ပီရေး ထရူးဒိုး

လိမ့်နေသော ဝန်ကြီးကတော် အပိုင်း ( ၂ )

ဂျက်ဂါက ပုခုံးလေးတွန့်ပြီး “ကျွန်တော်တို့ သူနဲ့ အခုမှ သိကျွမ်းရပေမဲ့ နှစ်ညလောက်ရှိသွားပြီ။ သူက လန်ဒန်မှာ မင်းသမီး မာဂရက်နဲ့ မိတ်ဆက်ချင်နေတယ်။ ကျွန်တော်တို့နှင့် လီး ရက်ဇီဝေးလဲ လိုက်လာတာပဲ၊ ဒီအမျိုးသမီးတွေ မဆိုးပါဘူး၊ ဆွဲဆောင်မူတော့ ရှိသား၊ သူတို့ပိုလာလို့လည်း ကျွန်တော်တို့မှာ ပြဿနာမရှိပါဘူး။” ဟု မီဒီယာကို ပြောသွားသည်။
သူက ပြဿနာမရှိပါဘူးသာ ပြောနေသည်။ တစ်ဖက်တွင် ပြဿနာက ယခုမှစသည်။ ကနေဒါနိုင်ငံ တိုရွန်တို သတင်းစာတစ်စောင်မှ ဝန်ကြီးချုပ်ကို လက်ညိုးထိုးပြီး” သူ့မိန်းမကို ထိန်းပေးကြပါ။” ဟု ခေါင်းကြီးတင်လိုက်သည်။ “ဝန်ကြီးချုပ် ဇနီးတစ်ယောက် ရိုးလင်းစတုန်းအဖွဲ့ ဂီတအောက်တွင် ခုန်ပေါက်မြူးတူးနေတာကတော့ လက်ခံနိုင်စရာ အကြောင်းမရှိ၊ တစ်ချိန်ချိန်မှာ မူးယစ်ဆေးဝါး မသုံးဘူးလား၊ သုံးမှာလား ဘယ်သူတားနိုင်မလဲ” ဟု ရေးကြသည်။

အခြေအနေက ကြားလို့မှမတော် ကလော်ချင်စရာ ဖြစ်နေသော်လည်း မာဂရက်ကတော့ ပြောင်ပြောင်တင်းတင်း ပျင်းတောင် ပျင်းသေးဟု ပြောလိုက်သည်။ မျက်နှာလေးအောက်ချ အိမ်ပြန်ရောက်လာရမည့်အစား မင်းသမီး ရာ့ရှ် မင်ခမ်းနှင့် သွားနေသည်။ ရာ့ရှ် မင်ခမ်းသည် အလီ ခမ်းနှင့် ရုပ်ရှင်မင်းသမီး ရီတာ ဟေးဝပ်တို့၏ သမီးဖြစ်သည်။
” ကျွန်မက ကျွန်မယောက်ျား အိတ်ထောင်ထဲက နှင်းဆီပန်းလေးတစ်ပွင့်လို နေရမှာလား၊ လုံလောက်ပါပီ ကျွန်မသည်းခံခဲ့ရတာ ခြောက်နှစ်တောင်ရှိပြီ” ဟု မာဂရက်က ရင်နာစွာပြောသည်။

ဝန်ကြီးကတော် ပိုပိုဆိုးလာခြင်း

ရှက်စရာ အကောင်းဆုံးက ထိုအချိန်တွင် ထရူးဒိုးသည် ဗြိတိသျှ ဝန်ကြီးချုပ် ဂျိမ်း ကယ်လယ်ဟမ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေးပစ် အိုဝင်တို့ လာရောက်မည်ကို ကြိုဆိုရန် ပြင်ဆင်နေချိန် ဖြစ်သည်။ သူတို့နှင့်အတူ ဇနီးသည်များ ပါလာလိမ့်မည် ဖြစ်သောကြောင့် မာဂရက်ကို အိမ်ပြန်လာရန် စည်းရုံးသိမ်းသွင်းရသည်။ နိုင်ငံခြားမှ အထူးဧည့်သည်တော်များ ရောက်မလာမီ တစ်ရက်အလိုတွင် မာဂရက် အိမ်ပြန်ရောက်လာသည်။ မျက်မှန်အမည်းကြီးကို တပ်လာသည်။ နောက်တစ်နေ့တွင် သူ့ခင်ပွန်းနှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ စကားပြောနေစဉ်၌ သူတို့၏ဇနီးများကို ဧည့်ခံရန်အတွက် မာဂရက်က ငြင်းဆိုသည်။ အော်ဟစ်ပြီး ပစ္စည်းတွေကို လွှင့်ပစ်သည်။ နောက်နှစ်ရက်လောက်အကြာတွင် မျက်ကွင်းညိုကြီးနှင့် ပြန်ပေါ်လာသည်။

“ပီရေးက ကျွန်မကို လက်ဝါးနဲ့တင်ပါးကို ရိုက်ပြီး ဆုံးမမယ်လို့ပြောတယ်၊ ပြီးတော့ ကျွန်မကို ခါးပတ်နဲ့ရိုက်တယ်၊ အဲဒီညက ကျွန်မနဲ့ အချစ်ခန်းဖွင့်ကြတယ်” ဟု အရှက်ကင်းစွာ ရင်ဖွင့်သည်။ ပြီးတော့ သူတို့ခွဲနေကြပြန်သည်။ လေယာဉ်ကွင်းတွင် နာရီဝက်လောက် ဆွေးနွေးပြီး ပီရေးက ကလေးသုံးယောက်ကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ယူလိုက်သည်။ မာဂရက် နယူးယော့ခ်သို့ ထွက်သွားသည်။ အလွတ်တန်း ဓာတ်ပုံသတင်းထောက် လုပ်နေသည်။ သူမအမည်ကိုလည်း မာဂရက် ဆင်ကလဲယားဆိုသည့် အပျိုဘဝအမည်ကို ပြန်ပြီး ခံယူသည်။
ဝန်ကြီးချပ်ရုံးခန်းက ပီရေးသည် မာဂရက်၏ဆုံးဖြတ်ချက်အတိုင်း လက်ခံပြီး ခွဲနေလိုက်ကြသည်။ သူတို့ခွဲခွာမူသည် ကောင်းသော ခွဲခွာမူမျိုး ဖြစ်ရန် ဆုတောင်းကြရုံသာ ရှိသည်ဟု သတင်းထုတ်ပြန်သည်။

ထို့နောက် မာဂရက်အမည်ကို ဘုရင်ဟူစိန် အမည်နှင့်တွဲပြီး တွေ့လိုက်ကြရပြန်သည်။ ထို့နောက် အထက်လွှတ်တော် အမတ် အက်ဒ်ဝပ် ကနေဒီ၊ ပြီးတော့ ရိုင်အိုနေးလ်၊ တစ်ယောက်ပြီးတစ်ယောက် ဖြစ်လာသည်။ ရုပ်ရှင်ထဲလည်း တစ်ခန်း၊ နှစ်ခန်း ဝင်ရိုက်၊ ကိုယ်တိုင်ရေး အထ္ထုပတ္တိ Beyond Reason ကိုလည်း ထုတ်ဝေလိုက်သေးသည်။ ထိုအချိန်တွင် သူ့ခင်ပွန်းက အထွေထွေရွေးကောက်ပွဲ ဝင်ရန် ပြင်ဆင်နေချိန်ဖြစ်သည်။ ပြောစမှတ် ဖြစ်ခဲ့ရသည့်ကိစ္စက သူမကိုယ်တိုင်ရေးစပ်ထားသည့် Fauxpas ဆိုသည့်သီချင်းကို ကရာကာ့စ်မြို့တွင် ဗင်နီဇွဲလား သမ္မတဇနီး၏ ဂုဏ်ပြုညစာစားပွဲတွင် သွားဆိုခဲ့ခြင်းဖြစ်သည်။ နားထောင်ရသူတိုင်းကတော့ ထိတ်လန့်စရာ ကောင်းလှသည်ဟု ဝေဖန်သည်။

ကနေဒါတွင် ရွေးကောက်ပွဲ ကျင်းပနေစဉ် အစောပိုင်းကာလ၌ သူ့ခင်ပွန်း၏ ဟိုတယ်သို့ ညဉ့်နက်သန်းခေါင်အချိန်တွင် ပြန်လာသည်။ လက်ထဲတွင်လည်း ဘာမျှမပါ၊ ဖိနပ်လဲ မပါပေ။ ပြီးတော့ သူ့ကို ဝန်ကြီးချုပ်အတွက် သီးသန့်ထားသော အခန်းကိုပို့ပေးရန် တောင်းဆိုလိုက်သည်။ ဝါရှင်တန်တွင် ညစာစားပွဲ၌ အတိုတကာ့ အတိုဆုံး စကတ်ကို ဝတ်ပြီး တက်လာသည်။ ကျပ်လွန်းသဖြင့် လှေကားပေါ်သို့ပင် တက်မရအောင် ဖြစ်ခဲ့ရသည်။ နယူးယော့ခ် နေ့လည်စာစားပွဲ တစ်ခုတွင်လည်း မင်းသမီး မာဂရက်ကို သွားပြီး ဒုက္ခပေးသဖြင့် မာဂရက် သွေးပျက်သွားခဲ့ရသည်။ မာဂရက်ထံသွားပြီး ပဲရစ်တွင် သူမဓာတ်ပုံရိုက်နေစဉ် ချားလ်စ်က သူ့ကို ဟိုတယ်တစ်ခုသို့ ခေါ်တွေ့ကြောင်း ၊ မင်းသားက မာဂရက် ထရူးဒိုးဟု ဟိုတယ်ကို ပြောထားပြီး သူမနာမည်က မစ္စ ဆင်ကလဲယား ဖြစ်နေကြောင်း လျှောက်ပြောပြနေသည်။

ဤဖြစ်ရပ်မှာ သူမဆေးကြောင်ပြီး လျှောက်လုပ်နေခြင်းသာ ဖြစ်ကြောင်း နောက်မှ သိရသည်။ ထိုသတင်းသည် သူ့ခင်ပွန်း၏ လစ်ဘရယ်ပါတီကို များစွာ အရှက်ရစေခဲ့သည်။
“ဟုတ်တယ်လေ မော်ရိုကိုမှာ ကျွန်မဆေးခြောက်ရှူတယ်၊ တစ်ကြိမ်မကဘူး အမြဲတမ်း ရှူနေကြပဲ”ဟု ဂုဏ်ယူစွာ လျှောက်ပြောပြန်သည်။ သူမကိုယ်သူမ မူးယစ်ဆေးဝါး သုံးစွဲနေကြောင်း ဝန်ခံလိုက်ခြင်းဖြစ်သည်။ ကနေဒါသည် အေးဆေးတည်ငြိမ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့သော် မအေးဆေး မတည်ငြိမ်မူတွေကတော့ နောက်ကွယ်တွင် ရှိနေသည်။

ဆရာတင်ညွန့် ရေးသားသော ကမ္ဘာကျော် နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts