တိတ်ဆိတ်သောအချိန်

တိတ်ဆိတ်သောအချိန် (Part 1)

မနက်စောစောနိုးတဲ့အခါ ကျွန်မအိမ်ရဲ့ Roof Top ပေါ်ကို တက်သွားတယ်။ အဲဒီကနေကြည့်ရင် စွယ်တော်မြတ်စေတီကို ဖူးရတယ်။ ပြီးရင် ရေကန်ကို မြင်ရတယ်။ သိပ်လှတဲ့ တိမ်တွေကို တွေ့ရတယ်။ တစ်ခါတလေ လေယာဉ်ပျံတွေ ဖြတ်ပျံသွားတာကို တွေ့ရတယ်။ ငှက်ကလေးတွေလည်း… အစာရှိမဲ့နေရာကို အုပ်လိုက်ပျံသန်း ထွက်လာကြတော့တာပဲ။

မင်္ဂလာရှိတဲ့ မနက်ခင်းမှာ ကောင်းမွန်တဲ့ စွမ်းအားကို ရှိတယ်ဆိုတာ ကျွန်မ အမြဲယုံကြည်ပါတယ်။ ဉာဏ်တွေ ကောင်းနေတဲ့အချိန်၊ စိတ်တွေ ရှင်းနေတဲ့အချိန်မို့…၊ စာတိုလေးတစ်ပုဒ် ဖတ်လိုက်တာ…၊ တရားအတိုလေးတစ်ပုဒ် နာလိုက်တာမျိုးလုပ်ရင် တစ်ခါတည်း စိတ်အေးချမ်းသွားသလို အင်အားတွေလည်း ပြည့်လာရပါတယ်။

စာရေးဖို့ အတွေးစတွေ ပေါ်လာတတ်ပါတယ်။ လုပ်ရမဲ့ အလုပ်ကိစ္စတွေအတွက် အစီအစဉ် ဆွဲပြီးသား မြေပုံကြမ်းတစ်ချပ်ပေါ်လာပါတယ်။

ကျွန်မကတော့ အိမ်မှာ အေးအေးဆေးဆေး စိတ်အပန်းဖြေလို့ရမဲ့နေရာလေးတွေ လိုက်ရှာထားတတ်ပါတယ်။ ခြံအနောက်ဘက် မြေနေရာ ပိစိလေးမှာဆို အမေ့ ကံကော်ပန်းတွေ တစ်ပင်လုံး အသီးတွေထပြီး ဖူးနေတယ်။ ကျွန်မတို့ အိပ်ခန်းခေါင်းရင်းမှာမို့ အခန်းပြတင်းကို ဖွင့်လိုက်တိုင်း ကံကော်ပန်းနံ့တွေကို ရတယ်။ ပွင့်တဲ့အပွင့်တွေကလည်း အခေါင်အဖျားတက်ပွင့်နေကြတယ်…။

ပြီးရင် ခေါင်မိုးပေါ်တက်တဲ့ ဝရန်တာလေးမှာ သရက်ပင်က အကိုင်းတွေ တိုးဝင်ပြီး သရက်ဖူးတွေ ဖူးနေကြတယ်။ အဲဒီအပင်ကို ချစ်စရာကောင်းတဲ့ ငှက်ဝတုတ်လေးတွေ လာကြတယ်။ စကားတွေ များလိုက်ကြတာဆိုတာ… ဆူညံနေတာပဲ…။ ပျော်ရွှင်မြူးထူးနေကြတာပဲ။

အဲဒီနားမှာ စာရေး၊ စာဖတ်၊ တရားမှတ်ဖို့နေရာလေးလည်း အိမ်မှာရှိတဲ့ သစ်တိုသစ်စလေးနဲ့ လုပ်ထားသေးတယ်။ အပြင်မှာ အလုပ်တွေများပြီး ဘယ်လောက် စိတ်တွေရှုပ်လာ… ရှုပ်လာ၊ ညနေ အိမ်ပြန်ရောက်လို့ ခွေးကလေးတွေနဲ့ အဲဒီနေရာလေးမှာ သွားထိုင်မယ်လို့ စိတ်ကူးလိုက်ရင် အမောကို ပြေသွားတော့တာပဲ။

အိမ်ရှေ့က ပိတောက်ပင်အောက်မှာလည်း ထိုင်ခုံတစ်ခုံရှိတယ်။ သံချေးတောင် တက်နေပြီ။ ဒါပေမဲ့ ထိုင်ပြီးရင် ပြန်မထချင်တော့ဘူး။ ကျွန်မအတွက်တော့ ကမ္ဘာ့အကောင်းဆုံးထိုင်ခုံပဲ။ အိပ်တောင် ပျော်သွားတတ်တယ်။ အဲဒီနေရာက ညနေစောင်းရင်တော့ ခြင်ကိုက်တယ်။ နေ့လည်နေ့ခင်းဆိုရင်‌တော့ လမ်းထဲ မောင်းနေကြတဲ့ မော်တော်ဆိုင်ကယ်သံတွေလည်း သိပ်မကြားရတော့ဘဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ။ လိပ်ပြာတွေလည်း အများကြီးလာကြတယ်။ ညဘက်ဆို ဒီပိတောက်ပင်က အကိုင်းတွေမှာ သူတို့က အတောင်လေးတွေ စုထောင်ပြီး အိပ်ကြတာ…။

ကျွန်မအိမ်မှာ လူတွေ အများကြီးမရှိပေမဲ့ အသံတွေကတော့ သိပ်ဆူတယ်။ ကျွန်မအမေရော… ကျွန်မယောကျာ်းရော… TV အရမ်းကြိုက်ကြတယ်။ တစ်ချိန်လုံး ဖွင့်ထားတာပဲ။

ကျွန်မအမေက TV မကြည့်လည်း ဖွင့်ထားတယ်။ အဲဒီအပြင် ဖုန်းထဲက သတင်းတွေ…၊ သီချင်းတွေ…၊ ဟင်းချက်နည်းတွေပါ ဖွင့်ထားတော့ အသံတွေက နှစ်မျိုးပေါင်း နှစ်ထပ်ကွမ်းပဲ။

ညဘက် အမေ့အခန်းထဲလိုက်သွားရင် ကိုရီးယားသံ… တရုတ်သံတွေနဲ့ TV ဖွင့်နေပြန်ရော။ ကျွန်မ ယောကျာ်း TV ကြည့်တဲ့နေရာကျပြန်တော့ ဒိန်းဒိန်းနဲ့ ပစ်ခတ်နေပြန်ရော…။ TV ရပ်တဲ့အခါ YouTube ကို… တစ်ခါ ကလိနေပြန်ရော။

ကျွန်မမောင်လေးကလည်း အိမ်မှာ ငါးတွေမွေးထားတာ ဧည့်ခန်းမှာတင် ငါးကန်ကြီးနှစ်ကန်…၊ ထမင်းစားခန်းမှာ ငါးကန် တစ်ကန်…၊ အကုန်လုံး အောက်ဆီဂျင်ပိုက်တွေ၊ ရေစစ် Filter တွေနဲ့ ရေတွေ လည်ပတ်စီးဆင်းနေတာများ ရေတံခွန် နားသွားထိုင်နေရသလိုပဲ။ တဝုန်းဝုန်းနဲ့…။ ပိတ်ပစ်တော့လည်း ငါးတွေက ဟစိ ဟစိ… သေတော့မလို ရုပ်တွေဖြစ်လို့…။ သူတို့ကို အားနာရတယ်လေ။

အပိုင်း(၂) အား ဆက်လက်ဖတ်ရှုရန် >> တိတ်ဆိတ်သောအချိန် (Part 2)

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts