ဘဝရဲ့ အကြီးဆုံးထောင်ချောက်ကို ရှောင်ကြဉ်ခြင်း

ဘဝရဲ့ အကြီးဆုံး ထောင်ချောက်ကို ရှောင်ကြဉ်ခြင်း (Part 3)

“ဒီလိုနဲ့ သူတို့ဟာ ငွေစငွေနလေးတွေ လက်ထဲရသွားတော့ ပျော်သွားတယ်။ ဟိုဟာ လိုချင်၊ ဒီဟာ လိုချင်ဖြစ်လာပြန်တယ်။ လောဘရဲ့ လွှမ်းမိုးမှု ခံလိုက်ရတယ်။ ဒီနောက် စဉ်းစားဆင်ခြင်လုပ်ရမယ့်အစား အလုပ်ပြန်လုပ်ကြတယ်”

“ဒါဖြင့် သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေက သူတို့ အတွေးတွေကို ဖန်တီးတယ်ဆိုပါတော့”

မိုက်က ပြောတဲ့အခါ သူဌေးဖေဖေက . . .

“အဲဒါအမှန်ပဲ။ သူတို့ရဲ့ ခံစားချက်ကို အမှန်အတိုင်းပြောရမယ့်အစား ဖုံးကွယ်ထားတဲ့ ခံစားချက်တွေအရ မစဉ်းမစား လုပ်ကြတယ်။ ကြောက်ရွံ့မှုကို ခံစားပြီး အလုပ်ခွင်ဝင်ကြတယ်။ ငွေက ကြောက်ရွံ့စိတ်ကို ငြိမ်အောင် သတ်ပေးမယ်အထင်နဲ့ ငွေထပ်ရှာ။ ဒါပေမယ့် ထင်ကြေးမကိုက်။ ဒီလိုနဲ့ အလုပ်နဲ့ ငွေရဲ့သံသရာထောင်ချောက်မှာ တဝဲလည်လည်ဖြစ်။ ကြောက်ရွံ့မှုကိုတော့ ဖယ်ဖျောက်မောင်းထုတ်လို့မရ။ မနက်အိပ်ရာထတာနဲ့ ကြောက်ကြောက်လန့်လန့် ရင်တထိတ်ထိတ် လန့်နိုးရတာချည်းပဲ။ သန်းပေါင်းများစွာသော လူတွေဟာ အဲဒီကြောက်ရွံ့မှုဒဏ်နှင့် ညဉ့်သန်းခေါင်လည်း နိုး၊ ဂယောင်ချောက်ချား ကသောင်းကနင်းနှင့် သောကတွေပွား။ ဒီတော့ မနက်စောစော ထ၊ အလုပ် သွား၊ လကုန်လို့ လခရရင် ကြောက်ရွံ့မှု အေးသွားမှာပဲလို့ မျှော်လင့်။ ဒီလိုနဲ့ သူတို့ဘဝမှာ ငွေက အရှင်သခင်အဖြစ် ခြယ်လှယ်လာတော့တယ်။ ဒါကို သူတို့ အမှန်အတိုင်း မပြောကြဘူး။ ဒီလိုနဲ့ ငွေက သူတို့စိတ်လှုပ်ရှားမှုနဲ့ သူတို့ရဲ့ အသက်ဝိညာဉ်ကိုတောင် ပိုင်စိုးကြိုးကိုင်ခဲ့ကြပြန်ရော။”

သူဌေးဖေဖေက ကျွန်တော်တို့ကို သူ့စကား စဉ်းစားဖို့ အချိန်ပေးသလို ငြိမ်ပြီး ထိုင်နေလိုက်ပါတယ်။

ကျွန်တော်နဲ့ မိုက်အဖို့ သူပြောတာတွေကို ကြားမည့်သာကြားပြီး၊ ရှင်းရှင်းလင်းလင်း နားမလည်သေးတာတော့ အမှန်။

အဲ…လူကြီးတွေ ဘာကြောင့် ရေးကြီးသုတ်ပျာနှင့် အလုပ်သွားနေကြလဲ ဆိုတာကိုတော့ ရေးတေးတေးသိလာသလိုလို။

သူတို့ကြည့်ရတာ သိပ်စိတ်ပါပုံ မရသလို၊ ပျော်ရွှင်ကြည်နူးတဲ့ အရိပ်လက္ခဏာတွေလည်း တစ်ခါမှ မမြင်ရ။ ဒါပေမယ့် ဝဋ်ကြီးတစ်ခုလို အလုပ်နှင့် အိမ်၊ အိမ်နှင့် အလုပ် ပြေးနေလျက်သား။

တဖြည်းဖြည်းနဲ့ သူ ဘာကို ပြောနေတယ်ဆိုတာ အနီးစပ်ဆုံး သဘောပေါက်တာနှင့်အမျှ သူဌေးဖေဖေ ဆက်ပြောပုံက…

“ဖေဖေ့ အနေနဲ့ သားတို့ဟာ ဒီထောက်ချောက်ကို ရှောင်စေလိုတယ်။ ဒါဟာ မင်းတို့ကို သင်ပေးချင်တဲ့ တကယ့်အချက်ပဲ။ သူဌေးဖြစ်ရုံလေး မတွက်နဲ့။ ဘာကြောင့်ဆို ချမ်းသာရုံသက်သက်နဲ့ ပြဿနာတွေဖြေရှင်းနိုင်မှာ မဟုတ်သေးဘူး

“မရှင်းနိုင်ဘူး။ ဟုတ်လား”

ကျွန်တော်က အံ့အားတသင့် မေးမိပါတယ်။

“ဘယ် ရှင်းနိုင်လိမ့်မလဲ။ ကဲ၊ ကဲ ငါ စိတ်လှုပ်ရှားမှု နောက်တစ်ခုအကြောင်း ပြီးအောင် ပြောပါရစေ။ အဲဒါကတော့ အလိုရမ္မက်ပဲ။ တစ်ချို့ကလည်း လောဘလို့ ခေါ်ကြတယ်။ ငါကတော့ ရမ္မက်လို့ခေါ်ရတာ ပိုသဘောကျတယ်။ လူတွေဟာ ပိုကောင်း၊ ပိုလှတာတွေကို ရလိုကြ၊ မက်မောကြပြီး ပို ဝမ်းသာပျော်ရွှင်ချင်ကြတာ ပင်ကိုသဘာဝပါပဲ။ ဒီတော့ ငွေရဖို့ အလုပ်လုပ်ကြတာဟာ အဲဒီ ရမ္မက်ဆန္ဒကြောင့်လို့ ဆိုရမယ်။ သူတို့လိုချင်တာ ဝယ်ပြီး ဝမ်းသာပျော်ရွှင်မှုယူဖို့ ငွေကို မက်မက်မောမော ရှာကြတယ်။ ဒါပေမယ့် ငွေကပေးတဲ့ ပျော်ရွှင်ဝမ်းသာမှုဟာ တဒင်္ဂကလေး၊ သက်တမ်းတိုလေးဆိုတော့ ထပ်ပျော်ရွှင်ဝမ်းသာဖို့၊ အာမခံချက်ရဖို့ ငွေတွေ ထပ်လိုလာပြန်ရော။ ဒီလိုနဲ့ သူတို့ရဲ့ စိုးရိမ်မှု နဲ့ ရမ္မက်ကို အရင်းပြုပြီးတော့ ဒုက္ခဆင်းရဲရောက်နေတဲ့ စိတ်ဝေဒနာကို ငွေက ချော့မြှူကုစားနိုင်မယ် အထင်နဲ့ ငွေကိုထပ်ရှာဖို့ အလူးအလဲ အလုပ်လုပ်ကြပြန်ရော။ တကယ့်တကယ်မှာ ငွေက သူတို့ကို သက်သာရာ မရစေပါဘူး”

“ဒါဖြင့် သူဌေးတွေကျတော့ရော

ဆက်လက်ဖတ်ရှုရန် >> ဘဝရဲ့ အကြီးဆုံး ထောင်ချောက်ကို ရှောင်ကြဉ်ခြင်း (Part 4)

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts