နိပွန်-ဗမာ ယဉ်ကျေးမှု (အပိုင်း-၁)

နိပွန်-ဗမာ ယဉ်ကျေးမှု (အပိုင်း-၁)

ငဘရွာကို ချောချောမောမော ပြန်ရောက်သည်မှာ ကံကြီး၍ဟု ဆိုရပေမည်။

လမ်းတစ်လျှောက်လုံး၌ “မီးတုတ် မီးတုတ်၊ ရှို့ရှို့” ဟူသော ကြွေးကြော်သံကို ကာယကံမြောက် အကောင်အထည်ပေါ်အောင် ကြိုးစားရှာသော တို့ဗမာနှင့် ကရင်မျိုးချစ်ပုဂ္ဂိုလ်တို့မှာ တစ်ယောက်တစ်လှည့်စီ သူ့ရွာကိုယ့်ရွာ မီးတိုက်နေကြသည်။

သို့သော် ငဘအဖို့ သူနှင့်ကရင်များမှာ ရည်းစားလုဘက်မဟုတ်၍တစ်ကြောင်း၊ အရေးအကြီးဆုံးကတော့ မိဖော့နှင့် ကလေးများသာဖြစ်သည်က တစ်ကြောင်း၊ ထိုအကြောင်းတို့ကြောင့် ကြောက်ရမှန်းမသိချေ။ ဆိတ်ကြီးကုန်းရွာရောက်ဖို့ တစ်ရေခရီးလောက်အလိုမှာ ကရင်အဖမ်းခံရသေးသည်။ အဖမ်းခံရ၍ တုန်လှုပ်ခြင်းမရှိ၊ လယ်သမားမှန်သမျှ သူနှင့် သွေးသားတော်စပ်သည်ဟူ၍ချည်း ယူဆထားသူ ဖြစ်လေရာ အဖမ်းခံရသဖြင့် စိတ်ဆိုးရမည်ကိုလည်း သူ မတွေး၊ ကြောက်ရမည်ကိုလည်း မသိ။

“ကျုပ်တော့ သခင်ဖြိုးတုပ် ဓားပြားရိုက်တဲ့ ဒဏ်ရာနဲ့ ဆေးရုံတက်ပြီး ယခု အနာပျောက်လို့ ပြန်ခဲ့ရတာပဲဗျ။ လက်ပြင်ကြောအောက်နားမှာ ကြည့်စမ်းပါလား၊ ဟောဒီမှာ၊ အဲဒါသာ ကြည့်ကြပေရော့။ ခင်ဗျားတို့နဲ့ ကျုပ်တို့နဲ့ဟာ လယ်သမားအချင်းချင်း မကင်းရာ မကင်းကြောင်းဘဲ၊ ကျုပ်တော့ နိုင်ငံရေးသော လူမျိုးရေးသော နားမလည်၊ ကိုယ့်လယ် ကိုယ်လုပ်မှ ထမင်းမှန်မှန်စားရတဲ့လူအချင်းချင်းဟာ ငြိုးသူရန်ဘက်မဟုတ်ဘဲနဲ့ ခံလိုက်ရတယ်ဆိုရင် ဝိပါက ဝဋ်မကင်းလို့ပေါ့ဗျာ၊ မိဖော့နဲ့ ကျုပ် ကလေးငါးယောက်အတွက်သာ ဝမ်းနည်းမိတာပဲ”

ရန်သူ့လက်ထဲရောက်လျှင် သေဘက် နီးသည်ကို ငဘသိ၏။ သို့ရာတွင် ထိုစကားရပ်တို့ကို ငဘက အရေးမကြီးဘိသကဲ့သို့ ပြောသည်။ သည့်ကလောက် ကံဆိုးလာမှပဲ။ သေဖို့လောက်တော့ ဝမ်းနည်းစရာမရှိပြီ။ ထို့ကြောင့် ငဘမှာ ကြောက်လန့်သော အမူအရာလည်းမရှိ၊ မကြောက်ဘူးဟူသော သတ္တိကိုလည်းမပြ။ မယားနှင့် ကလေးငါးယောက်တို့၏ တာဝန်ကို ထမ်းရွက်နေရသော လယ်သမားတစ်ဦးက ခပ်အေးအေး ပြောလိုက်ခြင်းမျှသာ။

ငဘ၏စကားကို ခရစ်၏နောက်လိုက် သိုးငယ်တစ်ဦးဖြစ်သော တရားဟောဆရာ သရာသာဘော်က လယ်သမားတို့၏ ရှေ့ဆောင်လမ်းပြအနေဖြင့် နက်နဲစွာ နားထောင်သည်။

“အဝေး၊ ဒီကိစ္စဟာ ခက်သကွနော်။ ငါတို့ ကရင်တွေကလဲ ခပ်အအ၊ သူတို့ဗမာတွေကလဲ ခပ်ကြွကြွ၊ မကောင်းသူအချင်းချင်း ဖြစ်ကြတာမှာ တို့ အဆစ်ပါလို့ မဖြစ်ဖူးဝဲ့။ ဘုမသိ-ဘမသိနဲ့ ငါတို့ တောသားတွေ ဓားစာခံ ဖြစ်ကုန်လိမ့်မနော်။ လူ့အသက်တစ်ချောင်းဆိုတာ ဘုရားသခင် မဟာကရုဏာတော်နှင့် ပေးထားခဲ့တာပဲဝဲ့။ အလဟဿတော့ မဖြစ်စေနဲ့။ ဘုရားသခင် မျက်မှောက်တော်ကို ရောက်မှ သည်တရားကို ဆုံးဖြတ်ဖို့ကောင်းတယ်” ဟု သရာသာဘော်က လေးလေးတွဲ့တွဲ့နှင့် သြဝါဒပေးလေသည်။

ထို့ကြောင့် ကရင်ရွာ၌ ငဘ သုံးလေးရက်ကြာပြီးမှ ရွာသို့ ပြန်ရောက်သည်။

ဆိတ်ကြီးကုန်းရွာ၌ မိဖော့နှင့် ကလေးများ၊ သာအိ, မြတ်မွှေးတို့ လူသိုက်များ ရောက်နှင့်နေကြပြီ။ ဓားပြရန်ကြောင့် တစ်ကြောင်း၊ ယနေ့ပဲ၊ နက်ဖြန်ပဲ ကရင် တက်စီးတော့မည့်အတိုင်း ကောလာဟလဖြစ်နေ၍ တစ်ကြောင်း ဆိတ်ကြီးကုန်းရွာသို့ တက်လာခြင်း ဖြစ်သည်။

ဆိတ်ကြီးကုန်းရွာ၌ မိသားတစ်စု စုစုဝေးဝေး နေကြရပြန်ပါလည်း အလုပ်အကိုင် မရှိသဖြင့် ထိုင်စားရင်းနှင့်ပင် ဝမ်းစာစပါး အစိတ်လောက်ချောပြီ။ ဦးသာဂေါင်ခမျာမှာ ကာကွယ်ရေးအဖွဲ့သားများနှင့် လူဆိုးပါတီဝင်တို့အား တစ်ဦးကလည်း စောင့်ရှောက်နိုင်ပါရန်၊ တစ်ဦးကလည်း အနှောင့်အယှက်မပြုပါရန် လာဘ်ထိုးသောအားဖြင့် ဒါနပြုရသည်မှာ ဖတ်ဖတ်ဆာ၍ နေချေပြီ။ မိမိလယ်လုပ်သားတို့အား အိမ်တင်၍ ထမင်းကျွေးထားရုံမျှမက သူ့လယ်နှင့် နီးစပ်ရာ အလုပ်သမား အူရိယာမြေတူးသမားတို့ကိုပါ ဆန်၊ ဆီ၊ ဆား၊ ဆေးတို့ကို အမြဲတစေ ထောက်ပံ့နေရ၍ သူ့ဝမ်းစာစပါးမှာလည်း တက်တက်စင် ပြောင်လေပြီ။ စပါးဈေးမှာလည်း အစိတ်ဈေး ဖြစ်နေ၍ မရောင်းရက်။ ငဘ အလိုက်သိစွာ သူ့ဝမ်းစာစပါးထဲကဖဲ့၍ ထုတ်သုံးပါ၏။ သို့သော် ငဘအဖို့လည်း မသက်သာ။ ဦးသာဂေါင်အဖို့လည်း တာဝန်မလျော့။ ထို့ကြောင့် ကရင်-ဗမာ အဓိကရုဏ်းအပြီး၊ ခေတ်သစ် တို့ဗမာအစိုးရဟူသော အမည်ခံ ကျီးအာသီး စစ်အုပ်ချုပ်ရေး ရောက်လာသောအခါ အနည်းငယ်အသက်ရှူ၍ ချောင်သလိုလိုရှိသဖြင့် ကွင်းထဲသို့ ဆင်းပြန်၏။

ဝါဆို၊ ဝါခေါင် ရောက်လာလျက်နှင့် လယ်သမားသည် လယ်ကိုမှ မလုပ်လျှင် ငတ်သေဖို့သာ ရှိတော့သည်။

ထို့ကြောင့် ဦးသာဂေါင်ထံမှ ရသမျှ ငွေကလေးနှင့် မျိုးစပါး ရှာကြံဝယ်ယူပြီး ပျိုးစ၍ထောင်သည်။

ဂျပန်ဝင်စက အရှိန်ကလေးနှင့် ဓားပြရန် အေးပါ၏။ တော်သလင်း၊ သီတင်းကျွတ် နီးလာသော် ဂျပန်စစ်ဘက်ဆိုင်ရာတို့က သူတို့သည် စစ်နှင့်သာဆိုင်သည်၊ ဓားပြ နှိမ်နင်းရေးမှာ ရဲအဖွဲ့တာဝန်ဟု ပြောကာ တာဝန်ကို လုံးလုံးလွှဲချလိုက်သည်။ သေနတ်များ အနှံ့အပြားရှိလျှင် ခိုးသာဓားပြ ဆူပူသည်ဟု အကြောင်းပြကာ လူကြီးလူကောင်းတို့၏ သေနတ်များကို သိမ်းယူသည်။ တောသူတောင်သားတို့ဘာဝ ဈေးစကားအမျိုးမျိုး ထွက်ပေါ်လာသည်။ ငါးအိမ်ထောင်လျှင် ဓားတစ်စင်းမျှသာ ပေးမည်ဆိုသည်။

ှထိုစီမံချက်တို့မှာ စင်စစ် ငပန်တို့က ဓားပြများကို မျက်စပစ်၍ခေါ်ခြင်းမျှသာ ဖြစ်သည်။

မြို့၌လည်းကောင်း၊ နယ်၌လည်းကောင်း၊ တိုင်းပြည်၌လည်းကောင်း ခေါင်းဆောင်အသီးသီးတို့သည် ကရင်-ဗမာ ပြဿနာဖြေရှင်းရန် ချစ်ကြည်ရေးတရားကို တွင်တွင်ဟစ်အော်နေကြကုန်၏။ သို့သော် သူတို့၏ကြွေးကြော်သံမှာ နားလျှံ၍ ထွက်ကုန်သည်။ ကရင်နှင့်ဗမာ လူကြီးလူကောင်းတို့မှာ တစ်ဦးနှင့်တစ်ဦး ယုန်ထင်ကြောင်ထင် ဖြစ်နေကြသည်။ အို…ဖြစ်နေကြမှာပေါ့။ သူတို့တစ်တွေ ပြောသမျှ စကားတွေဟာ လျှာဖျားက ထွက်လာတဲ့ စကားတွေပဲ။ နှလုံးသည်းပွတ်ထဲက လာတဲ့စကားမှမဟုတ်ဘဲ။

ငဘသည် လယ်ဧက အစိတ်တည်းဟူသော သူ့လောကမှနေ၍ စကြာဝဋ္ဌာတစ်ခုလုံးကို သုံးသပ်ကြည့်ဖူးပါသည်။ နေ၊ လ၊ နက္ခတ်၊ တာရာတို့သည် အဘယ်မျှကြီးသည်ဟု ဆိုစေကာမူ မိဖော့ အပျိုဘဝထဲက မိဘများထံမှ အမွေရထားသော ကျောက်ပြင်လောက်တော့ မကြီးပါ။ အဲ…သို့သော် တစ်ခုတော့ရှိပါရဲ့။ ထို နေ၊ လ၊ နက္ခတ်၊ တာရာများအပေါ်ကနေပြီး ငဘ၏ ဧကအစိတ်လောက်ကို စီးကြည့်လိုက်လျှင် ငဘ၏လောကကြီးသည် အကောင်အထည်ဟူ၍ ပေါ်နိုင်တော့မည် မဟုုတ်။ သို့ရာတွင် ငဘသည်ကား အောက်ဆုံးမှနေ၍ အပေါ်သို့ လှန်ကြည့်ရသူဖြစ်လေရာ သူတကာမမြင်နိုင်သော အသေးအဖွဲတို့သည် သူ့မျက်စိတွင် အလွန်တရာ ကြီးကျယ်နေသည်။ ထိုကြီးကျယ်သော အသေးအဖွဲတို့ကို ခြုံပြီး ငဘ တွေးလိုက်သည့်အခါ သူ့အတွေးများသည် အချက်ပိုင်လှသည်။

ကရင်-ဗမာ အရေးဟူ၍ ပေါ်ခါစ၊ ငဘသည် မြို့ဆေးရုံမှ ဆင်းစဉ် ဈေးစကား အရပ်စကားတို့ကို ကောင်းစွာ ကြားခဲ့ရ၍ ကောင်းစွာ မှတ်သားခဲ့ရသည်။ ‘ကရင်တွေကို အင်္ဂလိပ်က လက်နက်အပ်ခဲ့သတဲ့တော့’ ဟု ငါးစိမ်းသည်တစ်ဦးပြောသံကို ငဘ ကြားခဲ့ရသည်။ ‘ဗမာ့လက်ထဲက သေနတ်ကို သိမ်းတာတော့ ဟုတ်ပါပြီ။ ကရင့်လက်ထဲက သေနတ်ကိုတော့ မောင်ပန်တို့က မသိမ်းသေးပါကလား ကျောင်းဒကာရဲ့’ ဟု အကင်းမပါးသော အဘိုးကြီးတစ်ဦးက အခြားတစ်ဦးကို အော်ကျယ်ဟစ်ကျယ် ပြောနေသည့်အတွက် အနီးရှိ မြို့စောင့် တပ်သားများက လက်ကုတ်လိုက်သည်ကိုလည်း ငဘ တွေ့ခဲ့ရသည်။ ငဘသည် ကရင်ရွာများကို ဖြတ်သွားစဉ်က ‘ဗမာဆိုတာ တို့ကရင်ကို ရှေးပဝေသဏီက စပြီး နှိပ်စက်လာခဲ့တာဝေ့။ ဒီတော့ ငါတို့သေနတ်ကို ပြန်အပ်မယ့်အစား အသက်သာ အသေခံမယ်ဝဲ့’ ဟု သေနေသော ရန်မီးကို ပြန်၍မွှေးသော စကားရပ်တို့ကိုလည်း ငဘ ကြားခဲ့ရသည်။

ထိုသို့လျှင် ရှေးရိုးကရင်နှင့် ရှေးဟောင်းဗမာတို့သည် ချစ်ကြည်ရေးဟူသော ခေတ်သစ်စကားကို တွင်တွင်သုံးကာ လူမျိုးရေး အနာဂတ်တို့ဖြင့် ခေတ်နောက်ပြန်ဆွဲ၍နေကြသောကြောင့် စေ့စပ်ရေးမှာ အမြင်လှသော်လည်း အသွင်က တအုံနွေးနွေးရှိချေ၏။

သို့ရာတွင် ခေတ်မီသော ကရင်ဓားပြများနှင့် ဗမာဓားပြများမှာ ချစ်ကြည်ရေးတရားသဘောဖြင့် သွေးစည်းကာ ချောင်းကြိုမြောင်းကြားတစ်လျှောက် ပူးပေါင်းထကြွ တိုက်ခိုက်ကြလေသည်။ ကြာလတ်သော် ယင်းကဲ့သို့ ဓားပြအချင်းချင်း ချစ်ကြည်ရေးစနစ်ကြောင့် ကရင်-ဗမာ ပြဿနာလည်း အလိုလိုဖြေရှင်းရတော့သည်။

ငဘကား ရပ်ဝေးမှ ကရင်-ဗမာ အထင်လွဲမှားစေတတ်သော သတင်းများ ခဏခဏကြားရပါ၏။ သို့သော် သူများရပ်ရွာ ဘယ်လိုနေနေ၊ ငါ့ရပ်ရွာမှာ ငါတို့ ရန်မဖြစ်ရင်ပြီးတာပဲ။ နို့…ကိုယ်ကလည်း ဒီကိစ္စမှာ ဘာမျှဆောင်ရွက်တတ်တာမှ မဟုတ်ဘဲ။ သူများကကော ငါတို့လို ခြောက်ပြားမတန်တဲ့ လယ်သမားကို ဂရုစိုက်နေဦးမှာတဲ့လား။ မိဖော့နဲ့ ငါ့သားသမီးတွေ မာရင်ပြီးတာပဲ။

ဤသို့သော ငဘ၏ အသိဉာဏ်သည် ငဘအတွက် တန်ဖိုးရှိသည်။ သည်အသိဉာဏ်ကြောင့် ငဘ လယ်ဆင်းလုပ်ဖြစ်သည် မဟုတ်ပါလော။

သို့သော် လယ်အခွက်နှစ်ဆယ်ထွန်ပြီး လယ်ငါးခွက်မျှ ကောက်ပင်ကျပြီးမှ မျက်နှာကို အိုးမည်းသုတ်၍ ဝင်စီးသော ဓားပြများကြောင့် မိုးတွင်းစာ ငါးပိ၊ ငါးခြောက်များ တက်တက်စင် ပြောင်လေတော့သည်။

ထို့ကြောင့် ဆိတ်ကြီးကုန်းတက်၍ ဦးသာဂေါင်အား တိုင်ကြားလေသည်။

ဦးသာဂေါင်က အရပ်ဆူလွန်းသဖြင့် ခေတ်သစ်တို့ဗမာအစိုးရက ဖွင့်ထားသော ကင်းဂတ်ကို ညွှန်သည်။

ကင်းဂတ်တွင် ရဲကြပ်နှစ်ယောက်၊ ရဲသားလေးယောက်၊ သေနတ်နှစ်လက် (တစ်လက်မှာ မောင်းကျိုးနေသည်)။ ယမ်းတောင့်နှစ်ဆယ် (ဆယ့်ငါးတောင့်လောက်က ယမ်းပြန်သွတ်ထားသော ယမ်းတောင့်ဟောင်းများတည်း) ရှိသည်။

ရဲကြပ်ကို တိုင်ကြားရာ ရဲကြပ်က စက္ကူမရှိ ဆို၍ ငဘက ကတ်ကတ်သတ်သတ် ဈေးဆစ်ကာ အသပြာငွေတစ်မတ် ပူဇော်ခဲ့ရသည်။ ငဘက အမှုကို ပုလိပ်တိုင်လျှင် တရားခံ ချက်ချင်းရှာတွေ့မည်ဟု ထင်မှတ်သည်။ ရဲကြပ်က “တရားခံကို မမှတ်မိတဲ့ နောက်၊ အမှုဟာ စုံထောက်မှု ဖြစ်မှာပဲ” ဟု ဆိုသဖြင့် ရဲကြပ် ဘာပြောသည်၊ ဘယ်အဓိပ္ပာယ်ပေါက်သည်ကို သေချာဂဏမသိသော်လည်း ပေါ်တော့မှာမဟုတ်ပါဘူးဟု ကျိန်းသေတွက်မိသောကြောင့် စိတ်ပျက်ကာ ကွင်းထဲသို့ ပြန်လေသည်။

ကွင်းသို့ ပြန်ရောက်သောအခါ မိဖော့က “ရှိသမျှကလေးတော့ ကုန်ပြီတော်ရေ့” ဟု ဟစ်အော်ကြွေးကြော်ကာ ဆီးကြိုနှုတ်ဆက်၏။ သာအိနှင့် မြတ်မွှေးတို့ကလည်း ‘ကိုငဘရေ့ …. ဒီတစ်ခါမှ ချောတာပဲ၊ ခြင်ထောင်တွေပါ ယူသွားတော့ ည-ညမှာ မအိပ်ရပါဘူးဗျာ။ ကိုက်လိုက်တဲ့ခြင်ကလဲ လွန်ရော’ ဟု ဆီး၍ ပြောကြသည်။

ပန်းကန်ခွက်ယောက်၊ အဝတ်အစား၊ ခြင်ထောင်ခေါင်းအုံး၊ ရှိစုရှိမဲ့ကလေးမှာ တက်တက်ပြောင်လေသည်။ ထမင်းချက်စားစရာ အိုးမရှိ၍ ရေကျော်ဝ ဘကြီးစတို့လူသိုက်ထံမှာ အိုးငှားရသည်။ ပန်းကန်မရှိသောကြောင့် စလူဖက်များနှင့် ထည့်၍စားရသည်။ စလူဖက်ရှားသောကြောင့် ပိန်းရွက်နှင့်ခု၍ သုံးလိုက်ရသေးသည်။ ဖြစ်ပုံနှယ် ပြောပဲမပြောချင်ပါဘူး။

‘ကျုပ်တော့ ဖြိုးတုပ်တပည့်ထဲကပဲလို့ စွပ်စွဲချင်တာပဲ ငဘရ။ သူတို့အထဲက သောက်ကရာဖရူခေါ်တဲ့ ရခိုင်ကရင်အသံနဲ့ တူတယ်’ ဟု မြတ်မွှေးက ထင်မြင်ချက်ပေးသည်။

ငဘက မခံချင်သည့်စိတ်ဓာတ်များကြောင့် နောက်တစ်နေ့ ဆိတ်ကြီးကုန်း တက်ပြီးလျှင် ကင်းဂတ်က ဂတ်စာရေးထံ သွား၍ တိုင်ချက်ဖွင့်ပြန်သည်။ ‘သည်အမှုတော့ ပေါ်အောင် စစ်လို့ ရနိုင်ပါတယ်’ ဟု ဆိုသောကြောင့် သည်တစ်ခါ အမှုလာစစ်ရန်အတွက် ငွေငါးကျပ် ပူဇော်လိုက်ရသည်။ ရဲသားတို့လာလျှင် အဆင်သင့် ကြက်သားဟင်းချက်ထားပါမည်။ လာမည့်ရက်ကို ကြိုတင်သိပါရစေ ဟူ၍လည်း မှာထားခဲ့ရသေးသည်။

သို့သော် ငဘ ရွာရောက်ပြီးနောက်၊ တစ်နေ့သော်လည်း မလာ၊ နှစ်နေ့သော်လည်း မလာ၊ ဦးသာဂေါင့်ထံမှ စပါးပေးနှင့် ယူလာခဲ့သော ပန်းကန်ခွက်ယောက် အဝတ်အစားတို့ကိုသာ နောက်တစ်သုတ် ဓားပြအတိုက်မခံရအောင် တစ်ကွင်းလုံးရှိ ယောက်ျားများ နေ့လည်ညလှည့်ဖြင့်သာ ကင်းစောင့်ရရှာသည်။

မောင်ထင်ရေးသားသော ဂန္တဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts