေအေးလေးနဲ့…
“ကောင်းလိုက်တာကွာ။ လူတိုင်းလိုလို သူ့ဈေးနှင့် သူ၊ သူ့တန်ဖို့နှင့် သူ ရှိကြတာပဲကွ။ ဒီနေရာမှာ ကြောက်စိတ်နဲ့ လောဘလို့ခေါ်တဲ့ စိတ်လှုပ်ခတ်မှုတွေကို အကြောင်းပြုပြီး ကိုယ့်တန်ဖိုး ကိုယ် ဖြတ်မိလျက်သား ဖြစ်သွားကြတာကလား။ ပထမ ပိုက်ဆံမရှိမှာ ကြောက်တဲ့စိတ်က အလုပ်ကို ဖိလုပ်ခိုင်းတယ်။ လစာလုပ်ခ ရလိုက်ပြန်တော့ လောဘ၊ ဒါမှမဟုတ် ရမ္မက်ဆန္ဒက ဝယ်နိုင်သမျှ ပစ္စည်းအသစ်အဆန်းတွေကို စဉ်းစားခိုင်းတယ်။ ဒီလိုနဲ့ ပုံစံခွက်ထဲ ရောက်ကုန်ကြတော့တာပဲ”
“ဘယ်လိုပုံစံခွက်လဲ ခင်ဗျ”
“ဘယ်လိုပုံစံခွက်ရမှာလဲ။ အိပ်ရာထ၊ အလုပ်သွား၊ အကြွေးဆပ်၊ အိပ်ရာထ၊ အလုပ်သွား၊ အကြွေးဆပ်…။ ကြောက်စိတ်နဲ့ လောဘရဲ့ စေခိုင်းချက်အတိုင်း တစ်သက်လုံး စက်ရုပ်သံသရာ လည်သွားရတော့တာပေါ့။ ပိုက်ဆံလေး နည်းနည်း ပိုပေးလိုက်တာနဲ့ သူတို့ရဲ့လည်ပတ်နှုန်းက ပို အရှိန်မြင့်လာကြရတာပဲ။ အဲဒါကို ငါကတော့ ‘ကြွက်ဝင်္ကပါ’လို့ ခေါ်တယ်”
“တခြားနည်းလမ်း မရှိတော့ဘူးလား ဖေဖေ” မိုက်က ဖြတ်မေးတယ်။
သူဌေးဖေဖေက စဉ်းစဉ်းစားစားပါပဲ။ “ရှိတယ်။ ဒါပေမယ့် လူအနည်းကျဉ်းသာ အဲဒီလမ်းကို ရှာတွေ့တယ်”
“အဲဒီလမ်းက ဘာလမ်းလဲ ဟင်”
“အေး။ အဲဒီလမ်းကို သားတို့ အဖေနဲ့အတူ အလုပ်လုပ်ပြီး လေ့လာသင်ကြားရင်း ဖော်ထုတ်စေချင်တာပေါ့။ ဒါကြောင့်လည်း ငါက လုပ်ခပေးတဲ့ ပုံစံအားလုံးကို မကောင်းပြောပြီး ပ,ထုတ်ပစ်တာပဲ”
“အစအနလေးတော့ ဖော်ပေးပါဦး။ ကျွန်တော်တို့ဟာ ပင်ပင်ပန်းပန်းလုပ်ပြီး မောလှပြီ။ အထူးသဖြင့် ဘာမှ လုပ်ခမရဘဲ လုပ်ရတာဆိုတော့”
“ကောင်းပြီလေ။ ပထမ ခြေလှမ်းကတော့ အမှန်ကို ပြောတာပဲ”
“မိုက်ရဲ့ အမေးနဲ့ သူ့အဖေရဲ့ အဖြေပါ။ နောက်မှ ကျွန်တော်ဝင်ပြောမိတယ်။ “ကျွန်တော်တို့မှ ဘာမှ မလိမ်ခဲ့ဘဲ”
“မင်းတို့ကို လိမ်နေတယ်လို့မှ ငါ မစွပ်စွဲသေးပါဘူး။ မှန်တဲ့ အတိုင်းပြောဖို့သာ မှာတာ”
“ဘာကို အမှန်အတိုင်းပြောရမှာလဲခင်ဗျ”
“မင်း ဘယ်လိုခံစားရတယ် ဆိုတာလေ။ အဲဒါကို တခြား ဘယ်သူ့ကိုမှ ပြောပြစရာ မလိုဘူး။ မင်းကိုယ်မင်းပဲ ပြန်ပြောရမှာ”
“အန်ကယ်ဆိုလိုတာက ဒီပန်းခြံထဲက လူတွေနဲ့ အန်ကယ့်အလုပ်သမားတွေ၊ နောက်ပြီး မစ္စစ်မာတင်အပါအဝင်ပေါ့။ သူတို့အားလုံး အဲဒီလို မလုပ်ကြဘူးလား”
“ငါတော့ လုပ်မယ်လို့ မထင်ဘူး။ အဲဒီအစား ပိုက်ဆံ မရမှာ စိုးရိမ်စိတ် ခံစားကြရတယ်။ ကြောက်ရွံ့စိုးရိမ်မှုကို ထိပ်တိုက်ဖြိုခွင်းရမယ့်အစား၊ မစဉ်းမစားနဲ့ တုံ့ပြန်လုပ်ဆောင်ကြတယ်လေ”
သူဌေးဖေဖေက ကျွန်တော်တို့ခေါင်းကို လက်နဲ့ခေါက်ပြီး ပြောလိုက်တာပါ။
ဆက်လက်ဖတ်ရှုရန် >> ဘဝရဲ့ အကြီးဆုံး ထောင်ချောက်ကို ရှောင်ကြဉ်ခြင်း (Part 3)
ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။