ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဓမ္မမှတ်စု (၅)

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဓမ္မမှတ်စု (၅)

“အသာဓု သာဓုနာ ဇိနေ”တဲ့။ လောကလူတွေဟာ လူတိုင်း အကောင်းချည်းလုပ်တာ မဟုတ်ဘူး။ မကောင်းတာလည်း လုပ်ကြတယ်။ ကိုယ့်အပေါ် မကောင်းဘူး၊ သူ့အပေါ် မကောင်းဘူး၊ ဒီလူကဖြင့် သူ့အမေ အပေါ် မကောင်းဘူး၊ အဖေ အပေါ် မကောင်းဘူး၊ ညီအစ်ကို မောင်နှမ တွေ အပေါ်မှာ မကောင်းဘူး။ မိတ်ဆွေသင်္ဂဟတွေ အပေါ်မှာ မကောင်းဘူး။ မကောင်းတာတွေလုပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အဲဒီ မကောင်းတဲ့ အမူအရာတွေနဲ့ ဆက်ဆံတယ်။

ကိုယ်က ကောင်းတာလုပ်ပြီးတော့ နေရမယ်။ သူ မကောင်းတာ လုပ်တာမျိုးကို လိုက်ပြီး မတုရဘူး။ မကောင်းတာကို မကောင်းတာနဲ့ မတုံ့ပြန်ရဘူး။ မကောင်းတာကို ကိုယ်ကကောင်းတာနဲ့ တုံ့ပြန်ရတယ်။ အဲဒီတော့ မကောင်းတာ ကို ကိုယ်က မကောင်းတာနဲ့ တုံ့ပြန်မယ်ဆိုရင် ကိုယ်က အနိုင်မရဘူး။ ကိုယ်ပဲ ရှုံးတယ်။ မကောင်းတာကို ကောင်းတာနဲ့တုံ့ ပြန်မယ်ဆိုရင် ကိုယ်က အနိုင်ရတယ်လို့ ပြောတာ။

မြတ်စွာဘုရားက “မကောင်းသူကို မိမိကိုယ်တိုင်က သူ့အပေါ်မှာ ကောင်းခြင်းဖြင့် ကိုယ်က အနိုင်ယူပါ” တဲ့။ ။

မကောင်းတဲ့ ပုဂ္ဂိုလ်ကို ကိုယ်က ကောင်းလိုက်သဖြင့် အနိုင်ယူတယ်ဆိုတာ….

ကြည့်။ မြတ်စွာဘုရားရှင်ဟာ ဒေဝဒတ်နဲ့ ဆက်ဆံတဲ့အခါမှာ အမြဲကောင်းတယ်။ ဒေဝဒတ်ကသာ ဘုရားအပေါ် အမြဲတမ်းမကောင်းတာ။ သံသရာကတည်းက မြတ်စွာဘုရားအပေါ် ကောင်းခဲ့တယ်လို့မရှိဘူး။ အမြဲတမ်း ဒုက္ခပေးနေတာ။ ဘုရားဖြစ်တဲ့ ဘဝမှာလည်း ဘုရား အပေါ်ကောင်းတာ မရှိဘူး။ မကောင်းတာတွေချည်းပဲလုပ်တယ်။ အဲဒီလို မြတ်စွာဘုရားအပေါ် အမြဲတမ်းမကောင်းပေမယ့်လို့ ဘုရားက ဒေဝဒတ်အပေါ်မှာ အမြဲတမ်း ကောင်းခဲ့တယ်။ မကောင်းတာ ဘယ်တော့မှ မလုပ်ခဲ့ဘူး။

ကြည့်လေ။ ဒေဝဒတ် သာသနာ့ဘောင်ဝင်တယ်ဆိုရင် သင်္ကန်းဝတ်ပေးတယ်။ တရားဓမ္မတွေ ဟောပေးတယ်။ သမထကျင့်စဉ်တွေ ဟောပေးတယ်။ မြတ်စွာဘုရားထံမှ သင်ကြားပြီးတော့ ဒေဝဒတ်ဟာ ဈာန်၊ အဘိညာဉ်တွေရသည်အထိ အောင်မြင်သွားတယ်။ ဘုရားက ဒေဝဒတ်အပေါ် ကောင်းတယ်။ ဆုံးမစရာရှိရင် ဆုံးမတယ်။ ဒေဝဒတ် မကောင်းတာကို မြတ်စွာဘုရားက ကောင်းတဲ့နည်းနဲ့ပဲ ဆက်ဆံတယ်။

အဲဒီတော့ ကြည့်လိုက်မယ်ဆိုရင် ဒေဝဒတ် သာသနာ့ဘောင် ဝင်လာတဲ့အချိန်ကစပြီး တဖြည်းဖြည်းနဲ့ မြတ်စွာဘုရားကို ဒုက္ခပေးလာလိုက် တာ။ ဘုရားက သက်တော် ၇၂နှစ် အရွယ် အကြီးအကျယ် ဒုက္ခပေးတာ။ ဘယ်လောက် ထိအောင် ဒုက္ခပေးသလဲဆိုရင် အဇာတသတ်နဲ့ ပေါင်းပြီး လက်ဖြောင့်လေးသည်တော် လူသတ်သမား တွေ စေလွှတ်တယ်။ ဘုရားကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတယ်။ မအောင်မြင်ခဲ့ဘူး။ နောက်တစ်ခါ နာဠာဂီရိ ဆင်ကြီးကို အရက်တွေ မူးနေအောင်တိုက်ပြီး ဘုရားကြွလာတဲ့လမ်းမှာ လွှတ်တယ်။ ဆင်ထိုးသတ်ခံရအောင် လုပ်တယ်။ ဒါလဲ မအောင်မြင်ခဲ့ဘူး။

နောက်ဆုံး ဒီလိုလုပ်ရပ်တွေ မအောင်တဲ့အခါ သူကိုယ်တိုင် ဂိဇ္ဈကုဋ် တောင်စောင်းကနေ ကျောက်မောင်းဆင်ပြီး မြတ်စွာဘုရား စင်္ကြန် လျှောက်နေတဲ့အချိန် ကျောက်တုံးလှိမ့်ချတာ။ တစ်ခါတည်း လက်စသတ် သေအောင် ကြံတယ်။ အဲဒီအချိန်မှာ အပေါ်က လိမ့်ဆင်းလာတဲ့ အင်မတန် ကြီးမားတဲ့ ကျောက်တုံးက အလွန်ကြီးမားတဲ့ ကျောက်တုံးတစ်တုံးကို ဝင်တိုက်ပြီးကျောက်ဖတ်ကလေး တစ်ခုဟာ မြတ်စွာဘုရားရဲ့ ခြေမကို သွားမှန်တာပေါ့။

အဲဒီအချိန်မှာ မြတ်စွာဘုရားဟာ ကာယိကဒုက္ခ နာကျင်တဲ့ ဆင်းရဲဒုက္ခကို ခံစားရတယ်။ လမ်းမလျှောက်နိုင်ဘူး။ သံဃာတော် အရှင်မြတ် တွေက ရောက်လာကြတယ်။ ထမ်းစင်နဲ့ထမ်းပြီး ဇီဝကရဲ့ သရက်ဥယျာဉ်ကျောင်းကို ပင့်ခေါ်သွားရတယ်။ အဲဒီ အခြေအနေမျိုး ရောက်အောင် ဒေဝဒတ်ဟာ မြတ်စွာဘုရား အပေါ်ဆိုးခဲ့တယ်။ သို့သော် မြတ်စွာဘုရားက ဒေဝဒတ်အပေါ် အမြဲတမ်းကောင်းခဲ့တယ်။ ဆုံးမစရာရှိရင် ဆုံးမတယ်။ သတိပေးစရာရှိရင် သတိပေးတယ်။

နောက်ဆုံးကျတော့ ဒေဝဒတ်ဟာ သူ့ရဲ့ မှားတာတွေကို သိလာတယ်။ မြတ်စွာဘုရားရဲ့ ကောင်းတာတွေကို အာရုံပြုပြီး “ငါကသာ ဆိုးတာ။ဘုရားက ငါ့အပေါ် အင်မတန် ကောင်းတယ်။” နောက်ဆုံး ဒေဝဒတ်ကြီးဟာ မကျန်းမမာ ဖြစ်လာတယ်။ ဘယ်အခါမှာ မကျန်းမမာဖြစ်လာသလဲ ဆိုတော့ သံဃာသင်းခွဲပြီး ရဟန်း ၅ဝဝ ခေါ်သွားတယ်။ ခေါ်သွားတဲ့အခါ မြတ်စွာဘုရားက “ဒီလို ဓမ္မနဲ့ မကျွမ်းကျင်တဲ့ ကိုယ်တော်လေးတွေ ဒုက္ခရောက်လိမ့်မယ်။

ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန် တို့ လိုက်သွားပြီး ဒီကိုယ်တော်လေးတွေ ပြောင်းနားချပြီး ပြန်ခေါ် လာကြ” လို့ လွှတ်လိုက်တယ်။ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်တို့ ကြွလာတဲ့အခါမှာ ဒေဝဒတ်က ဝမ်းသာတယ်။ “ကြည့်ငါ့လမ်းစဉ်မှန်လို့ ဂေါတမဘုရားရဲ့ တပည့်ကြီး နှစ်ပါးတောင် ငါ့နောက်လိုက်လာပြီ”လို့။ အဲလို ထင်ပြီး ရှင်သာရိပုတ္တရာကို လက်ယာရံက ထားတယ်။ ရှင်မောဂ္ဂလာန်ကို လက်ဝဲဘက် က ထားပြီးတော့ သံဃာတွေကို တရားဟောတယ်။

ဒေဝဒတ် အနားယူ အိပ်စက်နေတဲ့အချိန် ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်တို့က တရားဟောကြတယ်။ ဟိုကိုယ်တော်လေးတွေ အမှန်တရားသိပြီး နောက်ဆုံးမှာ တရားထူး တရားမြတ် ရကြတယ်။ အဲဒီပုဂ္ဂိုလ်တွေကို အကုန်လုံး ပြန်ခေါ် လာခဲ့ကြ တယ်။ ဒေဝဒတ် တစ်ဦးထဲ ကျန်ရစ်တယ်။ အဲဒီအချိန်ကျမှ သူဟာ စိတ်နှလုံး ပူလောင်သွားတယ်။ သူ့မှာ နောက်လိုက် နောက်ပါ မရှိတော့ဘူး။ စိတ်နှလုံး ပူလောင်သည့်အတွက် နှလုံးထဲက သွေးတွေဟာလျှံပြီး သွေးအန်တဲ့အနေအထား ရောက်သွားတယ်။

အဲဒီလို သွေးအံပြီး မမာမကျန်းဖြစ်တဲ့အခါ သူ စဉ်းစားတယ်။

“အော် မြတ်စွာဘုရားက ငါ့အပေါ် သိပ်ကောင်းတယ်။ လုပ်ခဲ့သမျှ ငါက အဆိုးတွေချည်းလုပ်ခဲ့တာ” လို့ နောင်တ ရလာတယ်။

မြတ်စွာဘုရား ကို ဝန်ချချင်တယ်။ နောက်ဆုံး တွေ့ ချင်ပါတယ် ဆိုပြီးတော့ အတင်းအကြပ်ပို့ ခိုင်း လို့ မြတ်စွာဘုရား သီတင်းသုံးတဲ့ ဇေတဝန်ကျောင်းကို ထမ်းစင်ကြီးနဲ့ထမ်းပြီး သူ့ကို ခေါ်လာခဲ့ ရ တယ်။ နောက်ဆုံး ဇေတဝန်ကျောင်းနားက ဇေတဝန်ရေကန်ကြီးကို အနီးအနားမှာ ထမ်းစင်ချပြီး ခဏ အပန်းဖြေဖို့ ခြေထောက်ချ မြေကြီးပေါ် နင်းလိုက်တဲ့အချိန်မှာ မြေကြီးကွေ့ပြီးတော့ ဒေဝဒတ်ဟာ မြေမြိုသွားတာ။

ဘာဖြစ်လို့လဲဆိုရင် သူလုပ်ထားတဲ့ လုပ်ရပ်တွေနဲ့ မြတ်စွာဘုရားကို ပြန်တွေ့ ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။ သို့သော် သူဟာ အဲဒီအချိန်မှာ မိုက်မှားတဲ့နောင်တကိုတော့ သူရထားပြီ။ သူဆိုးပေမယ့် ဘုရားက မဆိုးဘူးဆိုတာ သိတယ်။

ကဲ ဒီအဖြစ်အပျက်ကြည့် ပထမပိုင်းမှာ ဒေဝဒတ်က အနိုင်ရနေသလို ရှိတယ်။ ဘုရားကို ဒုက္ခ အမျိုးမျိုး ပေးနေတယ်။ မြတ်စွာဘုရားက ဒေဝဒတ် ကိုအကောင်းနဲ့သာ တုံ့ပြန်တယ်။ အဆိုးနဲ့ မတုံ့ပြန်ဘူး။ ဒါကြောင့်မို့ လောကအမြင်နဲ့ ကြည့်မယ်ဆိုရင် မြတ်စွာဘုရားက ရှုံးနေသလိုရှိတယ်။ သို့သော် နောက်ဆုံးမှာ အနိုင်ရလိုက်တာက မြတ်စွာဘုရား၊ ရှုံးသွားတာက ဒေဝဒတ်။ နောက်ဆုံးမှာ ဒေဝဒတ်ဟာ သံသရာ မှာ ဘယ်လောက်ထိအောင် ရှုံးသွားသလဲဆိုရင် လက်ရှိဘဝမှာ မြေမျိုခြင်းဖြင့် အဆုံးသတ်ရတယ်။

အဝီစိငရဲမှာ မြတ်စွာဘုရားကို စော်ကားခဲ့တဲ့ အပြစ်ဒဏ်တွေကို ခံနေရတာ။ တစ်ကမ္ဘာပတ်လုံး။ ဘဒ္ဒကမ္ဘာကုန်ဆုံးသည်အထိအောင် ငရဲမှာ ခံရမှာ ဖြစ်တယ်။ အဲဒါကြောင့်မို့ ဒေဝဒတ်ဟာ တကယ်ရှုံးသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက “မကောင်းတဲ့ပုဂ္ဂိုလ်ကို မကောင်းတာနဲ့ မတုံ့ပြန်နဲ့ ကောင်းတာနဲ့ပဲ တုံ့ပြန်ပြီး အနိုင်ယူပါ” လို့ ဒီလိုဟောတာ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ၏ ပါချုပ်ဆရာတော်ကြီး၏ တရားမှတ်စု (FB Page) မှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။

Related Posts