စကားထာရဲ့ အဖြေ တစ်စွန်းတစ်စ၊ ပဟေဠိရဲ့ သဲလွန်စတွေကတော့ ရေးတေးတေး ပေါ်လာပါပြီ။ ကျွန်တော်ရဲ့ ပညာတတ်ဖေဖေဟာ ပညာတွေ အကြီးအကျယ်တတ်ပြီး ကောင်းပေ့ဆိုတဲ့ အလုပ်လည်း ရထားသူပါ။ ဒါပေမယ့် သူ ပညာသင်ခဲ့တဲ့ ကျောင်းက ငွေအကြောင်း၊ ဒါမှမဟုတ် စိုးရိမ်မှု အကြောင်း သင်မပေးခဲ့ပါဘူး။
အဖေနှစ်ယောက်ရဲ့ အရေးကြီးတဲ့ ကွာခြားချက်ကို ကျွန်တော် သဲသဲကွဲကွဲ မြင်လိုက်ရတာပါပဲ။
“ငွေကို တပ်မက်မှုဟာ ကျွန်တော်တို့ အတွေးတွေကို ဘယ်လို အကျိုးသက်ရောက်စေပါသလဲ ဖေဖေ” မိုက်ကမေးတဲ့အခါ…
“မင်းတို့ကို လုပ်ခတိုးပေးမယ်ဆိုတုန်းက မင်းတို့ ဘယ်လိုခံစားလိုက်ကြရသလဲ။ မင်းတို့ နှလုံးခုန်သွားတာတွေ သတိထားမိလိုက်ကြရဲ့လား”
ကျွန်တော်တို့ ပြိုင်တူ ခေါင်းညိတ်ပြလိုက်မိပါတယ်။
“မင်းတို့ဟာ မင်းတို့ရဲ့ စိတ်လှုပ်ရှားမှုနောက်မလိုက်ဘဲ ဆုံးဖြတ်ချက်ချဖို့ အချိန်ယူ စဉ်းစားခဲ့ကြတယ် မဟုတ်လား။ အေး၊ အဲဒါ အရေးကြီးဆုံးပဲ။ တို့တစ်တွေမှာ စိုးရိမ်ကြောက်လန့်မှုနဲ့ အလိုရမ္မက်စိတ်တွေ အချိန်ပြည့်ရှိနေတယ်လေ။ ခုချိန်ကစပြီး အဲဒီ စိတ်လှုပ်ရှားမှုတွေထဲက အမြတ်ထုတ်ဖို့နဲ့ မင်းရဲ့ အတွေးတွေကို ကြိုးကိုင်ထိန်းချုပ်ထားဖို့ဟာ မင်းတို့အတွက် အရေးကြီးဆုံးပဲလို့ မှတ်လိုက်ကြ။
လူများစုက စိုးရိမ်မှုနဲ့ အလိုရမ္မက်ကို ဆန့်ကျင်ဘက်လုပ်ပြီး သူတို့ကိုယ် သူတို့ ဒုက္ခပေးတယ်။ ဒါဟာ အသိဉာဏ်ခေါင်းပါးခြင်းရဲ့ အစပဲ။ လူတော်တော်များများကလည်း တစ်သက်လုံး ငွေနောက်လိုက်ရင်း သေကြရတာပဲ။ သူတို့ဟာ စိတ်လှုပ်ရှားမှုက ဦးဆောင်သွားတဲ့ အတွေးတွေဟာ ဘယ်ငရဲကို ပို့သလဲဆိုတာတောင် မေးခွန်းထုတ်ဖို့ မကြိုးစားလိုက်ကြဘူး။
တကယ်တော့ ဒါဟာ လှည်းဆွဲတဲ့ မြည်းမိုက်တစ်ကောင်ရဲ့ ပုံပြင်နဲ့ အတူတူပဲ။ လှည်းရှင်က မြည်းနှာရိုးရှေ့မှာ မုန်လာဥကိုပြပြီး ပြေးခိုင်းတာလေ။ ဒီလိုနဲ့ လှည်းသာ လိုရာရောက်သွားမယ်။ မြည်းကတော့ အလှည့်စားခံရတုန်းပဲ။ နောက်တစ်နေ့ကျတော့လည်း နောက်မုန်လာဥတစ်လုံးနဲ့ အစားထိုးလိုက်ဦးမှာပဲ။”
“အန်ကယ်ပြောတဲ့ အဓိပ္ပာယ်က ကျွန်တော်ဘေ့စ်ဘောလက်အိတ်အသစ်လေးတွေ၊ သကြားချောင်းနဲ့ ကစားစရာတွေကို စိတ်ကူးယဉ်ပုံဖော်ပြီး စွဲလန်းတမ်းတနေမိတာနဲ့ တူနေပါလား”
“အစစ်ပဲ။ ဒီအပြင် မင်းကြီးလာတဲ့အခါ ကစားစရာတွေကလည်း ပိုဈေးကြီးလာတော့မပေါ့။ မင်းမိတ်ဆွေတွေကို ရှိုးထုတ်ဖို့ မော်တော်ဘုတ်တွေ၊ နန်းတော်အိမ်ကြီးတွေလေ”
သူဌေးဖေဖေက အပြုံးတစ်ချက်နဲ့ စကားဆက်ပြန်ပါတယ်။
“ကြောက်စိတ်က မင်းတို့ကို လက်ယပ်ခေါ် မြူဆွယ်ရာက ကျောက်တောင်တွေကို ခေါင်းနဲ့ ပြေးတိုက်ခိုင်းလိုက်တာပဲ။ ထောင်ချောက်ရဲ့ သဘောက အဲဒါပဲ”
“ဒါဖြင့် အဖြေက ဘာလဲ ဖေဖေ”
“အလိုရမ္မက်နှင့် စိုးရိမ်မှုကို ပြင်းအားကောင်းစေတာကတော့ အသိတရားနည်းပါးမှုပဲ။ ဒါဟာ လူချမ်းသာတွေ ချမ်းသာလေလေ၊ စိုးရိမ်မှု ပိုကြီးလေလေ ဖြစ်နေရတာ ဘာကြောင့်လဲဆိုတဲ့ အဖြေပဲ။ ငွေဟာ မုန်လာဥနှင့် တူတဲ့ အာရုံလှည့်စားမှုပဲ။ မြည်းသာ အဖြစ်မှန်တစ်ခုလုံးကို သိရင် ဖြားယောင်းတဲ့ မုန်လာဥနောက် လိုက်သင့် မလိုက်သင့် စဉ်းစားမှာ သေချာတယ်”
ဒီနောက် အကြာကြီး တိတ်ဆိတ်သွားပါတယ်။ သူဌေးဖေဖေ ပြုံးနေတယ်။
အဲဒီနေ့က သူပြောသမျှ အားလုံးကို ကျွန်တော် လိုက်မမှတ်နိုင်ပါ။ ဒါပေမယ့် ဆရာကောင်းဆိုတာ သူတို့ပို့ချတဲ့ စကားလုံးကို အသည်းစွဲအောင် ပြောနိုင်ခဲ့တာကလား။ သူတို့ မျက်ကွယ်ပြုသွားတဲ့ တိုင်အောင်လည်း ဆယ်စုနှစ်ပေါင်းများစွာ ယနေ့ထိ ကျွန်တော့်ဦးနှောက်ထဲက ပျောက်မသွားပါ။
အဲဒီတုန်းက သူဌေးဖေဖေ စကားတွေထဲမှာ …
ဆက်လက်ဖတ်ရှုရန် >> ဘဝရဲ့ အကြီးဆုံး ထောင်ချောက်ကို ရှောင်ကြဉ်ခြင်း (Part 7 – The End)
ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။