ချစ်ကြည်ရေးလမ်းစ (အပိုင်း - ၂)

ချစ်ကြည်ရေးလမ်းစ (အပိုင်း – ၂)

ချစ်ကြည်ရေးလမ်းစ (အပိုင်း – ၂) ~~~~
ငဘသည် အဟန်ရှုပ် ကြီးပွားသည့်အကြောင်းကို ဤမျှအထိသာ သိသည်။ အဟန်ရှုပ်က ငဘအား “မင်း ကြီးပွားချင်ရင်၊ ငါ့ကို ကြည့်” ဟု ပြောဖူးပါ၏။ ယင်းသို့ ပြောဖူးသဖြင့်၊ အဟန်ရှုပ်ကို ခဏ ခဏ ကြည့်မိပါ၏။ သို့သော် ငဘမှာ မကြီးပွား အဟန်ရှုပ်သာလျှင် ကြီးပွားသည်။

ထိုအချက်သည်သာလျှင် အံ့ဖွယ်ဘနန်း ထူးဆန်းလှသည်။ အဟန်ရှုပ်က ဗမာစကားကို ဌာန်ကရိုဏ်းကျအောင် ပြောတတ်သည်မှာ ငဘအဖို့ ဘာမျှမထူးဆန်း။

“ကဲ-ဒါပဲ ကြည့်တော့ ကိုငဘရေ့၊ ကျုပ် တရုတ်ဆိုပေမယ့်၊ ခင်ဗျားတို့ ရွာကျောင်းကို ဆွမ်းကွမ်းထောက်နေတဲ့ ဒကာအရင်းပါ့ဗျာ။ သာရေး နာရေးမှာဆိုလဲ ဘယ်တုန်းအခါကမျှ မငြင်းဘူး။ ကြည့်လေ-ချောင်းဦး ဘုရားထီးတင်တုန်းက ပန်းဆွဲပြသာဒ်ကြီးကို လှူတာ ကျုပ်ပဲမဟုတ်လား။ ကဲ-ကဲ၊ ကိုငဘတို့ ကိုလုံးတို့လဲ အသိသားပဲ။ တရုတ် နှစ်သစ်ကူးရင်လဲ ကျုပ်-ချက်အရက် အဝ တိုက်ခဲ့တာပဲမဟုတ်လား။ ဒီနှစ် အရပ်ပျက်ခါနီးမို့၊ ကျုပ် အစောင့်အရှောက် ရပါစေတော့လို့ ဖြိုးတုပ်တို့ လူသိုက်ကို အမြဲလိုသမျှ ထောက်ပံ့ခဲ့ပါတယ်ဗျာ။ ဒါနဲ့တောင် ဒီလိုဖြစ်ရတာ အသည်းနာဖို့ကောင်းတယ်။ ကျုပ်-ရေကျော်ဝက လူများကတော့ စောင့်ရှောက်ဖော်ရပါရဲ့။ ဒါပေမယ့် ဖြိုးတုပ်ကို ကြောက်ရသကိုး၊ ဘယ်တတ်နိုင်မလဲ။ ကျုပ်က ပစ္စည်းကုန်တာ မနှမြောပါဘူး။ လူကို ယုံမိလို့ ဒီလောက်ဖြစ်ရတာ ပိုပြီး အသည်းနာတာပါပဲ”

“အမယ် ခုမှဗျို့၊ လူဆိုးနဲ့ လူကောင်း ခွဲခြားသိရတာကလား။ ကျုပ်တို့တစ်တွေ အထင်ကြီးနေတဲ့ စိပ်ပုတီးနဲ့ ဦးသာအိုကြီးဟာ လက်တစ်ဖက်က ဓားကိုင်ပြီး မဆိုင်သူမကပ်ကြနဲ့လို့ အော်တာ ကျုပ်ဖြင့် ရယ်တောင်ရယ်မိသဗျာ။ မယုံရင် ကိုလုံးမေးကြည့်”

အဟန်ရှုပ်လည်း ရင်ထဲတွင် ရှိသမျှကို သက်သာရာရပါစေတော့ဟု အကုန်ဖွင့်ချလိုက်သည်။ ငဘနှင့်တကွ ရေကျော်ဝအစုက လူများလည်း အဟန်ရှုပ်ကို ကရုဏာသက်စွာဖြင့် ငြိမ်သက်စွာ နားထောင်သည်။ ရေကျော်ဝကလူများ ဤစကားကို ကြားရသည်မှာ အခါနှစ်ဆယ်ထက် မနည်းပြီ၊ ငြီးငွေ့လှပြီ။ သို့သော် အဟန်ရှုပ် စိတ်ထိခိုက်မည်စိုး၍ သူထပ်ပြောတိုင်း ပြောတိုင်း အသစ်ဖြစ်သကဲ့သို့ ဣန္ဒြေရစွာ နားထောင်ကြသည်။

“နို့ပေမယ့် အချိန်လင့်မယ်ဗျာ ခွင့်ပြုကြပါဦး။ ရေသိပ်ကျလျှင် ရေကျော် မကျော်နိုင်ဘဲ နေဦးမယ်” ဟု ငဘက အဟန်ရှုပ်နှင့်တကွ ရွာသားများကို နှုတ်ခွန်းဆက်ပြီး ခရီးပြင်းထွက်ခဲ့သည်။

ညသန်းခေါင်မတိုင်မီ ဆိတ်ကြီးကုန်းသို့ ရောက်သည်။

ဆိတ်ကြီးကုန်းသည် သုသာန်တစပြင်ကဲ့သို့ ငြိမ်လှသည်။ ဦးသာဂေါင်တို့ အိမ်နောက်ဖေးတံတားတွင် ငဘဆိုက်သည်။ ဆိုက်လျှင်ဆိုက်ချင်း ငဘအား “သခင်မျိုးဟေ့” ဟူသော အသံတစ်သံက ဆီးကြိုနှုတ်ဆက်သည်။

ငဘ မှင်သက်မိနေသည်၊ သည်စကားကို သူခဏခဏ ကြားခဲ့ပြီ။ ကိုကြီးငလုံးကလည်း အဖြေကို သင်ပေးလိုက်ပြီ။ သို့သော် ဒီစကားကြားတိုင်း တစ္ဆေအခြောက်ခံရသလိုဖြစ်ပြီး ငိုင်သွားသည်။ ဟော်ရီးနှင့်ပါလာသော ကုလားကလေးက ငဘအသံတို့ တုံ့ပြန်ခြင်းမပြုလျှင် အလိုက်ခံရဦးတော့မည်ဟု နားလည်မိ၍ “တို့ဗမာ” ဟုအချက်ပြန်လိုက်သည်။

“ဟဲ့-ကုလားသံကြီးပါကလား” ဟု လူစုက အော်သည်။

“ဟာ-ကုလားတွေတက်လာတာပဲ၊ တို့ကို ရန်မူမလို့ထင်တယ်” ဟု တစ်ယောက်က ထမင်းလုံးတစ္ဆေခြောက်ခံရသကဲ့သို့ ကြောက်ကြောက်နှင့် ပြောသည်။ လူစုလည်း ရှိသမျှ လေး၊ မြား၊ နှစ်ဖက်ချွန်၊ တုတ်၊ ဓားတို့ကို ကိုင်ပြီးလျှင် ကုလားတက် ခေါက်လိုက်သည်။

တစပြင်ဟု ငဘ ထင်ရသော ဆိတ်ကြီးကုန်းရွာမှာ သေသူတွေ အသက်ဝင်ပြီး ရှင်ပြန်ထမြောက်သဖြင့် တရုံးရုံးနေကြသလို အုန်းအုန်းနှင့်မြည်သွားသည်။

ရွာရိုးတစ်လျှောက်တွင် တံခါးပိတ်သူပိတ်၊ ရွာပြင်ပြေးသူပြေး၊ ကုလားတပ်ကြီး ချီတက်လာပြီဟု အော်သူအော်၊ တို့ဗမာ အသံကလည်း တစ်ခဲနက် ပေါ်လာသည်။

ငဘလည်း အုတ်အော်သောင်းနင်းဖြစ်မှ အိပ်ရာမှ လန့်နိုးလာသကဲ့သို့ ကမန်းကတန်းနှင့် လှေပေါ်မှနေ၍ “ကျွန်တော် ရေကျော်ဝက ငဘပါ၊ ဦးသာဂေါင်ဆီကို လာတာပါ” ဟု ကုန်းကုန်းပြီး အော်၏။

ထိုအခါမှ လူစုလူဝေး ရှဲသွားပြီး ငဘနှင့်တကွ နောက်ပါတို့သည် အိမ်ပေါ်သို့ တက်ရလေသည်။

ရွာသူရွာသားတို့ အမေးအမြန်း ထူလှ၍ တစ်ကြောင်း နံနက်တွင် ထွက်နိုင်ရန် ကိုသာဂေါင်ထံမှ ငွေရေးကြေးရေး စကားပြောရ၍ တစ်ကြောင်းသန်းကောင်ကျော် နှစ်ချက်တီးမှ ငဘ တရေးတမော အိပ်ရသည်။

နံနက်လင်းသောအခါ ငဘရောက်ချိန်တွင် ကုလားတက်ပြီဟု အော်၍ အပြေးတွင်၊ ရွာထဲက ဗမာအိမ်သုံးလေးအိမ်ကို ဗမာတက်ပြီး အေးဓာပြတိုက်ကြောင်း ကြားသိရသည်။

ငဘက ဗမာ ဗမာချင်း တိုက်သည်မှာ မဖြစ်နိုင်ဟု တွေးသည်။ အကြောင်းသော်ကား၊ သခင်ဖြိုးတုပ်၏ နောက်လိုက်တစ်ဦးက အမျိုးသားအချင်းချင်း လက်ဖျားနှင့် မတို့ဘူးဟု ဆိုသည်ကို ဘုရားဟော ဝေဒနာကဲ့သို့ တောသားတို့ဘာဝ ယုံစားမိခြင်းကြောင့် ဖြစ်သည်။

နံနက်စာကို ခပ်စောစော စားပြီးလျှင်၊ ငဘနှင့် ဟော်ရီးတို့ ခရီးတစ်တန် ထွက်ကြပြန်သည်။

လမ်းတွင် ကရင်ရွာဆိပ်များတွင် အမောအပန်းဖြေရန် ခေတ္တဆိုက်သည်။ ကရင်ဖထီးတို့က ငဘကို မသင်္ကာ၍ ခဏခဏ လာစစ်သည်။ ဘာသာဘာဝ ပြောဆိုကြသည်ကို ငဘ နားမလည်။ ကရင်အိမ်များသို့ တက်၍ပင် စားစရာများ တောင်းသေးသည်။ ကရင်အချို့က “နင်တို့ ဗမာတွေ တယ်မယုံရဘူးဝေ့၊ ညည နွားတို့၊ ကြက်တို့ လာလုပြီး သတ်သတ်စားတယ်။ ဒီလိုသာဆိုရင်ဝေး၊ တစ်ခုခုတော့ ဖြစ်ကြတော့မှာပဲ ဝေ့” ဟု ရင်လေးဖွယ် စကားပြောသည်။

ထိုည ကရင်ရွာမှ ထွက်ခဲ့ပြီးနောက်၊ တစ်ညလုံးလှော်လာရာတွင်၊ မြစ်ကြီးဘေး တစ်ဖက် တစ်ချက် ကရင်ရွာ ဗမာရွာများတွင် မီးဟုန်းဟုန်းတောက်၍ နေသည်ကို တွေ့ရသည်။ ငဘမှာ အတော်ပင် စိတ်လေးမိသည်။

“နင်တို့ ဗမာတွေ တယ်မယုံဘူးဝေ့” တဲ့။ မှန်သည်။ ဖြိုးတုပ်တို့လို ဗမာမျိုးကို ကရင်မပြောနှင့်၊ ငဘတောင်မှ မယုံနိုင်ပါ။ ကရင်ဆိုသည်မှာ နဂိုကပင် ရိုးသားသူဖြစ်သည်။ အဲ-တစ်ခုတော့ရှိသည်။ သူတို့လူမျိုးက ‘ဟင်’ ဆိုရင်၊ ပြီးရော၊ ပြီးရော။

ကောင်းကင်ပြင်တစ်ခုလုံးသည် ဆုတ်နေသော လမင်း၏ညံ့သက်သော အရှိန်အဝါတို့ဖြင့် ဝိုးတိုးဝါးတား လင်းနေသည်။ မီးဟုန်းဟုန်း တောက်နေသော ရွာများမှ မီးတောက်မီးလျှံတို့သည် ကောင်းကင်ပြင်ကို ပြေး၍ ဟပ်သည်။

ငဘသည် ထိုမီးလျှံတို့ကို ကြည့်ရင်း လှေဦးမှ မှန်မှန်လှော်လာရာ သရောကုန်းရေကျော်သို့ ရောက်လာလေသည်။ ရေကျော်သည် အလွန်ကျဉ်းမြောင်းသည်။ ဗေဒါများလည်း ညပ်နေသည်။ ရေကျော်ထဲကို ဝင်နိုင်အောင် ဗေဒါဖောင်ကြီးများကို လှော်တက်နှင့် တအားခွဲရသေးသည်။ ရေကျော်ထဲရောက်သည့်အခါတွင်လည်း ငဘသည် လှေဦးမှထိုင်၍ ဗေဒါဖုတ်တို့ကို တက်နှင့်ထောက်ကာ လှေကို ဆွဲယူပါမှ လှေသည် တရွေ့ရွေ့သွားနိုင်သည်။

ဗေဒါဖုတ်ကို လှော်တက်နှင့် ထောက်လိုက်လျှင် ဖောက်ခနဲမြည်သည်။ ညဉ့်၏ တိတ်ဆိတ်ခြင်းထဲတွင် ထိုဖောက်ခနဲမြည်သံမှာ ငဘ၏ အဖော်ဖြစ်သည်။ ဗေဒါဖုတ်တစ်ဖုတ်ကို တက်နှင့်ထောက်လိုက်၍မှ ဖောက်ခနဲ မမြည်ဘူးဆိုလျှင် ငဘ မကျေနပ်။ ရွက်တံရှည်ဗေဒါတို့မှာ ကောင်းကင်က လမင်းကြီးဆီသို့ လက်လှမ်းကာ “ထမင်းတစ်ဆုပ်နှင့် ရေတစ်မှုတ်” ကို တောင်းနေသကဲ့သို့။ သို့သော် ထိုဗေဒါဖုတ်တို့သည် ရိုးတံတိုဗေဒါဖုတ်ပုပုကလေးများနှင့် မတူ။ သူတို့ကို ငဘက ရိုးတံရှည်ဗေဒါဖုတ်တို့ကို တွေ့လျှင် တက်စောင်းခုတ်သည်။ သို့မှသာ ဖောက်ခနဲမြည်သည်။

သို့သော် လှေဦးနှင့် မလှမ်းမကမ်းက ဗေဒါဖုတ်တစ်ဖုတ်မှာ အတော် ကတ်သီးကတ်သတ်နိုင်သည်။ ငဘက လှော်တက်နှင့် ထောက်လိုက်သောအခါ ‘ဘုတ်ခနဲ’ မြည်သည်။ တက်စောင်းခုတ်လိုက်သည့်အခါကျတော့ ဗြည်းခနဲ မြည်သည်။ ထို့ကြောင့် ငဘက မျက်စောင်းထိုး၍ ကြည့်မိသည်။ အလို … ဗေဒါဖုတ်ကြီးထဲမှာ ဖြူဖြူဖွေးဖွေး ကားယားကြီးလဟ။

ပဲ့ကိုင်ရင်း ငိုက်နေသော ငတက်သည် သူ၏ငိုက်တတ်သော ဇာတိကို မပေါ်အောင် ချောင်းတစ်ချက် ဟန့်ပြီးလျှင် တက်တစ်ချက် သုတ်လိုက်သည်။

သို့သော် လှေကား မရွေ့ချေ။

ငဘမှာမူကား ထိုဖြူဖြူဖွေးဖွေး ကားယားကြီးကိုသာ အာရုံစိုက်ကာ သူ့ဘက်ပါလာအောင် လှော်တက်နှင့် ယက်ယူသည်။

ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးလို။ အမလေးဗျာ့။ အခါလည်သားကလေး ခြေကားယားလက်ကားယားနှင့် ဗေဒါဖုတ်ပေါ်မှာ ဖားပေါင်စင်း နေပါရော့ကလား။

အော် … ဖထီးတွေကို သနားဖို့ကောင်းလိုက်တာ။ ဧကန္တ ခုတ်ရင်း၊ ထစ်ရင်း၊ ပြေးရင်း၊ လွှားရင်းနှင့် မိခင်ဖခင်လုပ်သူတို့သည် ဤရင်သွေးကလေးကိုပင် ပစ်ခဲ့ရပါပေါ့လား။ အော် … ဒုက္ခ၊ ဒုက္ခ။ ဖွဟဲ့၊ လွဲစေ ဖယ်စေ။ ဒီကလေးဟာ ငါ့ကလေးလို့ဆိုရင် အမယ်လေး မိဖော့ရေ၊ နင် … ရင်ကွဲပြီး ငါလဲရင်ဆို့ရမှာပါကလား။ ယခုတော့ တော်သေးရဲ့ဟဲ့၊ ကရင်ကလေးနဲ့ တူပါရဲ့။

ငဘသည် ကလေးအလောင်းကို လှော်တက်ဖြင့် ပက်လက်လှန်ကြည့်သည်။ အောင်မယ် … တော်သေးရဲ့၊ ပူတင်းတော်င မတွတ်သေးတော့ ယောက်ျားကလေးမှန်း သိရတယ်။ ဟင့်အင်း … ကရင်ကလေးလို့ အောက်မေ့ပါ လက်စသတ်တော့ ဗမာကလေးပါကလား။

လမင်း၏အရောင်အဝါသည် အလွန်တရာ မညံ့လှပါ။ ငဘ၏ မျက်စိသည်လည်း တောနေမျက်စိဖြစ်၍ ဇဝေဇဝါ မဖြစ်နိုင်ပါ။

“ဟယ် … ငကက်ရယ်၊ လက်စသတ်တော့ ဗမာ့ကလေးပါလား” ဟု ငဘက ငကက်ကို လှမ်း၍ အော်ပြောသည်။ ငကက်က ပါးစပ်မှ ဥုံဖွတို့ကို ရွတ်၍ တအားဆောင့်ကာ တက်ကုန်သုတ်လိုက်ရာ ဖြူဖြူဖွေးဖွေး ရေဆေးငါး အခါလည်သားကလေးမှာ သူ့အဖော် ဗေဒါများနှင့်အတူ သူ့ဘဝ၏ ခရီးလမ်းစအသစ်ကို ရှာရန်အလို့ငှာ ကျန်ရစ်ခဲ့လေသတည်း။

အခြေက ဆိုးသည်ထက် ဆိုးလာပြီ။ ထိုကလေးအလောင်းသည် ဗမာကလေးအလောင်းဖြစ်၍ ဗမာ ငဘသည် ကရင် ငဘတို့အပေါ် စိတ်နာသွားလေမလား။ ငဘမျက်စိထဲတွင် ဗမာကလေး အလောင်းသည် ရစ်ဝဲ၍ နေပါသော်လည်း ငဘစိတ်ထဲတွင် “ထိုကလေးသည် ကရင့်ကလေးဖြစ်အံ့၊ သူ့အဖေ-သူ့အမေများသည် ငါ့ထက်ပင် စိတ်မကောင်း ဖြစ်ရှာမှာပဲ” ဟူ၍သာ တွေးမိသည်။ ငဘ၏ဦးနှောက်ထဲသို့ ဘယ်ဇာတိမာန်မှ ဝင်၍ မြှောက်ထိုးပင့်ကော် မလုပ်ပါ။ ထို့ကြောင့် ငဘကား မတုန်မလှုပ်။ ညည်းတွားစရာ အကြောင်းရှိ၍ ညည်းရာတွင်ပင်လျှင် ခပ်အေးအေးနှင့် ညည်းသည်။

နောက်တစ်နေ့နံနက်တွင် ဗမာရွာတစ်ရွာတွင် နံနက်စာစားရန် ဆိုက်ရာကရင်နှင့် ဗမာတို့မှာ တစ်သွေးတစ်သံတစ်မိန့်ကို မျှော်ကာ ရိုက်ပွဲဆင်နေပြီ ဖြစ်ကြောင်းကို ငဘကြားသိရလေသည်။

သည်တစ်ခေါက်မှာမှ ငဘမြို့သို့ ရောက်ဖူးရတော့မည်။ ဘာမျှမသိနားမလည်၍ ငကက်ကို အဖော်လုပ်လာခဲ့သည်။ တစ်လမ်းလုံး စိတ်ရှုပ်စရာတွေချည့် တွေ့ခဲ့၊ မြင်ခဲ့၊ ကြားခဲ့ရတော့သည်။

“ငကက်ရယ် ပထမတော့ ကုလားတရုတ်ပါပဲ။ နောက်ကျတော့ ကရင်နဲ့လဲ မတည့်ပြန်ဘူး။ ကြာရင် တို့အချင်းချင်းလဲ ဆော်ကြဦးမှာ ထင်ပါရဲ့ကွာ၊ မြို့ကျရင်လေ တရုတ်သော၊ ကုလားသော၊ ကရင်သော၊ ဗမာသော ဘယ်သူ့မှ ယုံနိုင်စရာရှိတော့မှာ မဟုတ်ပါဘူး ထင်ပါရဲ့ ငါ့ညီရာ” ဟု ငဘက လေးလေးပင်ပင် ညည်းတွားလိုက်သည်။

“ကဲဟေ့-မြို့ကို မမှောင်ခင် ကပ်နိုင်ပါ့မလား” ဟု ငဘက ငကက်ကို မေးသည်။

“ကြည့်ကပ်တာပေါ့ ကိုငဘရာ” ဟု ငကက်က ပြန်ပြောသည်။

နေဝင်သည်နှင့် တစ်ပြိုင်နက် မြို့ဦးကစေတီတော်ကြီး ရွှေတွေဝင်းနေသည်ကို ငဘဖူးမြော်ရသည်။ ငဘက ဦးအကြိမ်ကြိမ်ချသည်၊ သည်ဘုရားမျိုးကို ကုသိုလ်ထူး၍ ဖူးမြော်ရခြင်း ဖြစ်သည်။ သည်လို ရွှေပြောင်ပြောင် စေတီရင်ပြင်မှာ ကလင်ကလင် မြည်နေသော ဆည်းလည်းသံကို နာခံရင်း မိဖော့နှင့်တကွ ကလေးတွေတစ်ပြုံကြီးပါ ဖူးလိုက်ရလျှင်၊ ကုသိုလ်ကိုဘေးဖယ်ထားဘိဦး၊ မိဖော့၏မျက်နှာကလေးကို မြင်လိုက်တာနှင့်ပဲ အမောပြေလောက်ပါရဲ့။

“ကိုငဘရေ … မဖြစ်ဘူးထင်တယ်။ ကမ်းဦးမှာ သေနတ်တွေတကိုင်ကိုင်နဲ့ လူစုလူဝေး တယ်ကောင်းတယ်။ မနက်မှပဲ ကပ်ကြစို့” ဟူ၍ ငကက်က စိုးရိမ်တကြီး ပြောလိုက်သဖြင့် ငဘစိတ်ထဲတွင် မြင်လိုက်သော မိဖော့မျက်နှာမှာ ပျောက်ကွယ်သွားသည်။

ငဘမှာ ငကက် အားကိုးဖြစ်၍ သူအကြံပေးသမျှကို ဦးမလေးဘဲ လိုက်နာရန် အသင့်ရှိသည်။

ထို့ကြောင့် ရွှေစေတီကလေးကို ပျပျမျှမြင်ရသော အရပ်ကနေ၍ ငဘသည် တစ်ညခိုနေရသည်။

နံနက်လင်းပြန်သော် ငဘ၏ လှေကလေးမှာ ကြောက်ဆုတ်ကြောက်ဆုတ်နှင့် မြို့ဆိပ်သို့ ကပ်လေသတည်း။

အချိန်မှာ ဝေလီဝေလင်းအချိန်ဖြစ်သည်။ ငိုက်မျဉ်းသော ကင်းသမားတို့က ထုံးစံအတိုင်း စစ်မေးသည်။ ငဘမှာ ထုံးစံအတိုင်း “သခင်မျိုးဟေ့” ဟု ထိုင်သံကြားလျှင် ခေါင်းနပန်း ကြီး-ကြီး သွားတတ်သောကြောင့် ငကက်က “တို့ဗမာ” ဟု သံ ဖောက်သည်။ ပြီးလျှင် သူတို့ မြို့သို့လာရသော အကြောင်းတို့ကိုပြော၍ ဟော်ရီးကိုတွဲကာ ကမ်းနားဆိပ်သို့ တက်သည်။

“မင်းတို့နှယ်ကွာ … ကာလကြီးပျက်မှ ရှုပ်ရှုပ်ယှက်ယှက် ဆေးရုံလာနေရသေးသလား။ ဂါတ်တို့၊ ရုံးတို့ မရှိတော့ဘူးကွဲ့။ ခုလဲ မြို့ကို ကရင်တွေဝိုင်းမယ်လို့ သတင်းရတယ်” ဟူ၍ ကင်းသမားတစ်ယောက်က ပြောသည်။

“ဒဏ်ရာက ဟက်တက်ကြီးမို့ တောမှာ ဘယ့်နှယ်လုပ် ကုနိုင်ပါ့မလဲ အစ်ကိုရာ့” ဟု ငဘက ပြန်ပြောသည်။

တစ်ဖက်ကမ်းမှ သေနတ်သံတစ်ချက် ကြားရသည်။

မြို့၏တောင်ဘက်ပိုင်းဆီမှ ရုတ်ရုတ်ရုတ်ရုတ်နှင့် လူသံတွေ ကြားရပြန်သည်။ မြို့ဘက်က သေနတ်သံတစ်ချက် တုံ့ပြန်လိုက်သည်။ ငဘအဖို့ ထိုအသံတို့သည် ဝရဇိန်လက်နက်သံဟူ၍ ထင်မှတ်မိသည်။

“ကရင်တွေ တက်လာကုန်ပြီဟေ့” ဟု တစ်ခဲနက် အော်သံကြားရပြန်သည်။ သေနတ်သံတို့လည်း မိုးမွှန်သွားချေပြီ။ ကင်းသမားတို့လည်း မြေတွင် ဝပ်နေကြရသည်။ ငဘ၊ ဟော်ရီး၊ ငကက်နှင့် ကုလားလေးတို့မှာ ဒီလုံးခဲပုံနောက် ဝင်၍ပုနေကြသည်။

တစ်ဖက်ကမ်းမှ မီးခိုးတွေတက်လာသည်။ ရွာတန်းရှည်ကြီး တောင်ဘက်မှ မီးခိုးလုံးသည် ကြီးမား၍သာလာပြီးလျှင် မြောက်ဘက်ရှိ အိမ်များဆီသို့ ကူးသည်။

နံနက်ခင်း မြူမှုန်တွေထနေစဉ် အပူဓာတ်အခိုးအငွေ့ကြောင့် ကောင်းကင်တစ်ပြင်လုံးမှာ မှိုင်းဝေဝေဇာတ် ခင်း၍နေသည်။

မြို့ဘက်က နှစ်လုံးပြူးသေနတ်သံမှာ တဖောင်းဖောင်းမြည်နေသည်။ တစ်ဖက်ကမ်းက ရိုင်ဖယ်ကျည်ဆန်တို့မှာ ရွှီခနဲမြည်၍ လူအများခေါင်းပေါ်မှ ကျော်သွားသည်။

‘ဒိုင်း … ရွှီ … ဖောင်း … ဖုန်း’ ဟူ၍ အုန်းခြိမ့်ခြိမ့်ညံနေသည့်အသံတို့မှာ ‘ဦးသောဘိတ မယ်တော်ပျံတုန်းက ဒုံးတိုက်တာထက် ပြင်းပါကလား’ ဟု ငဘအောက်မေ့သည်။

အသံတွေ အနည်းငယ်စဲသော် တစ်ဖက်ကမ်းမှ မီးလုံးကြီးများတက်လာ၍ ရွာအိမ်တန်းကြီးမှာ တစ်အိမ်မျှပင်မကျန်ဟု ဆိုစလောက်ပင် လောင်ကုန်သည်။

ငဘလည်း အသံအစဲတွင် ဟော်ရီးကိုတွဲ၍ ဆေးရုံသို့ ခပ်သုတ်သုတ် ခြေပြင်းနှင်ခဲ့သည်။ လမ်းတစ်လမ်းလုံး ငဘမှာ ဒဏ်ရာရသူနှင့် လားလားမှမတူ သုတ်ချက်သားကောင်းလှသည်။ ဆေးရုံရောက်၍ ဆေးထည့်ခန်းဝင်မိလေသော် သူ၏ဒဏ်ရာသည် ဟော်ရီးရသော ဒဏ်ရာထက်ပင် စိုးရိမ်စရာကောင်းဘိသကဲ့သို့ သမံတလင်းကြမ်းပြင်ပေါ်တွင် ငဘသည် ခွေယိုင်လဲပြို၍ ကျသွားပြီးလျှင် လေးလုံးခြောက်ဖက် အတ္တဘောကြီးမှာ မေ့မြော၍သွားလေသတည်း။

မောင်ထင်ရေးသားသော ဂန္တဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

Open More Online

Related Posts