မအေးပိုသည် ရုံးက ပြန်ရောက်ရောက်ခြင်း လွယ်အိတ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်၏။ ခုတင်ဘက်သို့ အမြန်သွားကာ ပစ်လှဲလိုက်ရင်း ရှိုက်၍ရှိုက်၍ ငို၏။ မအေးပိုငိုသံသည် ပို၍ကျယ်လာသောအခါ မီးဖိုထဲမှ မမနှင့် ညီမလေးသည် သူ့ဆီသို့ အပြေးအလွှား ပြေးလာကြ၏။

 “ ပိုပို… ပိုပို ဘာဖြစ်လာလဲဟင်…. ”

 မအေးပိုသည် ရှိုက်၍ရှိုက်၍သာ ငိုနေပြန်၏။

 “ ပိုပိုရယ်… ဘာဖြစ်လို့လဲဟယ်…. ”

 “ သိပ်ရှက်စရာကောင်းတာပဲ…. ”

 “ ဟင်… ”

 ညီအစ်မနှစ်ယောက်စလုံးသည် ရင်ထဲမှာ ဆို့သွား၏။ သူတို့သည် သူတို့အတွေးနှင့်သူတို့ တုန်လှုပ်သွားကြ၏။

 “ ပိုပို… နင့်ကို…. နင့်ကို… ကားတင်လို့လားဟင် ”

 မမသည် သူအစိုးရိမ်ဆုံးအကြောင်းကို ကောက်၍မေး လိုက်၏။ မှန်၏။ သူသည် အိမ်ထဲမှာ အစဉ်နေသူဖြစ်၍ အပြင်ထွက်ကာ အလုပ်လုပ်ရရှာသော ညီမလေးအတွက် အစဉ်စိုးရိမ်၏။

 “ မမပိုကို စာပေးခံရလို့လားဟင်… ”

 ညီမလေးကလည်း သူကျောင်းတက်စဉ် ခဏခဏ စာပေးခံရ၍ သူ့လိုများ ပိုပိုဖြစ်လာ၍ ရှက်ပြီးတော့များ ငိုလေသလား

 “ ဘာတွေများ လျှောက်မေးနေကြတာလဲ ”

 “ ဒါဖြင့် ဘာဖြစ်လို့လဲဟင် ”

 “ လူများ…. သိလား …. ချော်လဲလို့ သိမ်ကြီးစျေး ဖြတ်အကူး လမ်းမကြီးအလယ်ခေါင်မှာ မှောက်ရက်လဲလို့ သိလား ဟင့် ဟင့် သိပ်ရှက်စရာကောင်းတာပဲ ”

 မအေးပိုသည် ကြူကြူပါအောင် ငိုပြန်၏။

 “ အေးဟယ်…. ဟုတ်ပါရဲ့…. ခုမှကြည့်မိတယ်။ လုံချည်မှာလည်း ရွှံ့တွေချည်းပဲ။ ညီမလေး သွား လုံချည်အသစ်တစ်ထည် ယူလိုက်၊ တိတ်ပါ ပိုပိုရယ်… မမက ဘာများဖြစ်သလဲလို့ တော်ပါသေးရဲ့ ”

 “ သိပ်ရှက်စရာကောင်းတာ မမရဲ့…. မျက်နှာမှာလည်း ပေကုန်တာပဲ၊ လက်ကိုင်ပဝါနဲ့ သုတ်ပစ်လိုက်လို့ လူတွေက ပြိုကျလာတာပဲ။ ပိုပိုက သေးသေးလေးမို့လား၊ ယောက်ျားကြီးတွေက ကိုယ်လုံးကြီးတွေနဲ့ ၀င်တိုက်တော့ ဘယ်ဟန်ထားနိုင်မလဲ လဲတာပေါ့ ”

 မအေးပိုသည် အငို နည်းနည်းရပ်သွား၍ စကားကို ကောင်းကောင်း ဆက်ပြောပြန်၏။

 “ ဘုရားမလို့ပေါ့ဟယ်….၊ ကားအလာများနဲ့ဆိုရင် သေမှာ ”

 “ အင်းပေါ့…. အဲဒီကားတွေ တအားမောင်းလာတာကို ရှောင်လိုက်တာ ဖြစ်တာပေါ့ ”

 “ ကဲ….. လုံချည် လဲလိုက်ဦး ”

 ပိုပိုသည် လုံချည် လဲရပေမယ့် စိတ်ထဲမှ မခံမရပ်နိုင်သလိုလို ဒေါသဖြစ်သလိုလိုနှင့် ဆွေးဆွေးမြေ့မြေ့ကြီးဖြစ်ကာ ပြန်၍ ၀မ်းနည်းလာ၏။

 “ သိပ်ကိုဆင်းရဲလွန်းပါတယ်။ တစ်နေ့တစ်နေ့ ရုံးသွား၊ ရုံးပြန် ဒီ သိမ်ကြီးစျေး ဖြတ်ကူးရတာနဲ့ ကားတိုက်ပြီး သေမှာပဲ ”

 ပိုပိုစကားကြောင့် မမနှင့် ညီမလေးသည် ကြောင်၍ ငေးနေကြ၏။ ပိုပိုသည် အစ်မနှင့် ညီမမျက်နှာကို လှမ်းကြည့်ရင်း စိတ်မကောင်းမိပြန်၏။ သူက ရှာကျွေးရသူ မဟုတ်ပါလား။ ရှာကျွေးရသူက ယခုလို ညည်းလိုက်လျှင် ခမြာများမှာ နေတတ်ရှာမည် မဟုတ်။ သူသည် ညည်းမိသည့်အတွက် နောင်တရသွားပြန်၏။

 “ ပိုပို ၀မ်းမနည်းတော့ပါဘူး။ ရေချိုးတော့မယ်၊ ကဲ…… သွားကြတော့ ”

 ညီအစ်မနှစ်ယောက်လုံးသည် ခပ်တိတ်တိတ်ပင် မီးဖိုချောင်ထဲသို့ ထွက်သွားကြ၏။ ယခုလို အေးအေးတိတ်တိတ်ငြိမ်ငြိမ်လေး တွေနေတတ်လွန်း၍ အမှန်တော့ ပိုပိုက သူတို့နှစ်ယောက်ကို ပို၍ သနားရပါ၏။ ချစ်ရပါ၏။ ဟုတ်ဟုတ် မဟုတ်ဟုတ် မအေးပိုကမှ ဒိုးဒိုးဒေါက်ဒေါက် ပြောလိုက်ဆိုလိုက်ရှိ၏။ အစ်မမိုမိုနှင့် ညီမချိုချိုကမူ မပြောတတ်။ စိတ်အခန့်မသင့်၍ ပိုပိုက အော်ဟစ်ဆူနေ၍လည်း သူတို့နှစ်ယောက်သည် တစ်လုံးတစ်ပါဒမှ ပြန်၍ မပြောတတ်ပေ။

 ယခုအခါလည်း ပိုပိုက ၀မ်းနည်း၏။ အလွန် ရှက်၏။ ဒါပေမယ့် သူက ရှိုက်၍ ငိုလျှင် သူတို့နှစ်ယောက် နေတတ်မည် မဟုတ်၍ ပိုပိုသည် သူတို့ရှေ့တွင် စိတ်ထိန်းထားရ၏။ သူတို့ ထွက်သွားမှ ခုတင်ပေါ် ပြန်လှဲရင်း ၀မ်းနည်းလာ၏။ ရုံးက ဝေးလွန်းလှ၏။ ဟံသာ၀တီအဝိုင်းကြီးအထိ စီးရ၏။ သူနေသည်မှာ ရန်ကုန်အရှေ့ပိုင်း ဖြစ်၏။ ကားနှစ်တန်ပြောင်းစီးမှ ရုံးကို ရောက်၏။ ယနေ့ညနေမှာ ကြိတ်ကြိတ်တိုးနေသော သိမ်ကြီးစျေးတွင် မိုးက ရွာလိုက်၍ လူတွေမှာ ရွစိထိုးကာ ဘရုံးသုံးကား တိုးဝှေ့ပြေးလွှားနေကြသည်။

 ပိုပိုသည် ရုံးဆင်းတိုင်း ဤသိမ်ကြီးစျေးကို ဖြတ်ကူးရသည်ကို အလွန် ကြောက်၏။ သို့သော်…. နေ့တိုင်းပင် ဖြတ်ကူးရပေသည်။ ယနေ့မှာ အပြေးမောင်းလာသော ကားတစ်စီးကို ကြောက်အားလန့်အားနှင့် အရှောင်လိုက်တွင် ယောက်ျားကြီးတစ်ယောက်က ပိုပိုအား ပစ်တိုက်လိုက်ရာ ပိုပိုသည် မြေတွင် မှောက်ရက်လဲတော့၏။ ပိုပိုက သေးသေးပိန်ပိန်လေး ဖြစ်၏။ လူတွေက ဝိုင်းကြည့်၏။ အမှန်တော့ ပိုပိုသည် လဲကျသွားကတည်းကိုက ဟစ်၍ငိုချင်၏။ ဒါပေမယ့် မငိုရဲ၊ မျက်နှာတွေက ရွှံ့တွေကို မြန်မြန်သုတ်ရ၏။ ဘယ်မိန်းမဖော်ချင်းမှလည်း သူ့ကို လာမထူ၊ သူသည် ကမန်းကတန်း ထ၍ ပုဇွန်တောင်ဘက် ကားဆိပ်သို့ အမြန်လျှောက်ရင်း ရင်ထဲမှလည်း ငိုလိုက်သည်ဖြစ်ခြင်း။

 အပျိုလေးတစ်ယောက် လမ်းမှာ လျှောက်ငို၍လည်း မတော်ပေ။ ဘတ်စ်ကားပေါ်မှာလည်း ငို၍မသင့်၊ ရင်ထဲမှာ မူလ ဆတ်ဆတ်ခုန်၍ ရှက်ခြင်း၊ ၀မ်းနည်းခြင်းများမှာ ပြည့်သိပ်နေတော့သည်။ ထို့ကြောင့် အိမ်ရောက်လျှင်ရောက်ခြင်း သွန်ချ၍ ငိုလိုက်ခြင်းဖြစ်၏။

 “ အမေတို့များ…. မိအေးပိုစီးဖို့ ကားလေးတစ်စင်းလောက်တော့ ထားခဲ့ဖို့ကောင်းပါတယ် ” ဟူ၍ သူသည် စိတ်ထဲမှ အပြစ်တင်မိ၏။ ကံ…. ကံ၏ အကြောင်းတရားတို့ကို ဘယ်လိုမှ မဖန်တီးနိုင်သော ကွယ်လွန်သူမိခင်ကို အပြစ်တင်မိ၏။

 “ ဒါမှမဟုတ်လည်း ကားစီးနိုင်တဲ့ ရာထူးရအောင် ဘီအေလောက်တော့ ပညာသင်ပေးခဲ့ဖို့ ကောင်းပါတယ် ”

 မအေးပိုသည် အမေ့ကို အပြစ်တင်ရင်းမှ သနားသွားပြန်၏။ ယခင်လို မျက်ရည်များသည် ဒလဟောမကျလာဘဲ စိမ့်၍ မျက်လုံးထဲမှကျလာ၏။ မိန်းမသားတွေချည်းဖြစ်၏။ အမေကလည်း မရှိ၊ အဖေကလည်း မရှိ။

 ပိုပိုသည် ဆက်မတွေးတော့ဘဲ ရေချိုးရန် ပြင်လိုက်တော့၏။

 နောက်တစ်နေ့ ရုံးတက်ချိန်တွင်လည်း သူ့စိတ်များသည် မရွှင်လန်းသေးပေ။ လွယ်အိတ်ကို ချိတ်ကာ ဘတ်စ်ကား စီးလာပေမယ့် စိတ်က ၀မ်းနည်းတုန်းပင် ဖြစ်၏။

 “ ငါ့ကိုက ဆင်းရဲလွန်းပါတယ် ” ဆိုသော အတွေးမှာ ရင်ထဲက မပျောက်သေးပေ။ အင်းစိန် ဘတ်စ်ကားပေါ် ပြောင်းရင်းလည်း သူ့အတွေးကို မဖျောက်သေးပေ။ လမ်းမတော်မှတ်တိုင်တွင် ကား ခဏရပ်လိုက်၏။

 “ ဆယ်ပြားတည်း… ဆယ်ပြားတည်း… သားဖြစ်သူက အဖေကို ဓားနဲ့ခုတ်လို့ အဖေ့ခမြာ ပွဲချင်းပြီး သေရသတဲ့၊ ဆယ်ပြားတည်း…. ဆယ်ပြားတည်း….. ”

 မအေးပို၏ အတွေးသည် ရပ်သွား၏။ ဆယ်ပြားတည်းဆိုသော အသံကို လိုက်ရှာ၏။ ရှာရခြင်းအကြောင်းရင်းမှာ အသံလေးသည် နွဲ့၍ သနားစရာကောင်း၏။

 “ ဟစ် ” လိုက်သည့်အခါတွင်လည်း “ အဖေ့ခမြာ ” ဆိုသည့်နေရာတွင် “ မြာ…. ” ကို ဆွဲ၍ အော်လိုက်ပုံမှာ ကရုဏာရသပေါ်လွင်လှ၏။ အသံရှင်ကို တွေ့သောအခါတွင် မအေးပိုသည် အံ့သြမိပြန်၏။ သတင်းစာရောင်းသူ အသံရှင်သည် ဆယ်နှစ်ကျော်ကျော်မျှပင် ရှိသေး၏။ ခြေထောက်တိုတိုနှင့် အသားညိုမဲမဲလေး ဖြစ်၏။

 “ ဆယ်ပြားတည်း…. ဆယ်ပြားတည်းရယ်… ရွာကို သူပုန်၀င်စီးလို့ သူကြီး အဖမ်းခံရရှာသတဲ့ ”

 ဝူး…. ကားသာထွက်သွားသည် သူငယ်လေး၏ ရုပ်နှင့် အသံသည် မအေးပိုနှင့် ကပ်၍ပါလာ၏။

 ပညာမတတ်၊ ဒါလောက် ငယ်ရွယ်စဉ်ကပင် အသံကိုပိုင်၍ တစ်ဖက်သားစိတ်ကို ထိခိုက်အောင် လုပ်နိုင်သော သူငယ်လေးသည် စာပေသာ တတ်ပါလျှင် သူ့ကလောင်နှင့်သော်လည်းကောင်း၊ ဂီတနှင့်သော်လည်းကောင်း၊ တစ်ဖက်သူ၏ နှလုံးသားကို လှုပ်ရှားနိုင်မည်ဖြစ်၏။

 “ အင်း…. ဒီသူငယ်လေး စာသင်ရမှာ မဟုတ်ဘူး ”

 မအေးပိုသည် သူငယ်လေးဘ၀ကို ပိုတွေးလာ၏။ သူငယ်လေးသည် သတင်းစာရောင်းရင်း၊ လျက်ဆား ရောင်းရင်းနှင့်ပင် ဘ၀တာတစ်လျှောက် သွားရှာပေတော့မည်။ ပိုပို၏ သနားခြင်းသည် သူငယ်လေးအပေါ် ညွှတ်၍သွား၏။ “ ငါ့လိုတောင် သူ့ခမြာ ဆယ်တန်းမအောင်ရှာဘူး ” ဟူ၍ တွေးမိပြန်၏။ ရုံးချိန်တွင်လည်း “ ဆယ်ပြားတည်း… ဆယ်ပြားတည်း၊ သားက အဖေကို သတ်လို့ အဖေ့ခမြာ ပွဲချင်းပြီး သေရှာသတဲ့ ”

 ထိုအသံသာ နားထဲမှာ ကြားနေ၏။ ရုံးဆင်းချိန်တွင်မူ ထိုသူငယ်လေးကို လမ်းမတော်မှတ်တိုင်တွင် မတွေ့ရပေ။

 သိမ်ကြီးစျေး ဖြတ်ကူးချိန်တွင်လည်း မတွေ့ပေ။ ဖရေဇာဘက် ပလက်ဖောင်း ရောက်ရောက်ခြင်း သူသည် အသံတစ်ခုကို ကြားရပြန်၏။

 “ အနီရောင်လေး…. ပွေးပျောက်တဲ့ဆေး.….. ဆိုင်တိုင်းမှာ ရှိလေရဲ့.… ဆိုင်ဆိုင်းမှာ ရှိလေရဲ့ ”

 အသံရှင်သည် သတင်းစာရောင်းသမားလေးထက် အသက်ကြီး၏။ ၁၅ နှစ်ကျော်ကျော် လူပျိုပေါက်လောက် ရှိလေပြီ။ မအေးပိုသည် ရပ်၍ သူငယ်လေးကို စေ့စေ့ကြည့်၏။ သူ့အသံသည်လည်း “ အနီရောင်လေး ” “ လေး…. ” ဆိုသောနေရာတွင် ဆွဲငင်ပုံမှာ ပျော့ပြောင်းလှ၏။ သူ့တစ်ကိုယ်လုံးတွင် ဘောင်းဘီအနက်၊ ကွက်အင်္ကျီအနက်ကို ၀တ်ထား၏။ မျက်နှာတွင် မျက်နှာချေ ဖွေးနေအောင် လူး၍ မျက်ခုံးမွေးကို ထင်ထင်ဆွဲထားသည်။ ယခင်က ဤနေရာတွင် သူ့လိုပင် ဆေးရောင်းသူ လူခပ်ကြီးကြီးတွေကို တွေ့ရ၏။ ယခု သူရောင်းနေ၏။ သူ့မျက်နှာသည် ဆေးရောင်းရန်အတွက်သာ လူကြီးတွေ အော်သလို အော်နေရပေမယ့် သူသည် ကုန်း၍ကုန်း၍ အော်၏။ အမှန်လည်း ယခုလို အော်ပါမှ သူ ဆေးရောင်းရမည်။ ဆေးရောင်းရမှ ထမင်းစားရမည်၊ ၀မ်းတစ်ခါးဆိုသည်မှာ ရှက်ပေမယ့်လည်း အော်ရပေမည်။

 “ အပျိုပေါက်လေးတွေများ သူ့နားလာရင် သူ့ခမြာ ပိုရှက်မှာပဲ ” ဟူ၍ ပိုပိုသည် တွေးမိပြန်၏။ တစ်ခါတစ်ခါ အော်ရုံသာမဟုတ်၊ ဆေးထုပ်ကလေးကို လက်တစ်ဖက်မှ မြှောက်၍ ခြေထောက်တစ်ဖက်ကို ကြွကာ ကမလိုလိုဟန် လုပ်ရပြန်၏။ မျက်နှာကမူ စိတ်၀င်စားကြောင်း အမူအရာကို လုံးလုံးမပြပေ။

 “ အင်း…. စိတ်မောစရာကြီးပါလား ”

 တစ်လမ်းလုံး အိမ်ရောက်သည်အထိ မအေးပို နားထဲတွင် “ ဆယ်ပြားတည်း… ဆယ်ပြားတည်း အဖေခမြာ သေရရှာသတဲ့ ”

 “ အနီရောင်လေး… ပွေးပျောက်တဲ့ဆေး ဆိုင်တိုင်းမှာ ရှိလေရဲ့၊ ရှိလေရဲ့၊ မပျောက်ရင် ပိုက်ဆံ ပြန်တောင်း ”

 ညအိပ်ရာပေါ်တွင်လည်း ထိုအသံတွေသာ ကြားနေရ၏။ မျက်လုံးထဲတွင်လည်း ထိုသူငယ်လေး နှစ်ယောက်ရုပ်သာ ပေါ်လာ၏။ သူတို့နှစ်ယောက်သည် စာသင်ကြားဖူးကြမည် မဟုတ်ပေ။ ညအိမ်ပြန်ချိန်တွင်လည်း သူ့လို ထွေးထွေးနွေးနွေး အိပ်ကြရပါမည်လော၊ ထမင်းအဆင်သင့် ချက်ထားမည့်သူမှ ရှိပါ့မလား၊ ထိုဆေးနှင့် သတင်းစာသည်လည်း တစ်နေ့လုံး ဘယ်လောက်ဖိုး ရောင်းရ၍ သူတို့အတွက် ဘယ်လောက်ကျန်မလဲ၊ ဝိတက် ဝိစာရတို့သည် မအေးပိုအား လွှမ်းကြကုန်၏။

 ယခုအခါတွင် မအေးပိုသည်….

 “ ငါကိုက ဆင်းရဲလွန်းပါတယ် ” ဟူသော အတွေးကို လုံးလုံး သတိမရပေ။

 နောက်နေ့နံနက် ရုံးတက်ချိန်တွင် ပိုပိုသည် ဖျတ်ဖျတ်လတ်လတ်ရှိ၏။ လမ်းလျှောက်ပုံကလည်း ရွှင်ရွှင်လန်းလန်းရှိ၏။

 လမ်းအကူးတွင်လည်း ရှက်အန်းအန်း မရှိတော့ပေ။ သူသည် လူချမ်းသာ တစ်ယောက်လိုပင် အေးဆေး၍ စိတ်ချလက်ချရှိ၏။

 မှန်ပေ၏။ ပိုပိုသည် စိတ်ချမ်းသာဖို့ကောင်းပေပြီ။

 သတင်းစာနှင့် ဆေးရောင်းသူ သူငယ်လေးနှစ်ယောက်နှင့်စာလျှင် သူ့အသက်မွေး၀မ်းကျောင်းသည် ချမ်းမြေ့အေးဆေးလှသည် မဟုတ်ပါလား။

ဆရာမခင်နှင်းယု၏ ရှုမ၀မဂ္ဂဇင်း၊ ၁၉၆၀” မှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

ရသ

Related Posts