ပိုးတုံးလုံးမှ လှပတဲ့ လိပ်ပြာတစ်ကောင်သို့

ပိုးတုံးလုံးမှ လှပတဲ့ လိပ်ပြာတစ်ကောင်သို့

ကောင်လေးတစ်ယောက်ဟာ ရုပ်ဆိုးတဲ့ အပြင် စကားက ထစ်သေး။ ရောဂါကြောင့် ဘယ်မျက်နှာက အကြောဆွဲနေတာကြောင့် ပါးစပ်က ရွဲ့စောင်းနေတတ်ပါတယ်။ သူ့ရဲ့ နားတစ်ဖက်ကလည်း အကြားချို့တဲ့နေပါတယ်။
ကောင်လေးဟာ စကားထစ်တာကို ကိုယ်တိုင်ပြင်ချင်လို့ ရှေးက ဟောပြောဆရာတစ်ဦးရဲ့ နည်းအတိုင်း ပါးစပ်မှာ ကျောက်ခဲလေးငုံပြီး စကားပြောခဲ့တယ်။ ကျောက်ခဲကြောင့် ပါးစပ်နဲ့လျှာ ပွန်းပဲ့သွားတာကို ကြည့်ပြီး မိခင်က ကရုဏာမျက်ရည်ကျခဲ့တယ်။
“မလေ့ကျင့်ပါနဲ့တော့ သားရယ်…. သားကို မေမေတစ်သက်လုံး အဖော်ပြုမှာပါ” လို့ မိခင်က ပြောတယ်။
လိမ္မာရေးခြားရှိတဲ့သူက မိခင်ရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း “မေမေ.. လှပတဲ့ လိပ်ပြာတစ်ကောင်တိုင်းဟာ သူ့ပိုးအိမ်ကို သူကိုယ်တိုင် ထိုးဖောက်ပြီးမှ ဖြစ်လာတာလို့ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ သားလှပတဲ့ လိပ်ပြာတစ်ကောင်လုပ်မယ် မေမေ”လို့ သူပြောခဲ့တယ်။
နောက်ပိုင်းမှာ စကားကို သူ မထစ်မအ ပြောနိုင်ခဲ့တယ်။ သူ့ရဲ့ ကြိုးစားမှုနဲ့ ရိုးသားမှုကြောင့် အလယ်တန်းကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ အပြင် လူတွေရဲ့ ချစ်ခင်မှုကိုပါ ရခဲ့တယ်။
၁၉၉၃ ခုနှစ်၊ အောက်တိုဘာလမှာ သူဟာ နိုင်ငံတော် ဝန်ကြီးချုပ် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ သူ့ပြိုင်ဘက်က တီဗွီပေါ်မှာ မဲဆွယ်ရာမှာ သူ့မျက်နှာမှာ အနာအဆာတွေကို ပုံကြီးချဲ့ပြောဆိုတဲ့အပြင် ကြော်ငြာစာသားကိုလည်း “ဒီလိုလူမျိုးကို မင်းတို့ရဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်စေမလား” လို့ပြောခဲ့တယ်။ ဒီလို ကိုယ်ကျင့်တရားထိပါးမှုနဲ့ ပုဂ္ဂိုလ်ရေးစော်ကားမှုက ပြည်သူအများကို ဒေါသဖြစ် အပြစ်ပြောစရာဖြစ်ခဲ့တယ်။ သူ့ရဲ့ဘဝဖြတ်သန်းမှုတွေကို လူတွေသိရှိပြီးနောက် လူတွေရဲ့ ကိုယ်ချင်းစာမှု၊ လေးစားမှုကို သူ ပိုရခဲ့ပါတယ်။
“တိုင်းပြည်နဲ့ ပြည်သူတွေကို လှပတဲ့ လိပ်ပြာတစ်ကောင်ဖြစ်အောင် ကျွန်တော်ဦးဆောင်မယ်”ဆိုတဲ့ ဆောင်ပုဒ်ကို သူလက်ကိုင်ထားခဲ့တယ်။ အဲဒီမှာ မဲအရေအတွက် အများဆုံးနဲ့ ဝန်ကြီးချုပ်ရာထူးကို သူရခဲ့တယ်။ ၁၉၉၇ ခုနှစ်မှာ နောက်ထပ်တစ်ဖန် ပါဝင်ယှဉ်ပြိုင်ခဲ့ချိန်မှာလည်း အောင်မြင်မှု ထပ်ရခဲ့ပြန်ပါတယ် လူတွေက သူ့ကို ခင်မင်ချစ်မင်စွာနဲ့ “လိပ်ပြာဝန်ကြီးချုပ်”လို့ တင်စားခဲ့ကြတယ်။ သူဟာ ဝန်ကြီးချုပ်ရာထူးကို ပထမဦးဆုံး နှစ်ကြိမ်ဆက်တိုက် အရွေးခံခဲ့ရတဲ့ ကနေဒါဝန်ကြီးချုပ် Jean Chretien ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်… တချို့အရာတွေကို ကျွန်တော်တို့ သွားပြောင်းလဲလို့ မရပါဘူး။
ဥပမာ – မျိုးရိုး၊ မလှပတဲ့ ရုပ်ရည်၊ ကြုံဆုံရတဲ့ အခက်အခဲ နာကျင်မှု စတာတွေ ဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ ဘဝထဲက “ပိုးအိမ်”တွေ ဖြစ်တယ်။ ဒါပေမယ့် လူတိုင်း ရွေးချယ်နိုင်တဲ့ အရာတွေလည်း ရှိပါသေးတယ်။ ဥပမာ – မိမိကိုယ်ကို လေးစားမှု၊ မိမိကိုယ်ကို ယုံကြည်မှု၊ သတ္တိ၊ ဇွဲ၊ လုံ့လ တွေဖြစ်ပါတယ်။ ဒါတွေက ကံတရားပိုးအိမ်ကို ထိုးဖောက်ဖို့၊ ပိုးတုံးလုံးကနေ လှပတဲ့ လိပ်ပြာဖြစ်အောင် ခွဲထွက်တဲ့ ဘဝရဲ့ ဓားအဖြစ် ကျွန်တော်တို့ကို ကူညီနေခဲ့ပါတယ်။

စာရေးဆရာမ ⇒  Nine Nine Sanay @ နိုင်းနိုင်းစနေ

Related Posts