လူချမ်းသာနှင့်လူဆင်းရဲ အဖေနှစ်ယောက်

လူချမ်းသာနှင့်လူဆင်းရဲ အဖေနှစ်ယောက် (Part 3)

ငွေအကြောင်း ကျောင်းမှာ မသင်ကြရပါဘူး။ ကျောင်းတွေဆိုတာကလည်း ကျောင်းစာလောက်နှင့် ဘာသာရပ်အလိုက် ကျွမ်းကျင်ထူးချွန်ဖို့လောက်သာ အာရုံစိုက်ကြတာ။ ငွေ ဘယ်နည်းနှင့် ဘယ်လောက်ရအောင် ရှာရမလဲဆိုတာတွေ မပါပါဘူး။

ဒီအချက်က ဘဏ်သူဌေးကြီးတွေ၊ ဆရာဝန်ကြီးတွေ၊ ငွေစာရင်းကိုင်အရာရှိကြီးတွေဟာ ကျောင်းမှာ အကောင်းဆုံးအောင်မှတ်တွေ ရခဲ့လျက်သားနှင့် ဘဝ တစ်သက်လုံး ငွေနှင့် နပန်းလုံးနေကြတဲ့ အဖြစ်ကို မီးမောင်းထိုးပြ၊ သက်သေခံနေကြပါတယ်။

သူတို့ဟာ တကယ့်မဟာပညာကျော်၊ ပညာတတ်ကြီးတွေဖြစ်ပေမယ့် ‘ငွေကြေး’ နှင့် ပတ်သက်တဲ့ ဘာသာရပ်ကို လေ့လာသင်ယူမှု အနည်းအကျဉ်း၊ ဒါမှမဟုတ် လုံးဝ မရှိခဲ့ကြလို့ပါပဲ။ တကယ်လို့များ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် အခမဲ့ ဆေးဝါးကုသမှု ရန်ပုံငွေတွေ ပြတ်သွားရင် ဘာတွေဖြစ်ကုန်မလဲလို့ ကျွန်တော် မကြာမကြာ မျှော်တွေးမိတယ်။ လူသန်းနဲ့ချီပြီးအတွက် ဆေးဝါးတွေ၊ ငွေကြေးထောက်ပံ့ရေး အကူအညီတွေ လိုလာတဲ့အခါ နိုင်ငံတစ်နိုင်ငံကို ဘယ်လို ကယ်ဆယ်ရပ်တည်ပေးနိုင်ပါ့မလဲ။ သူတို့ရဲ့ အစိုးရ၊ သို့မဟုတ် မိသားစုအပေါ်မှာ ငွေရေးကြေးရေးအရ မှီခိုအားထားနေရတဲ့ လူတွေ အဆမတန်များလာပြီဆိုရင်ကော နိုင်ငံအနေနှင့် ဘယ်လိုလုပ်မလဲ။

ကျွန်တော့်မှာ ဩဇာကြီးမားတဲ့ အဖေ နှစ်ယောက်ရှိခဲ့တာကြောင့် သူတို့နှစ်ယောက်လုံးဆီက ပညာတွေ ရခဲ့ပါတယ်။ သူတို့ တစ်ယောက်စီရဲ့ အကြံဉာဏ်တွေကို ကျွန်တော် စဉ်းစားသုံးသပ်ခွင့်ရခြင်းအားဖြင့်လည်း အတွေးအခေါ်တွေဟာ ဘဝကို ပြဌာန်းသလို၊ စွမ်းအားသတ္တိတွေ ရှိတယ်ဆိုတဲ့ အဖိုးတန်အမြင်ကို ထိုးထွင်းရရှိခဲ့ရပါတယ်။

ဥပမာ တစ်ယောက်သောအဖေဆိုရင် “ငါ ဒါတော့ မလုပ်တတ်ပါဘူးကွာ” လို့ ပြောတတ်တာအကျင့်ပါနေပြီ။

နောက်အဖေတစ်ယောက်ကတော့ အဲဒီစကားနဲ့ ဆန့်ကျင်ဘက် အတိုက်အခံပဲ။ “ဘယ်နည်းနဲ့ ငါလုပ်လို့ရနိုင်မလဲ” ပဲ ပြောတယ်။

တစ်ခုက ဖော်ထုတ်ချက်ဖြစ်ပြီး၊ တစ်ခုကတော့ မေးခွန်းပါ။

တစ်ယောက်ကအေးဆေးသက်သာနှင့် အားလျှော့တဲ့အသံ။ ကျန်တဲ့ တစ်ယောက်ရဲ့ အသံကတော့ တွေးတောစဉ်းစားဖို့ အားမာန်တင်းလိုက်တာ။

ကျွန်တော်ရဲ့ အဖေ နှစ်ယောက်စလုံး အလုပ်ကို ပြင်းပြင်းထန်ထန် ကြိုးစားကြတဲ့ တိုင်အောင် ပထမအဖေက ငွေနှင့်ပတ်သက်လာတာနှင့် သူ့ဦးနှောက်ကို အနားပေး ‘သိပ်’ပစ်လိုက်တော့တာပဲ။ အဲ၊ ဒုတိယအဖေကတော့ သူ့ဦးနှောက်ကို အမြဲ လန်းဆန်းနေဖို့ နိုးကြွလာအောင် လေ့ကျင့်တယ်။

ရေရှည်မှာ ရလာတဲ့ အဖြေကတော့ ပထမ အဖေဟာ ငွေကြေးချို့တဲ့သည်ထက် ချို့တဲ့လာပြီး၊ ဒုတိယအဖေကျတော့ ငွေအား ကောင်းသည်တက် ကောင်းလာတာပါပဲ။

အပိုင်း(၄) အား ဆက်လက်ဖတ်ရှုရန် >> လူချမ်းသာနှင့်လူဆင်းရဲ အဖေနှစ်ယောက် (Part 4)

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts