ချစ်ခြင်းမေတ္တာရဲ အင်အား

ချစ်ခြင်းမေတ္တာရဲ အင်အား

ချစ်ခြင်းမေတ္တာရဲ အင်အား ~~~~
အမယ်အိုတစ်ဦးဟာ လူ့ဘဝတစ်သက်တာကို ခက်ခဲ့ပင်ပန်းစွာ ဖြတ်ကျော်ပြီးနောက် အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်သွားပြီးနောက် အမယ်အိုဟာ ဘုရားသခင်နဲ့တွေ့ချိန်မှာ သူ့ကို နှစ်ကာလကြာရှည်စွာ စိတ်ရှုပ်စေခဲ့တဲ့ မေးခွန်းတစ်ခုကို ဘုရားသခင်ထံ မေးမြန်းခဲ့ပါတယ်။
“တကယ်လို့ လူသားအားလုံးဟာ မွေးကတည်းက တန်းတူညီမျှရှိခဲ့တယ်ဆိုရင် ဘာဖြစ်လို့ တစ်ခါတလေမှာ လူတချို့က တခြားလူတချို့ကို ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံတတ်ပါသလဲ”
“လူတိုင်းက တိကျသေချာတဲ့ သင်ခန်းစာတစ်ခုကို တတ်ကြရတယ်။ ဒီသင်ခန်းစာတွေကို တတ်မြောက်မှ ဘဝဆိုတာ ဘာလဲ၊ လူဆိုတာ ဘာလဲဆိုတာ လူသားတွေ နားလည်နိုင်မှာဖြစ်တယ်”လို့ ဘုရားသခင်က ဖြေတော့ အမယ်အို သဘောမပေါက်ခဲ့ပါဘူး။ ဒီလိုနဲ့ ဘုရားသခင်က အခုလို ရှင်းပြခဲ့ပါတယ်။
“တစ်ယောက်ယောက်က သင့်ကို လိမ်ညာပြောဆိုတဲ့အခါမှာ အရာဝတ္ထုတစ်ခုဟာ သင်မြင်တဲ့ အပြင်ပန်း သဏ္ဌာန်အတိုင်းမဟုတ်ကြောင်း သင့်ကို ပြောပြနေပါတယ်။ အစစ်အမှန်ဟာ အမြဲတမ်း အတုအယောင်ရဲ့ အောက်မှာ ဖုံးနေပါတယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ တကယ့်အတွေးစိတ်ကို သိချင်ရင် သူ့ရဲ့ မျက်နှာဖုံးကို ထွင်ဖောက်ပြီး သူ့ရဲ့ အတွင်းစိတ်ကို ကြည့်ရပါတယ်။ ဒီလို ကြည့်ချိန်မှာ သင်လည်း သင့်မျက်နှာဖုံးကို ချွတ်ပစ်ရပါမယ်။ ဒါမှ တခြားသူလည်း သင့်အပေါ် တကယ်နားလည်မှာ ဖြစ်ပါတယ်။”
“တစ်ယောက်ယောက်က သင့်ပစ္စည်းကို ခိုးယူတဲ့အခါမှာ ဘယ်အရာကမှ သင်ထာဝရမပိုင်ဆိုင်ကြောင်း သင့်ကို ပြောပြနေပါတယ်။ ဒါကြောင့် သင်လက်ရှိပိုင်ဆိုင်တဲ့ အရာကို အမြဲတန်ဖိုးထားရပါတယ်။ အကြောင်းက အဲဒီအရာတွေ ဘယ်အချိန်မှာ ဆုံးရှုံးပျောက်ဆုံးမယ်ဆိုတာကို သင်မသိလို့ပါ။ သင့်အပေါ်ထားတဲ့ မိသားစု၊ သူငယ်ချင်းတွေရဲ့မေတ္တာကို ဒါဟာ ရသင့်လို့ ရတဲ့ အရာလို့ မထင်မှတ်ပါနဲ့။ မနက်ဖြန်ပဲဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဒါတွေဟာ ပျောက်ဆုံးသွားတတ်လို့ပါ။ အခုလက်ရှိအချိန်မှာ ပိုင်ဆိုင်တဲ့ အရာတွေကပဲ သင့်အတွက် သေချာပါတယ်”
“တစ်ယောက်ယောက်က သင့်ကို ရိုက်ပုတ်ပြီး နာကျင်အောင် လုပ်တဲ့အခါမှာ လူ့ခန္ဓာကိုယ်က ကြွပ်ဆတ်လွန်းကြောင်း သင့်ကို ပြောပြနေပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် ကာကွယ်တတ်ရပါတယ်။ သင့်ခန္ဓာကိုယ်ကို သင်ဂရုစိုက်တတ်ရပါတယ်။ ဒါဟာ သင်မသေမချင်း သင်ပိုင်ဆိုင်နိုင်တဲ့ တစ်ခုတည်းသော ဥစ္စာပစ္စည်းဖြစ်ပါတယ်”
“တစ်ယောက်ယောက်က သင့်ကို လှောင်ရယ်တဲ့အခါမှာ လူအချင်းချင်း တူညီတဲ့လူနှစ်ယောက် မရှိနိုင်ကြောင်း သင့်ကို ပြောပြနေပါတယ်။ တကယ်လို့ သင်နဲ့ မတူတဲ့ တခြားလူတစ်ယောက်ကို သင်တွေ့ဆုံတဲ့အခါ သူ့ရုပ်သွင် သဏ္ဌာန် ဒါမှမဟုတ် သူ့အမူအရာတွေကို မဝေဖန်၊ မကဲ့ရဲ့ပါနဲ့။ သူ့ရဲ့ အကျင့်စာရိတ္တ အနိမ့်အမြင့်ကိုပဲ အလေးထားပါ”
“တစ်ယောက်ယောက်က သင့်ကို ဝမ်းနည်းကြေကွဲစေတဲ့အခါမှာ လူတစ်ယောက်ကို သင်ချစ်တိုင်း တစ်ဖက်လူကလည်း သင့်ကို ချစ်မှာ မဟုတ်ကြောင်း သင့်ကို ပြောပြနေပါတယ်။ ဒါပေမယ့် အချစ်အပေါ် သင်မျှော်လင့်ချက်မမဲ့ပါနဲ့။ သင်နဲ့ သက်ဆိုင်တဲ့ တကယ့်အချစ်ကို သင်ရှာဖွေတွေ့ရှိတဲ့ အချိန်မှာ ပျော်ရွှင်ခြင်းက သင့်ရဲ့ ဝမ်းနည်းကြေကွဲခြင်းတွေကို ဖာထေးသွားပါလိမ့်မယ်”
“တစ်ယောက်ယောက်က သင့်ကို အပြစ်တင်တဲ့အခါမှာ ဘယ်သူမဆို အမှားလုပ်တတ်ကြောင်း သင့်ကို ပြောပြနေပါတယ်။ သင် အမှားလုပ်မိချိန်မှာ အကောင်းဆုံး သင်လုပ်နိုင်တဲ့အရာတစ်ခုက သင့်ကို အပြစ်တင်နေသူကို ခွင့်လွှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ပြောရရင်တော့ ကိုယ့်ကို ထိခိုက်နာကျင်စေသူကို ခွင့်လွှတ်တယ်ဆိုတာဟာ ဘဝမှာ တကယ်လုပ်ရခက်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာည်း လူတစ်ယောက်ရဲ့ သတ္တိကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်”
“သင့်ချစ်သူက သင့်အပေါ် သစ္စာဖောက်သွားတဲ့အခါ ဆွဲဆောင်ဖြားယောင်းမှုကို အန်တုဖို့ဆိုတာ လူတွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း သင့်ကိုပြောပြနေပါတယ်။ ဆွဲဆောင်ဖြားယောင်းမှုတွေကို အန်တုခုခံနိုင်ဖို အမြဲမပြတ် သတိပေးရပါတယ်။ ဒါမှ တိုတောင်းတဲ့ စည်းစိမ်မဟုတ်ဘဲ တာရှည်တည်မြဲတဲ့ ပျော်ရွှင်ငြိမ်းချမ်းခြင်းကို သင်ရမှာဖြစ်တယ်”
“တစ်ယောက်ယောက်က သင့်ကို လှည့်ဖြားတဲ့အခါမှာ လောဘဆိုတာ ဆိုးယုတ်ခြင်းရဲ့ ရင်းမြစ်ဖြစ်ကြောင်း သင့်ကို ပြောပြနေပါတယ်။ ပန်းတိုင်ဟာ သင်နဲ့ ဘယ်လောက်ပဲ ဝေးပါစေ… သင့်စိတ်ကူးအိပ်မက်ကို ကြိုးစားပြီး အကောင်အထည်ဖော်ပါ။ ဒါမှ သင့်အောင်မြင်မှုက တခြားလူရဲ့ အကူအညီကြောင့်ဆိုတဲ့ စိတ်မသန့်တာမျိုးကို သင်မခံစားရမှာ ဖြစ်တယ်။ အောင်မြင်ဖို့ဆိုပြီးတော့လည်း ဖြတ်လမ်းမလိုက်ပါနဲ့”
ဘုရားသခင် ရှင်းပြတာတွေကို နားထောင်ပြီးတဲ့နောက် အမယ်အိုက ပြန်မေးပါတယ်။
“ဘုရားသခင်.. တခြားသူရဲ့ကောင်းမှုတွေက အကျွန်ုပ်တို့ကို ဘာသင်ခန်းစာတွေများ ရစေသလဲဆိုတာကို ဘုရားသခင်မပြောသေးဘူးနော်”
ဘုရားသခင်က ပြုံးပြုံးလေးနဲ့ ဆက်ရှင်းပြပြန်တယ်။
“တစ်ယောက်ယောက်က သင့်ကို ချစ်ခင်နှစ်သက်တဲ့အခါမှာ ချစ်ခြင်းမေတ္တာ၊ ကြင်နာခြင်း၊ ရိုးသားခြင်း၊ နှိမ့်ချခြင်း၊ ခွင့်လွှတ်သည်းခံခြင်း၊ လက်ခံခြင်းစတဲ့ လူသားဆန်တဲ့ ဒီကောင်ကျိုးတွေ အားလုံးက လောကမှာ ရှိတဲ့ ဆိုးယုတ်မှုအားလုံးကို အောင်မြင်နိုင်ကြောင်း သင့်ကို ပြောပြနေတာဖြစ်ပါတယ်။ အကောင်းရှိရင် အဆိုးလည်း ရှိတယ်။ လူတွေက အကောင်းနဲ့ အဆိုးကြားမှာ လက်ဦးမှုရယူတတ်ကြပါပေမယ့် ချစ်ခြင်းမေတ္တာရဲ့ အင်အားကိုတော့ အမြဲမေ့လျော့နေတတ်ကြတယ်”
“သင့်ဘဝမှာ တစ်ယောက်ယောက်နဲ့ တွေ့ဆုံတဲ့အခါ ချိန်းထားလို့တွေ့တာပဲဖြစ်ဖြစ်၊ တိုက်ဆိုင်လို့တွေ့တာပဲဖြစ်ဖြစ် အဲဒီလူဆီကနေ ကိုယ်ဘာများသင်ယူနိုင်မလဲလို့ သင်တွေးကြည့်သင့်ပါတယ်။ နောက်ပြီး အဲဒီလူက သင့်ကိုချစ်တတ်ဖို့ ဒါမှမဟုတ် မုန်းတတ်ဖို့ သင်ပေးလိုက်သလား၊ လူ့ဘဝကနေ သင်ခွဲခွာသွားတဲ့အခါ လူတွေ အတွက် ချစ်ခြင်းတွေ အများကြီး သင်ချန်ခဲ့သလား၊ ဒါမှမဟုတ် အမုန်းနာကျင်ထိခိုက်ခြင်းတွေကိုပဲ သင်ချန်ခဲ့သလား၊ ပျော်ရွှင်ခြင်း ဒါမှမဟုတ် ကြေကွဲခြင်းတွေ ချန်ခဲ့သလား… ဒါကို သင်တွေးကြည့်သင့်ပါတယ်။ လူတိုင်းမှာ ချစ်နိုင်တဲ့ အစွမ်းအစတွေ ရှိကြပါတယ်။ ချစ်ခြင်းမေတ္တာရဲ့ အင်အားကို ကောင်းကောင်းအသုံးချသင့်ပါတယ်”

စာရေးဆရာမ  ⇒ Nine Nine Sanay @ နိုင်းနိုင်းစနေ  

ရသ

Open More Online

Related Posts