ဘဝရဲ့ အကြီးဆုံးထောင်ချောက်ကို ရှောင်ကြဉ်ခြင်း

ဘဝရဲ့ အကြီးဆုံး ထောင်ချောက်ကို ရှောင်ကြဉ်ခြင်း (Part 7 – The End)

“ငါ ဒီနေ့ ပြောခဲ့တာတွေ နည်းနည်းရိုင်းမယ်။ ကြမ်းချင်လည်း ကြမ်းမယ်။ အကြောင်းရှိလို့ အဲဒီလို ရိုင်းရကြမ်းရတာပါ။ ငါပြောတာတွေကို ထာဝရ မမေ့စေချင်လို့ပဲ ဆိုပါတော့။ မင်းတို့အနေနဲ့ မစ္စစ်မာတင်နဲ့ ပတ်သက်လို့ ငါပြောတာကိုလည်း ရင်ထဲမှာပဲ သိမ်းထားပါ။ နောက်ပြီး မင်းတို့မှာ ကြောက်ရွံ့စိုးရိမ်မှုနဲ့ လောဘရမ္မက်ဆိုတဲ့ စိတ်လှုပ်ရှားမှု နှစ်မျိုးရှိရာက ဘဝရဲ့ ဒုက္ခထောင်ချောက်ထဲ အရောက်ဆွဲချသွားမယ်ဆိုတာလည်း ဘယ်တော့မှ မမေ့ကြနဲ့။ အဲဒီ မကောင်းဆိုးဝါးနှစ်ကောင်ကို နိုင်အောင်ထိန်းဖို့ ကြပ်ကြပ်သတိထား။

မင်းတို့ဘဝတစ်ခုလုံး ကြောက်ရွံ့မှုနဲ့ အထိတ်ထိတ်အလန့်လန့် အသက်ရှင်နေရတာ၊ အိမ်မက်တွေကို လက်တွေ့ အကောင်အထည်မဖော်နိုင်တာဟာ ကျိန်စာသင့်တာထက် ပိုဆိုးတယ်။ ငွေအတွက် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး၊ အဲဒီငွေနဲ့ တဒင်္ဂ ချမ်းမြေ့ပျော်ရွှင်မှုရအောင် ပစ္စည်းတွေ ဝယ်ပစ်ဖို့ စဉ်းစားရတာဟာလည်း ဆိုးတာပဲ။ ညသန်းခေါင်သန်းလွဲ လန့်နိုးပြီး အကြွေးပူတွေ ဘယ်လိုဆပ်ရပါ့မလဲ စဉ်းစားရတာဟာလည်း ကြောက်စရာကောင်းတဲ့ ဘဝပဲ။ ချက်လက်မှတ်ကို အရိပ်တကြည့်ကြည့်နဲ့ တသသလုပ်နေရတာလည်း ချမ်းမြေ့သာယာတဲ့ ဘဝလို့ မခေါ်နိုင်ဘူး။ လုံခြုံစိတ်ချ ဘဝအာမခံချက်ရှိတဲ့အလုပ် ရပြီလို့ထင်တာကလည်း မင်းတို့ကိုယ်မင်းတို့ လိမ်တာပဲ။ ဒါတွေဟာ ဆိုးဝါးရက်စက်ပြီး၊ မင်းတို့ကို အတတ်နိုင်ဆုံးရှောင်စေချင်တဲ့ ထောင်ချောက်တွေပေါ့။

ငါဟာ ငွေက လူတွေရဲ့ ဘဝကို ဘယ်လို လွှမ်းမိုးပြီး စေလိုရာစေခဲ့တယ်ဆိုတာ တွေ့ခဲ့ပြီးသား။ ဒီအဖြစ်မျိုး မင်းတို့ မကြုံစေနဲ့။ ကျေးဇူးပြုပြီး မင်းတို့ဘဝကို ငွေက ဦးဆောင်မောင်းနှင်ခွင့် မပေးလိုက်ပါနဲ့”

“အဲဒီလို မဖြစ်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ”

“မင်းတို့ရဲ့ စိတ်အလျဉ်ကို တွေးတော စဉ်းစားဖို့ပဲ သုံးပါ။ စိတ်လှုပ်လှုပ်ရှားရှားနဲ့ မစဉ်းစားမိစေနဲ့။ မင်းတို့ လှုပ်ရှားမှုကို မင်းတို့ ထိန်းချုပ်နိုင်တယ်ဆိုတာ အခမဲ့ အလုပ်လုပ်ပေးဖို့ သဘောတူလိုက်တည်းက ငါရိပ်မိပြီးပြီ။ ရှေ့မျှော်လင့်ချက် အလားအလာ ကောင်းရှိသူတွေမှန်း သိလိုက်တယ်။ မင်းတို့ကို လုပ်ခ အဆမတန်တိုးပေးမယ် ဆိုတုန်းကလည်း မင်းတို့ ပကတိစိတ်ကို အာခံပြီး ငြင်းချက်ထုတ်ခဲ့တာ တွေ့ရပြီး၊ မင်းတို့ဟာ စဉ်းစားဉာဏ်သုံးတတ်တယ်လို့ ငါ အမှတ်ပေးမိတယ်။ ဒါဟာ ပထမခြေလှမ်းပဲကွ။”

“ဒီအချက်ဟာ ဘာကြောင့် သိပ်အရေးကြီးရတာလဲ ခင်ဗျ” ကျွန်တော်က မေးမိတယ်။

“အေး၊ ဒါတော့ မင်းတို့ဘာသာ မင်းတို့ ရှာရမယ့် အဖြေပဲ။ တကယ်လို့ မင်းတို့ လေ့လာချင်တယ်ဆိုရင် မင်းတို့ကို ဘယ်သူမှ အနားမကပ်ချင်တဲ့ အလုပ်ကြမ်းစခန်းကို ခေါ်သွားမယ်။ ငါနဲ့ ရှေ့ဆက် လက်တွဲသွားရင်တော့ ငွေအတွက် အလုပ်လုပ်ရမယ့်အစား ငွေကို ပြန်ခိုင်းတဲ့ နည်းလမ်းတွေ၊ ပညာတွေ တတ်လာမှာ မုချပဲ”

“အလုပ်ကြမ်းစခန်းဆိုတာကော တကယ်ရှိလို့လား”

“သိပ် ရှိတာပေါ့။ အဲဒါက တို့ရဲ့ စိုးရိမ်ကြောက်ရွံ့မှုနဲ့ လောဘရမ္မက်တွေပဲလေ။ ကြောက်ရွံ့မှုကို ရင်ဆိုင်တိုးဝင်ပြီး တို့ရဲ့ လောဘ၊ တို့ရဲ့ ပျော့ညံ့ချက်၊ တို့ရဲ့ လိုအပ်မှုတွေကို ဆန့်ကျင်ပယ်ချပစ်တာဟာ ထွက်ပေါက်ပဲ။ ဒီထွက်ပေါက်ဟာ စိတ်အစဉ်ကို ကိုယ်ပိုင်အတွေးတွေနဲ့ ဖြတ်သန်းသွားရတဲ့ ထွက်ပေါက်ပေါ့”

“ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အတွေးတွေနဲ့။ ဟုတ်လား”

မိုက်က ခေါင်းရှုပ်သွားသလို ဝင်မေးလိုက်တယ်။

“ဟုတ်တယ်။ မင်းတို့ စိတ်ဆန္ဒအတိုင်း လိုက်လုပ်တာထက် စဉ်းစားတွေးခေါ်ဖို့ ပြောတာ။ စောစောထ အလုပ်သွား ပြဿနာရှင်းရမယ့်အစား၊ အကြွေးဆပ်စရာ မရှိလို့ အထိတ်တလန့်နဲ့ ချောက်ချားပြီး ကြောက်အားတွေ ပိုနေမယ့်အစား စဉ်းစားပြီး အဖြေရှာပါ။ စဉ်းစားခြင်းဟာ မင်းကိုယ်မင်း မေးခွန်းထုတ်ဖို့ အချိန်ရစေပါတယ်။ ဥပမာ အလုပ်ကို အပတ်တကုတ်ကျုံးရုန်းလုပ်တာဟာ မပြေလည်မှု ပြဿနာတွေရဲ့ အကောင်းဆုံး အဖြေလား ဆိုတာမျိုးပေါ့။ အဲဒါ ငါဆိုလိုတဲ့ စဉ်းစားခြင်းပဲ”

“ဒီလိုဆို ကျွန်တော်တို့ ဘယ်လိုစဉ်းစားရမလဲ”

“ဒါကို နောက်တော့ ငါ ထပ်သင်ပေးမယ်။ ဘာမဆို အလွယ်တကူ ဒူးထောက် အရှုံးပေးလိုက်တာ၊ မိုးလင်းစာလေး တက်သုတ်ရိုက်စားပြီး အလုပ်ထဲ တန်းပြေးရတာတွေထက်သာတဲ့ စဉ်းစားပုံ စဉ်းစားနည်းတွေ အပိုင်ရအောင် ငါ သင်ပေးမယ်။ ပြီးတော့ လူတိုင်းလူတိုင်း အလုပ်ရှိမှ ဖြစ်မယ်။ သူဌေးတွေဟာ ကောက်ကျစ်စဉ်းလဲတယ်။ လုပ်ခ တိုးရသင့်နေပြီ။ ကျုပ်ကို နှိမ်မထားပါနဲ့။ ဒီအလုပ် ကျုပ်နှစ်သက်တယ်။ ဒီအလုပ်က အာမခံချက်အပြည့်ပဲ စတဲ့ စိတ်အလိုကို လိုက်တွေးတဲ့ အတွေးတွေကို ဖယ်ရှားတတ်အောင် ငါသင်ပေးမယ်။ ဒီလိုနဲ့ ဒီနေရာမှာ ငါ ဘာများလိုသွားပါလိမ့်ဆိုတဲ့ အတွေးမျိုး ခေါင်းထဲ သွင်းပြီး စိတ်အလိုလိုက်တဲ့ အတွေးတွေကို ဖောက်ခွဲချေဖျက် ပစ်တတ်ရမယ်။ ခေါင်းရှင်းရှင်းအေးအေးလေးနဲ့ စဉ်းစားတတ်လာစေရမယ်”

ကျွန်တော့်အဖို့တော့ တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေပဲလို့ ဝန်ခံရပါတော့မယ်။

တစ်ယောက်ယောက်ဟာ ပါးစပ်ဟလိုက်တာနဲ့ သူ့စိတ်အခြေအနေကို ပြတ်ပြတ်သားသား သိခွင့်ရမှာ ဖြစ်ပါတယ်။

ဒါဟာ ကျွန်တော့်ဘဝတစ်သက်တာမှာ အထောက်အကူပြုမယ့် သင်ခန်းစာပါပဲ။ အထူးသဖြင့် ကျွန်တော်ဟာ စိတ်လွတ်ကိုယ်လွတ်နဲ့ ပြောမိတာမျိုး၊ မရှင်းမလင်း တွေးတာမျိုးတော့ မရှိနိုင်တော့ဘူးပေါ့။

အဲဒီနေ့က ကျွန်တော်နဲ့ မိုက်ဟာ သူဌေးဖေဖေပြောတဲ့ စကားတွေကို သိပ် ဂဃနဏ နားမလည်ခဲ့ပေမယ့် နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာတော့ ပိုပိုပြီး နားလည်ခဲ့ရပါတော့တယ်။

ဆက်လက်ဖတ်ရှုရန် >> သူဌေးတွေ ဘာကြောင့် ပိုချမ်းသာရသလဲ (Part 1)

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts