တစ်သက်လုံး

တစ်ခါ မအောင်မြင်တာနဲ့ တစ်သက်လုံး လက်လျော့ရတော့မှာလား

တစ်ခါ မအောင်မြင်တာနဲ့ တစ်သက်လုံး လက်လျော့ရတော့မှာလား

တစ်ခါတုန်းက တောရွာလေးတစ်ရွာကို ရောက်သွားတယ်။ အဲဒီမှာ ဆင်တစ်ချို့ကို တိုင်မှာကြိုးချည်ထားတာကို တွေ့ရတယ်။ ထူးဆန်းတာက ဆင်တွေရဲ့ခြေထောက်မှာ ချည်ထားတာဟာ သံကြိုးမဟုတ်ဘဲ ဂုန်နီကြိုးနဲ့ ချည်ထားတယ်။ ပိုပြီးထူးဆန်းနေတာက အဲဒီ ဂုန်နီကြိုးတွေကလည်း တုတ်တုတ်ခိုင်ခိုင်မဟုတ်ဘဲ သာမန်ကြိုးအရွယ်အစားပါပဲ။ ဆင်ဟာ တစ်ချက်ရုန်းလိုက်တာနဲ့ အဲဒီကြိုးဟာ အသာလေး ပြတ်ထွက်သွားနိုင်ပါတယ်။ 

သိချင်တာနဲ့ ဆင်ထိန်းသမားတစ်ယောက်ကို မေးကြည့်မိတယ်။ ဆင်တွေကို ဘာလို့ကြိုးအတုတ်ကြီးတွေနဲ့ မချည်ဘဲ ကြိုးသေးသေးလေးတွေနဲ့ ချည်ထားရတာလဲ။ လူမရှိတဲ့အချိန် ဆင်တွေရုန်းကန်လို့ ကြိုးတွေပြတ်ထွက်ပြီး ထွက်ပြေးသွားမှာ မစိုးရိမ်ဘူးလားပေါ့။ 

ဆင်ထိန်းသမားက ခုလိုပြန်ဖြေပါတယ်။ ‘ဒီဆင်တွေကို ငယ်ငယ်လေးကတည်းက အခုကြိုးတွေနဲ့ပဲ ချည်ခဲ့တာပါ။ သူတို့ ငယ်ငယ်တုန်းကတော့ ရုန်းကြပေမယ့် ကြိုးပြတ်အောင် မရုန်းနိုင်ကြတော့ဘူး။ နောက်ဆုံးဆင်လေးတွေဟာ လက်လျော့ပြီး မရုန်းနိုင်ကြတော့တာ အခုထိပဲ။ ဒီကြိုးကိုမြင်တိုင်း ကြိုးပြတ်အောင် မရုန်းနိုင်ဘူးလို့ သူတို့စိတ်ထဲ စွဲမှတ်သွားပြီ။ သူတို့ခန္ဓာကိုယ် ကြီးထွားလာတာကို မေ့နေတာလေ’ တဲ့။ 

ဒီအဖြစ်အပျက်လေးကနေ ပေါ်လာတဲ့ အတွေးတစ်ခုကတော့…

ငယ်ငယ်တုန်းက တစ်ခုခုဖြစ်ချင်လို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။ နောက်ထပ်အကြိမ်ကြိမ် ကြိုးစားတယ်။ မအောင်မြင်ဘူး။ နောက်ဆုံးတော့ လက်လျော့လိုက်တယ်။ စိတ်ထဲမှာလည်း ငါကြိုးစားတာ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးလို့ စွဲမှတ်သွားတယ်။ အဲဒီအစွဲကို မဖျောက်နိုင်တော့ အသက်အရွယ်ရလာပေမယ့် ထပ်မံမကြိုးစားတော့ဘူး။ မကြိုးစားတော့ဘဝမှာ အောင်မြင်မှုတွေမရတော့ဘူး။ 

ဒီတော့ မိမိကိုယ်ကို ပြန်သုံးသပ်ဖို့လိုပါတယ်။ ‘ငါဟာ ကြိုးသေးသေးချည်ခံရတဲ့ ဆင်တစ်ကောင်ဖြစ်နေပြီလား’လို့။ 

ဥပမာလေးတစ်ခု ပေးချင်ပါတယ်။ တချို့လူတွေ ငယ်ငယ်တုန်းက စက်ဘီးစီးသင်တယ်။ စက်ဘီးလဲကျ ဒူးကွဲလက်ပြဲဖြစ်လို့ ကြောက်သွားပြီး စက်ဘီးစီး ဆက်မသင်တော့ဘူး။ ဒီတစ်သက် စက်ဘီးစီးတတ်မှာမဟုတ်ဘူးလို့ စွဲသွားလို့ သူတို့ကြီးတဲ့အထိ စက်ဘီးမစီးတတ်ကြတော့ဘူး။ 

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများမှကူးယူးဖော်ပြထားပါသည်။ 

OpenYourBusinessOnline

အတွေးအခေါ်

Related Posts