သူဌေးတွေ ဘာကြောင့် ပိုချမ်းသာရသလဲ

သူဌေးတွေ ဘာကြောင့် ပိုချမ်းသာရသလဲ (Part 1)

၁၉၉၀ ခုနှစ်အတွင်းမှာ ကျွန်တော်ရဲ့ အကောင်းဆုံးသူငယ်ချင်းမိုက်ဟာ သူ့အဖေရဲ့ အရိုက်အရာကိုခံပြီး သူ့အဖေထက် သာအောင် အစွမ်းတွေပြခဲ့ပါတော့တယ်။

ကျွန်တော်တို့နှစ်ယောက်ဟာ တစ်နှစ် တစ်ကြိမ်နှစ်ကြိမ်ဆိုသလို ဂေါက်ကွင်းမှာ ဆုံတွေ့လေ့ရှိကြပါတယ်။

သူနဲ့ သူ့ဇနီးဟာ ခင်ဗျားခန့်မှန်းနိုင်တာထက် ပိုပြီး ချမ်းသာနေကြပါပြီ။

၁၉၉၄ ခုနှစ် ကျွန်တော့်အသက် ၄၇နှစ်မှာ အလုပ်က အနားယူလိုက်ပါတယ်။ ကျွန်တော့်ဇနီး ကင်မ်ကတော့ ၃၇နှစ်ပေါ့။ အနားယူတယ်ဆိုတာ အလုပ်မလုပ်တော့ဘူးဆိုတဲ့ အဓိပ္ပါယ် မထွက်ပါဘူး။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးသည်အတွက် ကြိုတင်မမြင်စွမ်းနိုင်တဲ့ ဧရာမဘဝ အလှည့်အပြောင်းကြီးတစ်ခုကို (ကျွန်တော်တို့ အလုပ် လုပ်လုပ်၊ မလုပ်လုပ် ငဲ့ကွက်စရာ မလိုဘဲ) ရင်ဆိုင်လိုက်တယ်လို့ ဆိုလိုတာ ဖြစ်တယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့ ချမ်းသာကြွယ်ဝမှုဟာ အလိုအလျောက် တိုးပွားနေတယ်၊ ငွေကြေးဖောင်းပွတာကို မှုစရာမလိုတဲ့ အခြေအနေမှာ ရောက်နေတယ်လို့ ပြောရမှာပါ။ ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်ရှိတဲ့ ဥစ္စာစီးပွားတွေဟာ သူ့အလိုလို ပွားများလာရာက တစ်သက် စားမကုန်အောင် ကြီးမားပြည့်စုံနေခဲ့ပြီလေ။

ဒါဟာ သစ်တစ်ပင် စိုက်တာနဲ့ တူပါတယ်။ နှစ်နဲ့ချီပြီး ရေလောင်းပေးတဲ့အခါ အဆုံးတစ်နေ့မှာ ဆက်လောင်းစရာ မလိုတော့ဘဲနဲ့ အသီးအပွင့်တွေ အလျှံပယ် ဆွတ်ခူးစားသုံးရတော့တာပါပဲ။ သူ့ရဲ့ အရင်းအမြစ်တွေဟာလည်း နက်နက်ရှိုင်းရှိုင်း ထိုးဝင်ရှင်သန်ခဲ့ရာက ခင်ဗျားရဲ့ ချမ်းမြေ့ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးတာလည်းပဲ ဖြစ်ပါတယ်။

မိုက်ကတော့ သူ့ပိုင်နက် စီးပွားရေးနယ်ပယ်မှာ ဆက်လက်မင်းမူနေပေမယ့်၊ ကျွန်တော်တို့ကတော့ အငြိမ်းစားယူဖို့ ရွေးချယ်ခဲ့တယ်။

ဒီနေ့ဆိုရင် လူအတော်များများဟာ နေ့ချင်းညချင်း မီလျံနာသူဌေးကြီးတွေ ဖြစ်ကုန်တာ တွေ့ရပါတယ်။ ပြီးတော့ ခုလို လူတွေ ချမ်းသာသည်ထက် ချမ်းသာလာတာကို ဝမ်းမြောက်ဝမ်းသာဖြစ်ရင်း တစ်ခုသတိပေးမိတာက ရေရှည်မှာ ပိုပြီးကြီးပွားချမ်းသာဖို့ထက်၊ ချမ်းသာမှုကို လက်မလွတ်တမ်း ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ပါပဲ။

အများစုဟာ ချမ်းသာအောင် ကြိုးစားရင်းကပဲ ခြောက်လက်မအနက် အုတ်မြစ်တိမ်တိမ်လေးနဲ့ အင်ပါယာ စတိတ်အဆောက်အဦးကြီးလို နန်းတော်မျိုးဆောက်ဖို့ ကြံရွယ်ကြပါတယ်။

ချာတိတ်တွေကလည်း ဘဏ္ဍာငွေကြေးနဲ့ ပတ်သက်လို့ ဘာအခြေခံပညာမှ မပါဘဲ ဘွဲ့တွေယူပြီး ကျေနပ်နေကြတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ မြို့လယ်နေရတဲ့ ဘဝနဲ့ ကြွေးလည်ပင်းခိုက်၊ မအိပ်နိုင် မစားနိုင်ဖြစ်၊ အမေရိကန်အိမ်မက်ကို မက်၊ ဖြတ်လမ်းနည်းက အမြန်သူဌေးဖြစ်နည်းကြံရင်း ငွေကြေးပြဿနာကို ဖြေရှင်းဖို့ ကြိုးစားမိကြပါလေရော။

မိုးပျံတိုက်ကြီးတွေ စ,ဆောက်တယ်။ ဆောက်စကတော့ မြန်သလား သွက်သလား မမေးနဲ့။ ဒါပေမယ့် မကြာခင်မှာပဲ အင်ပါယာစတိတ်ကြီးဖြစ်မလာဘဲ မြို့လယ်က ရွဲ့စောင်းနေတဲ့ မျှော်စင်သာ ဖြစ်ခဲ့ရတယ်။ အိပ်မပျော်တဲ့ ညတွေ အလည်လာကြပြန်ပါရော။

ဆက်လက်ဖတ်ရှုရန် >> သူဌေးတွေ ဘာကြောင့် ပိုချမ်းသာရသလဲ (Part 2)

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts