ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဓမ္မမှတ်စု (၁)

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဓမ္မမှတ်စု (၁)

မိမိအနေနဲ့ ကိုယ့်ကိုယ်ကို စဥ်းစားကြဖို့က ဘယ်သူ့ကိုပေါ်မှ အမုန်းပွားတဲ့စိတ်၊ အငြိုးအတေးထားတဲ့စိတ် မရှိအောင် သတိဆောင်ကြရမှာ ဖြစ်တယ်။ အဲ့ဒီအမုန်းဟာ ရှည်ကြာလာတဲ့ အခါကျတော့ အမုန်းသံသရာ ဖြစ်လာပြီး ကလဲ့စားချေတဲ့အထိတောင် ရောက်လာတယ်။ တစ်ဦးရဲ့အမုန်းက နောက်တစ်ဦးကို ကူးစက်သွားပြီဆိုလို့ရှိရင် အပြန်အလှန် အကျိုးထိခိုက်အောင် လုပ်ဆောင်မှုတွေ လောကကြီးမှာ ဖြစ်ပေါ်လာတတ်တယ်။

တစ်ဖက်သားက အမုန်းတရားကိုလက်မခံပဲ မေတ္တာတရားနှင့်တုံ့ပြန်လို့ရှိရင် ထိုအမုန်းဓာတ်ဟာ ရပ်စဲသွားနိုင်သော်လည်းပဲ အမုန်းကိုတုံ့ပြန်ပြီး ကလဲ့စားချေမယ် ဆိုလို့ရှိရင် အမုန်းသံသရာကြီးဟာ ရှည်သွားတတ်တယ်။ ဒါကြောင့်မို့ ဘုန်းကြီးတို့တစ်တွေ လူ့ဘဝရောက်တဲ့အခါမှာ မေတ္တာထားနိုင်သမျှထား မေတ္တာမထားနိုင်ရင်တောင် အမုန်းမပွားအောင် နေကြရမှာ ဖြစ်တယ်။ လူ လူချင်းပဲ ဖြစ်စေ၊ လူနဲ့သတ္တဝါပဲ ဖြစ်စေ၊ မုန်းတီးတဲ့စိတ်၊ ရွံရှာတဲ့စိတ်၊ အမြင်ကတ်တဲ့စိတ်တွေ၊ ကိုယ့်သန္တာန်မှာ ဖြစ်လာပြီဆိုလို့ရှိရင် သတိထားဖို့ လိုအပ်တယ်။

လူ လူချင်းပဲဖြစ်စေ၊ လူနဲ့ သတ္တဝါ တိရစ္ဆာန်ပဲ ဖြစ်စေ မုန်းတီးရွံရှာမှုဆိုတာ မဖြစ်အောင် သတိဆောင်ကြဖို့လိုအပ်တယ်။ လောကလူတွေဟာ ကိုယ့်ရဲ့ချမ်းသာမှုကို အလေးပြုပြီး စဥ်းစားတတ်လေ့ရှိကြတယ်။ မိမိအဆင်ပြေမှုနဲ့ မိမိချမ်းသာမှုကိုသာ အလေးပြုတဲ့အခါ တစ်ဖက်သားကို ထိခိုက်သွားလို့ရှိရင် တစ်ဖက်သားရဲ့ အမုန်းဟာ ကိုယ့်ပေါ်ရောက်လာတတ်တယ်။ ရောက်လာလို့ ထိခိုက်နစ်နာလာပြီဆိုရင် မိမိကလည်း အမုန်းကူးစက်ပြီးတော့ အပြန်အလှန် မုန်းတီးမှုကြောင့် အမုန်းသံသရာကြီးဟာ ရှည်လျားသွားတတ်တယ်ပေါ့။

လောကမှာ လူဖြစ်တဲ့အချိန်မှာ အမုန်းသံသရာ မရှည်အောင် သတိထားဖို့လိုအပ်တယ်။ အကယ်၍ အမုန်းသံသရာ ရှည်သွားပြီဆိုလို့ရှိရင် မပြေနိုင်သည့်အတွက်ကြောင့် အတုံ့အလှည့် ကလဲ့စားချေခြင်းဖြင့် လောကကြီးမှာ မဆုံးနိုင်တဲ့ မကျေနပ်ပွဲကြီးတွေနဲ့ ​ဒုက္ခရောက်နေတတ်တယ်ပေါ့။ အဲ့ဒီအချိန်မှာ လူ လူချင်း ဆက်ဆံရေးမျှသာမက မိမိရဲ့အနီးအပါးမှာရှိတဲ့ တိရစ္ဆာန်လေးတွေတောင် သတိထားကြရမှာ ဖြစ်တယ်။

အိမ်မွေးထားတဲ့ ခွေးကလေးတွေ ကြောင်ကလေးတွေက အစ မိမိက ရက်ရက်စက်စက် လုပ်မိလို့ရှိရင် သူ့တို့ရင်ထဲ နှလုံးထဲမှာ အမုန်းစိတ် ဝင်သွား တတ်တယ်။ အဲ့ဒီအမုန်းစိတ်ဝင်သွားရင် ကလဲ့စားချေတဲ့စိတ် ဆိုတာလည်း နောက်ကနေလိုက်လာတတ်တယ်။ အဲ့ဒါကို သတိထားပေါ့။ ကိုယ့်ရဲ့ ချမ်းသာသုခကို ရှာတဲ့အခါမှာ သူများကို ဒုက္ခရောက်ပြီးတော့ သူများကို ဒုက္ခရောက်စေအောင်လုပ်ပြီးမှ ကိုယ့်ချမ်းသာကို မရှာဖို့ အထူးသတိပြုကြရမယ်။ လူတိုင်း လူတိုင်းဟာ ချမ်းသာမှု၊ အဆင်ပြေမှုကို မျှော်လင့်ကြတာဖြစ်တယ်။ အဲ့ဒီလို မျှော်လင့်လို့ မိမိချမ်းသာမှု တစ်ခု ရှေးရှုပြီးတော့ တစ်ဖက်သားမှာ အဆင်မပြေမှု ဖြစ်သွားရင် မုန်းတီးရွံရှာမှု ဖြစ်သွားတယ်။ အမှတ်တမဲ့ကိစ္စပဲ ဖြစ်​ပါစေ ဒါမျိုး တွေက ဖြစ်သွားတတ်တယ်။ ဥပမာမယ် ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ပဲ လောကကြီးမှာ ရန်ပွဲတွေဖြစ်တတ်တယ်။ ကနေ့ခေတ်မှာဆိုလို့ရှိရင် အိမ်ရှေ့ကားရပ်တာတို့၊ လမ်းဘေးကားရပ်တာတို့ကစပြီး တစ်ဦးနဲ့တစ်ဦး အမုန်းပွားပြီးတော့ ရန်များကြတာ ရှိတယ်။

ဒါကြောင့်မို့ အမြဲတမ်း တစ်ဖက်သားရဲ့အဆင်ပြေမှုကို အကြင်နာတရား​ မေတ္တာတရားရှေးရှုပြီးတော့ နေထိုင်လုပ်ကိုင်တာဟာ ကိုယ့်အတွက်လည်း အဆင်ပြေမယ်။ ပတ်ဝန်းကျင်လည်း အဆင်ပြေမယ်။ အဲ့ဒီ ယဥ်ကျေးမှုလေးကိုတော့ မိမိတို့ရဲ့ ရင်ထဲ နှလုံး​ထဲမှာ တည်ဆောက်ကြရမှာ ဖြစ်တယ်။

တစ်ဖက်သားအဆင်ပြေအောင် ကနေ့ခေတ်မှာ ကားရပ်တာကစပြီး ရန်ပွဲတွေ ဖြစ်ကြတာရှိတယ်။ ဒါကြောင့်မို့ အဲ့ဒီလိုတွေမဖြစ်ရအောင် တစ်ဦးကိုတစ်ဦး ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ တစ်ဖက်သားအဆင်ပြေအောင် နေထိုင်ခြင်း၊ မိမိအမှား လုပ်ခဲ့ရင်လည်းပဲ ကိုယ့်အမှားကို ဝန်ခံပြီးတော့ တစ်ဖက်သားကျေနပ်လောက်အောင် တောင်းပန်ပြောဆိုခြင်း၊ ယဥ်ကျေးစွာ ပြောဆိုခြင်းအားဖြင့် တစ်ဦးနဲ့တစ်ဦး အမုန်းမပွားအောင် နေကြထိုင်ကြရမှာဖြစ်တယ်။

ဗုဒ္ဓဘာသာဝင် သူတော်စင်အချင်းချင်း တစ်ဦးနဲ့တစ်ဦး မုန်းတီးရွံရှာလာပြီဆိုရင် အဲ့ဒီ မုန်းတီးမှုကို အကြောင်းပြုပြီးတော့ အမုန်းသံသရာဖြစ်ပေါ်လာပြီး တစ်ဦးနဲ့တစ်ဦး ကလဲ့စားချေ၊ သူတစ်ချက်ခေါက်ရင် ငါနှစ်ချက်ခေါက်မယ် ဆိုတဲ့ဟာမျိုးတွေ အဲ့ဒီလိုမျိုးတွေ ဖြစ်မလာအောင် အထူးသတိဆောင်ကြရမှာ ဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသအမုန်းသံသရာအကြောင်း တရားတော် မှ ထုတ်နှုတ်တင်ပြခြင်းဖြစ်ပါသည်။

OpenMoreOnline
ဘဝနေနည်

Related Posts