သူဌေးဟာ ငွေအတွက် မလုပ်ပါ

သူဌေးဟာ ငွေအတွက်မလုပ်ပါ | သင်ခန်းစာများ စပါပြီ (Part 11 – The End)

“မင်း ငါပြောတာကြားလိုက်ပါတယ်။ ဘာလုပ်ခမှ မပေးဘူး။ အရင်လိုပဲ စနေနေ့တိုင်း သုံးနာရီအလုပ်လုပ်ရမယ်။ ဒါပေမယ့် တစ်နာရီ ဆယ်ဆင့်နှုန်းနဲ့ မဟုတ်တော့ဘူး။ မင်းပဲ ပြောခဲ့တာမဟုတ်လား။ ငွေရဖို့ အလုပ်လုပ်တာမဟုတ်တဲ့ ပညာကို သင်ချင်တယ်ဆို။ ဒါကြောင့် ငါမင်းကို ပိုက်ဆံမပေးဖို့ ဆုံးဖြတ်လိုက်ပြီ”

ကျွန်တော့်ခမျာ ကြားရတဲ့ စကားကိုတောင် မယုံနိုင်။
“ဒီအကြောင်းကို ငါ မိုက်နဲ့ ပြောပြီးသား။ သူက စည်သွပ်ဗူးတွေ ဖုန်သုတ်ပြီး ပြန်စီတဲ့ အလုပ်ကို အခမဲ့ လုပ်ပေးတယ်။ ကဲ၊ မင်းလည်း အလုပ်ခွင်မြန်မြန်ပြန်ဝင်တော့”

“ဟာ၊ အဲဒါတော့ မတရားဘူး။ ကျွန်တော့်ကို လုပ်ခအနေနဲ့ တစ်ခုခုတော့ ပေးမှပေါ့” ကျွန်တော် အော်ပြောလိုက်တာပါ။

“မင်းက ပညာသင်ချင်တယ် ပြောခဲ့တာပဲ။ ဒီပညာကို ခုမှ မသင်ရင် မင်းဟာ သာမန် အလုပ်သမားနင်းပြား ဘဝထဲ ရောက်သွားတော့မှာပဲ။ အလုပ်က အထုတ်မခံရအောင် ကုန်းရုန်းပြီး ချည့်နဲ့နေအောင် ပိုက်ဆံရှာ ရတဲ့ ဘဝလေ။ ဒါမှမဟုတ် မင်းအဖေလို ငွေတွေတော့ ရပါရဲ့။ အကြွေးဆပ်လို့ မလောက်ဘဲ ကြွေးပင်လယ်ထဲ နှာခေါင်းလေးပေါ်ရုံပဲ ရှိတော့တဲ့ အခြေအနေ ဆိုက်နေရာက ငွေပဲ သဲကြီးမဲကြီးထပ်ရှာပြီး ပြဿနာရှင်းဖို့ ကြံချင်လို့လား။ ဒါဆိုရင်လည်း မင်းကို ပုံမှန်အတိုင်း တစ်နာရီဆယ်ဆင့်ပြန်ပေးပြီး ခိုင်းရုံပဲ။ ဒါမှမဟုတ် လူများစုလုပ်နေကျ ထုံးစံအတိုင်း လုပ်နိုင်တယ်။ လခ နည်းတယ်၊ ဒီအလုပ်က ထွက်မယ်၊ နောက်အလုပ်ရှာမယ်။ ဒီနည်းကလွဲလို့ ဘာလုပ်စရာ ရှိတော့မှာလဲ”

သူဌေးဖေဖေက ကျွန်တော့်ခေါင်းကို ခေါက်ပြန်တယ်။

“ဒါသုံးလေ၊ ဒါသုံး။ ဒီခေါင်းကို ကောင်းကောင်း အသုံးချတတ်ရင် မင်းကို အခွင့်ထူးပေးခဲ့တဲ့ ငါ့ကို တစ်နေ့ကျေးဇူးတင်လာမှာပါ။ ပြီးတော့ မင်းလည်း လူချမ်းသာသူဌေးကြီးဘဝ ရောက်သွားမယ်။”

ကျွန်တော့်ခမျာ လေဥကို ရွှေချပေးတဲ့ ကိန်းမျိုးကြုံပြီး မယုံနိုင်လောက်အောင်ဖြစ်ကာ ကြက်သေသေရပ်နေမိဆဲ။

ဒီကို ကျွန်တော်လာတာက လုပ်ခတိုးတောင်းဖို့။ ခုတော့ အလကားပဲ။ အလကားပဲ ဒင်းနှင့် ဆက်လုပ်ရမယ်တဲ့။

သူဌေးဖေဖေက ကျွန်တော့် ငယ်ထိပ်ကို ဆက်ခေါက်ရင်းက “ဒီခေါင်းကို သုံးနော်။ ကဲ… ခု ဒီနေရာက ထွက်သွား။ အလုပ် ပြန်ဝင်ပေတော့”

ကျွန်တော် ပိုက်ဆံမရဘဲ အလုပ်လုပ်ရတဲ့ အကြောင်း ဆင်းရဲဖေဖေကို မပြောတော့ပါ။ သူ နားလည်မှာ မဟုတ်သလို၊ ကျွန်တော်လည်းရှင်းမပြချင်ပါ။ တကယ်ဆို ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ် နားမလည်နိုင်တော့။ နောက်သုံးပတ်တိုင်တိုင် ကျွန်တော်နဲ့ မိုက် စနေနေ့တိုင်း တစ်နေ့ သုံးနာရီ အခမဲ့ လုပ်အားပေးခဲ့ကြရပါတယ်။

အလုပ်က မပင်ပန်းတော့သလို၊ လုပ်ငန်းစဉ်က ပိုလွယ်ကူလာပါတယ်။ ဘေ့စ်ဘော မကစားရတာ၊ ကာတွန်းစာအုပ်တွေ မဝယ်နိုင်တော့တာက လွဲလို့ပေါ့။

တတိယပတ် ညနေမှာတော့ သူဌေးဖေဖေဟာ သူ့ထရပ်ကားနဲ့ ကုန်စုံဆိုင်ကို ရောက်ချလာပါရော။ ဆိုင်ထဲကို ဝင်လာရာက မစ္စစ်မာတင်ကို ဖက်လှဲတကင်း နှုတ်ဆက်ပါတယ်။ ဆိုင်တစ်ပတ်လျှောက်စစ်ခဲ့တဲ့နောက် အိုက်စ်ကရင်စက်က အိုက်စ်ကရင်နှစ်ခွက်ယူ ပိုက်ဆံရှင်းပြီး ကျွန်တော်နဲ့ မိုက်ကို မျက်ရိပ်ပြလို့ … “သားတို့၊ တို့များ လမ်းလျှောက်ထွက်ကြစို့လား” တဲ့။

ကျွန်တော်တို့ဟာ ကားတစ်ချို့ကို ရှောင်ပြီး လမ်းမကိုဖြတ်ခဲ့ရာက ဧရာမမြက်ခင်းပြင်ကြီးပေါ်ရောက်ခဲ့ကြပါတယ်။ အဲဒီမှာ လူကြီးတစ်ချို့ ဘောလုံးကစားနေကြလေရဲ့။ ခပ်လှမ်းလှမ်းက ပျော်ပွဲစား စားပွဲတစ်လုံးမှာ ဝိုင်းထိုင်မိတဲ့နောက် သူဌေးဖေဖေက ကျွန်တော်တို့ကို အိုက်စ်ကရင်တစ်ယောက်တစ်ခွက် ပေးလိုက်ရင်းက…

“အခြေအနေ ဘယ်လိုလဲ သားတို့”

“အိုကေပဲ ဒယ်ဒီ” မိုက်က အဖြေပေးပါတယ်။ ကျွန်တော်ကလည်း တစ်သဘောတည်းအနေနဲ့ ခေါင်းညိတ်ပြမိပါတယ်။

“ပညာတစ်ခုခုကော ရလိုက်ကြရဲ့လား”

သူဌေးဖေဖေရဲ့ အမေးမှာ မိုက်နဲ့ ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး၊ ပခုံးတွေ တွန့်ပြလိုက်ရင်း၊ ပြိုင်တူ ခေါင်းခါမိလိုက်ကြပါတယ်။

ဆက်လက်ဖတ်ရှုရန် >> သူဌေးဟာ ငွေအတွက်မလုပ်ပါ | ဘဝရဲ့ အကြီးဆုံး ထောင်ချောက်ကို ရှောင်ကြဉ်ခြင်း (Part 1)

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts