ဘဝရဲ့ အကြီးဆုံးထောင်ချောက်ကို ရှောင်ကြဉ်ခြင်း

ဘဝရဲ့ အကြီးဆုံး ထောင်ချောက်ကို ရှောင်ကြဉ်ခြင်း (Part 4)

“သူဌေးတွေလည်း ပါတာပေါ့”

မိုက်ရဲ့ အဖေက မချိပြုံးလေးနဲ့ ပြောရှာတယ်။

“တကယ့်တော့ သူဌေးတော်တော်များများ ချမ်းသာကြရတာဟာ လောဘရမ္မက်ကြောင့် မဟုတ်ဘူးကွ။ ကြောက်ရွံ့စိုးရိမ်မှုကြောင့်ပဲ။ သူတို့က ရှိတာလေးတွေ ကုန်ပြီး၊ ဆင်းရဲမှာ သိပ်ကြောက်ကြတယ်လေ။ ငွေတွေ သုံးမကုန်အောင် ရှိရက်သားနဲ့ အသေအလဲ အလုပ်လုပ်နေတဲ့ မိတ်ဆွေတွေ ငါ့မှာ ရှိတယ်။ တစ်ချို့လူတွေဟာ သန်းချီပြီး ချမ်းသာလာတဲ့ အချိန်မှာ ဆင်းရဲခဲ့တဲ့ အချိန်ကထက် ပို စိုးရိမ်သောကတွေ များနေကြတာလည်း တွေ့ရတယ်။ သူတို့ စည်းစိမ်တွေ လျော့သွားမှာ စိုးတာနဲ့ ပိုချမ်းသာအောင် ကြိုးစားရင်း ပိုဆိုးတဲ့ အခြေအနေရောက်သွားကြတာပဲ။ သူတို့မှာ အဲဒီအားနည်းချက်နဲ့ လိုအပ်ချက်က တခြားလူတွေထက်တောင် အသံ ပိုကျယ်လိမ့်ဦးမယ်။

သူတို့ဟာ ငွေနဲ့ စက်ဝယ်ထားတဲ့ သူတို့ရဲ့ ဧရာမ နန်းတော်လို အိမ်ကြီးတွေ၊ ဇိမ်ခံကားကြီးတွေနဲ့ အထက်တန်းကျကျ နတ်စည်းစိမ် ခံစားရတဲ့ ဘဝတွေကို လက်လွှတ်ဆုံးရှုံး မခံနိုင်ဘူး။ သူတို့ အသိုင်းအဝိုင်းကြားမှာ ဘဝပျက်သွားသူတွေ အဖြစ်နဲ့ မျက်နှာငယ်ရမှာလည်း စိုးကြတယ်။ အတော်များများကတော့ ငွေပုံကြီးပေါ် ထိုင်ပြီး ချမ်းသာနေတယ် ထင်ရပေမယ့်၊ စိတ်ပိုင်းဆိုင်ရာမှာ အခြေအနေဆိုးနေပြီ။ စိတ်ရောဂါအနုစားလေးတွေ ဖြစ်နေတယ်လို့တောင် ဆိုနိုင်တယ်”

“ဒါဖြင့် ဆင်းရဲတဲ့ လူကတောင် သူတို့ထက် ပိုပျော်နိုင်ဦးမယ်ပေါ့”

“ဒီလိုလည်း မဟုတ်သေးဘူး။ ငါတော့ ဆင်းရဲသားတွေလည်း ပျော်နိုင်မယ် မထင်ဘူး။ ငွေကို တန်ဖိုးမထားတတ်တာဟာလည်း ငွေကို ငမ်းငမ်းတက်ဖက်တွယ်နေတဲ့ လူတွေလိုပဲ စိတ်ရောဂါဝေဒနာ ခံစားနေကြရတာပဲ။ လူတွေတော်တော်များများ ပြောသံဆိုသံ ငါကြားဖူးတယ်။ ‘အိုကွာ။ ငါက ငွေကို သိပ်အရေးမစိုက်ပါဘူး’ တဲ့။ အဲဒါနဲ့ သူတို့ဟာ တစ်နေ့ ရှစ်နာရီလုံးလုံး တကုပ်ကုပ်နဲ့ အလုပ်, လုပ်နေကြလေရော။ စင်စစ်တော့ အမှန်တရားကို သူတို့ ငြင်းပယ်တာပါပဲ။ ငွေကို အရေးမစိုက်ဘူးဆိုရင် ဘာဖြစ်လို့ သူတို့ အလုပ်လုပ်နေသေးသလဲ။ ဒီလို တွေးပုံတွေးနည်းဟာ ငွေတစ်ပြားကို နှစ်ပြားမှတ်ပြီး ခွာနေတဲ့ ဦးကပ်စေးတွေထက်တောင် ပိုပြီးရူးရာကျသေးတယ်

သူဌေးဖေဖေစကားကို နားထောင်နေရင်းက ကျွန်တော့်နားထဲတွင် ကျွန်တော့်အဖေရင်း ထပ်တလဲလဲ ပြောနေကျစကားကို ကျွန်တော် ကြားယောင်မိပါတယ်။

“ငါ ငွေကို စိတ်မဝင်စားပါဘူး” တဲ့။ ဒီစကားတွေက သူ့လက်သုံးစကားဖြစ်သလို၊ သူ့ကိုယ်သူ ကာကွယ်တဲ့ အနေဖြင့်လည်း… “ ငါ အလုပ်လုပ်တာ အလုပ်ကို ချစ်လို့ကွ” လို့ ပြောနေကျပါ။

ကျွန်တော်က မေးလိုက်ပါတယ်။ “ဒီတော့ ကျွန်တော်တို့ ဘာလုပ်ရမလဲ။ စိုးရိမ်မှုနှင့် လောဘတွေအားလုံး ကုန်ခမ်းသွားတဲ့အထိ ငွေရဖို့ အလုပ်မလုပ်ဘဲ နေရမှာလား။”

ဆက်လက်ဖတ်ရှုရန် >> ဘဝရဲ့ အကြီးဆုံး ထောင်ချောက်ကို ရှောင်ကြဉ်ခြင်း (Part 5)

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်

Related Posts