ပန်းပင်နှစ်ပင်ရဲ့ ပြိုင်ပွဲ

ပန်းပင်နှစ်ပင်ရဲ့ ပြိုင်ပွဲ

အီသီယိုပီးယားတောင်ပေါ်ဒေသမှာ အင်သာပန်းနဲ့ ကျယ်အံပန်းဆိုပြီး ပန်းနှစ်မျိုးရှိတယ်။ အဲဒီ ပန်းနှစ်မျိုးက ဒေသတစ်ခုတည်းမှာ ပေါက်ရောက်တယ်ဆိုပေမယ့် မတည့်ကြတဲ့ပန်းတွေ ဖြစ်တယ်။ 
ဒေသခံလူတွေက ဒီပန်းနှစ်မျိုးအကြောင်းကို သိတယ်။ ပန်းနှစ်မျိုးက နီးနီးကပ်ကပ်ပေါက်ရင် ကျယ်အံပန်းက အပင်သေလို ညှိုးနွမ်းဝါဖျော့သွားပြီး ကာလအတော်ကြတဲ့အထိ ပန်းမပွင့်တော့ဘူး။ အင်သာပန်းကတော့ ကျယ်အံပန်းနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အင်သာပင်က အမြန်ကြီးထွားပြီး လှပတဲ့ ပန်းပွင့်ကြီးတွေနဲ့ ဝေဝေဆာဆာဖူးပွင့်ပါတယ်။ ဒါပေမယ့် နှမြောစရာကောင်းတာက အင်သာပန်းဟာ ကြာရှည်မခံဘဲ အကိုင်းအခက်တွေ ကျိုးပြီး ညှိုးနွမ်းသေဆုံးသွားကြပါတယ်။ အင်သာပန်းသေပြီး မကြာခင်မှာ ကျယ်အံပင်က တဖြည်းဖြည်းရှင်သန်လာပြီး ပန်းတွေ ဖူးပွင့်လာပါတော့တယ်။ ဒေသခံတွေကြားမှာ ဒါဟာ ကျယ်အံပန်းက ထူးခြားတဲ့ကျိန်စာနဲ့ အင်သာပန်းကို တိုက်ခိုက်လိုက်တာလို့ အယူသည်းပြောစမှတ်တွင်ခဲ့ကြပါတယ်။ နတ်ဘုရားရဲ့ဆုထူးနဲ့ ကျယ်အံပန်းက တဖြည်းဖြည်းရှင်သန်လာပြီး လှပတဲ့ပန်းတွေ ဖူးပွင့်တယ်လို့ ဆိုခဲ့ကြတယ်။
ဒီလိုပြောစမှတ်က သိပ္ပံနည်းမကျခဲ့ပါဘူး။ ရုက္ခဗေဒပါမောက္ခတစ်ဦးက ဒီပန်းနှစ်ပွင့်ကို အထပ်ထပ်စူးစမ်းလေ့လာပြီးနောက် လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အင်သာပန်းနဲ့ ကျယ်အံပန်း နှစ်ပင်ဟာ အရမ်းနီးကပ်တဲ့အခါမှာ သူတို့အမြစ်မှာရှိတဲ့ ရေပမာဏက ပန်းပင်ရှင်သန်ဖို့အတွက် အဓိကဖြစ်ခဲ့တယ်။ အင်သာပန်းပင်မှာ ဖွံ့ဖြိုးကြီးထွားပြီး အာရုံခံကောင်းတဲ့အမြစ်ရှိတယ်။ ကျယ်အံပန်းပင်ကလည်း ရှင်သန်ဖို့ ရေတွေကို မပြတ်စုပ်ယူနေတယ်ဆိုတာကို သူသိလို့ စိုးကြောက်စိတ်တစ်မျိုး သူဖြစ်ပေါ်မိတယ်။ ဒီလို စိုးကြောက်စိတ်ကြောင့် သူ့အမြစ်ကို အကန့်အသတ်မရှိ ကြီးထွားစေခဲ့ပြီး ရေတွေကို ရူးရူးသွပ်သွပ်စုပ်ယူတော့တယ်။ ရေပမာဏအများဆုံးကို သူစုပ်ယူနိုင်ခဲ့လို့ ကျယ်အံပန်းပင်က ရေမလုံလောက်တော့ဘဲ တဖြည်းဖြည်း ညှိးနွမ်းဝါဖျော့သွားရတယ်။ ဒီလိုအချိန်မျိုးမှာ အင်သာပန်းပင်က ရေလုံလုံလောက်လောက်ရပြီး စိတ်ကြိုက်ကြီးထွားပါတော့တယ်။ ဒီလိုကြီးထွားမှုဒဏ်ကို သူခံရပါတယ်။ ရေတွေ လုံလုံလောက်လောက်ရခဲ့လို့ ပန်းပွင့်ကြီးတွေကို သူဖူးပွင့်ခဲ့တယ်။ ဒါပေမယ့် စုပ်ယူတဲ့ ရေပမာဏများတဲ့ အတွက် ကြောင့် အကိုင်းအခက်ကလည်း ကြွပ်ဆတ်ခဲ့တယ်။ တောင်ပေါ်ဒေသမှာ ညအချိန်မှာ လေပြင်းတိုက်တတ်တာကြောင့် လေပြင်းတစ်ချက်ဝှေ့လိုက်ရင်ပဲ အင်သာပန်းဟာကျိုးကျတော့တယ်။ ပန်းပွင့်မရှိတော့တဲ့အပင်ဟာ ရေစုပ်ယူအားနည်းသွားပါတယ်။ ဒီအချိန်မှာ ကြံ့ခိုင်တဲ့ ကျယ်အံပန်းအတွက် လုံလောက်တဲ့ ရေတွေကို စုပ်ယူခွင့်ရတော့တယ်။ ကျယ်အံပန်းဟာ တဖြည်းဖြည်းရှင်သန်လာပြီး ပန်းတွေ၊ အသီးတွေနဲ့ လှလှပပ ဖူးပွင့်ဝေဆာပါတော့တယ်။
အင်သာပန်းဟာ ရေရဖို့အတွက် လုယက်ရင်း နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို ထိခိုက်နစ်နာစေခဲ့တယ်။ ကျယ်အံပန်းက မတရားတာနဲ့ ကြုံတွေ့သည့်တိုင် ကြံ့ကြံ့ခံ ရှင်သန်နိုင်ခဲ့တယ်။
ဒီလို ပန်းနှစ်ပွင့်ရဲ့တိုက်ပွဲက ကျွန်တော်တို့ကို အတွေးတွေရစေပါတယ်။ ယှဉ်ပြိုင်ခြင်းနဲ့ ရင်ဆိုင်နေချိန်မှာ လူအများက အနိုင်ရဖို့အတွက် ကိုယ့်စိတ်နှလုံးကို ပုံပျက်စေခဲ့တယ်။ ဒီလို မသမာတဲ့နည်းက ကိုယ့်ကိုယ်ကို ဖျက်ဆီးရာရောက်ကြောင်း အင်သာပန်းရဲ့ ကျိုးပျက်ခြင်းက ကျွန်တော်တို့ကို ပြောပြနေခဲ့ပါတယ်။ ယှဉ်ပြိုင်ခြင်းမှာ မမျှတတာနဲ့ တွေ့ကြုံသည့်တိုင် ကြံ့ကြံ့ခံရှေ့ဆက်ပြီး လူ့လောကမှာ တရားမျှတမှုဆိုတာရှိတယ်လို့ ယုံကြည်ဖို့ နောက်ဆုံးမှာ ပန်းပွင့်ဝေဝေဆာဆာပွင့်ခဲ့တဲ့ ကျယ်အံပန်းက ကျွန်တော်တို့ကို ပြောပြနေခဲ့ပါတယ်။

စာရေးဆရာမ ⇒ Nine Nine Sanay @ နိုင်းနိုင်းစနေ

Related Posts