“အန်ကယ့်စကားက အလုပ်သမားတွေဟာ လုပ်သမျှ အပြည့်မရဘူးလို့ဆိုလိုတာလား”
ကျွန်တော်က တအံ့တဩ မေးမိလိုက်ပါတယ်။
သူဌေးဖေဖေက ခပ်အေးအေးပဲ…
“ဘုရား ဘုရား။ ဘယ် အပြည့်ရကြပါမလဲ။ ငါတို့ အမေရိကန်အစိုးရက ဦးဦးဖျားဖျား သူ့ဝေစုကို ဖြုတ်ယူနေကျပဲဟာ”
“ဘယ်နည်းနဲ့ ယူတာလဲ”
“အခွန်တော်တွေလေ။ မင်းပိုက်ဆံရတာနဲ့ အခွန်ဆောင်ပြီးသားကလား။ မင်း သုံးတော့လည်း အခွန်ပေးရပြန်တယ်။ မင်း ငွေစုပြီဆိုလည်း အခွန်ထမ်းရတာပဲ။ မင်းသေရင်တောင် အခွန်အခ မလွတ်ဘူး”
“လူတွေက အဲသလို အခွန်ကောက်ဖို့ ဘာဖြစ်လို့ ခွင့်ပြုရတာလဲ”
သူဌေးဖေဖေက ပြုံးတယ်။ “သူဌေးတွေက ခွင့်မပြုဘူးကွ။ လူဆင်းရဲတွေနဲ့ လူလတ်တန်းစားတွေကသာ ခွင့်ပြုတာ။ မင်းလည်း မင်းအဖေထက် ပိုက်ဆံပိုရရင် အခွန်တွေ ပိုပေးရမယ်ဆိုတာ ငါလောင်းရဲတယ်။”
“အဲဒါ ဘယ်လိုဖြစ်တာလဲ” ကိုးနှစ်သားတစ်ဦးအနေနဲ့ ဘယ်လိုမှ စဉ်းစားမရသလို မေးခွန်းထုတ်မိပါရဲ့။
သူဌေးဖေဖေက နှုတ်ဆိတ်ပြီး ထိုင်နေမြဲ။ သူက ကျွန်တော် ဟောင်ဖွာဟောင်ဖွာနဲ့ လျှာရှည်နေမယ့်အစား ငြိမ်ငြိမ်လေး နားထောင်စေချင်ပုံရတယ်။
ကျွန်တော်ကြားသမျှစကားတွေကို မနှစ်သက်တာတော့ အမှန်ပဲ။ ဆင်းရဲဖေဖေကလည်း အခွန်တွေဆောင်ရတာ သိပ်များတယ်လို့ အမြဲ ညည်းနေတာကို သတိရပေမယ့် ဘာမှ မတတ်နိုင်တာ တွေ့ရတယ်။ ဘဝဒဏ်က သူ့ကို ဖိစီးနှိပ်ကွပ်နေပြီလား။
သူဌေးဖေဖေက ကုလားထိုင်ပေါ်မှာ သူ့ကိုယ်သူ အသံတိတ်လူးလှည့်လိုက်ရင်း ကျွန်တော့်ကို ကြည့်ပြီး…
“မင်း သင်တော့မလား” တဲ့။
ကျွန်တော် ဖြည်းဖြည်းလေးပဲ ခေါင်းညိတ်လိုက်တယ်။
“ငါပြောခဲ့သလိုပဲ။ သင်စရာတွေကတော့ အများကြီးပဲ။ ငွေကို ဘယ်လို အသုံးချရမယ်၊ ခိုင်းရမယ်ဆိုတာကလည်း တစ်သက်လုံးသင်ရမယ့် ပညာပဲ။ လူများစုကတော့ တက္ကသိုလ်သွား၊ လေးနှစ်တက်၊ ပြီးပြီ။ ငွေအကြောင်း သင်ယူနေရတာတော့ ငါကိုယ်တိုင် သင်လို့ မဆုံးသေးဘူး။ တစ်စထက်တစ်စ ပိုသိလာလေ၊ ပို သိချင်လေပဲ ဖြစ်နေတယ်။ လူတော်တော်များများဟာ ဒီပညာရပ်ကို မသင်မိကြဘူး။ အလုပ်သွားမယ်။ လခထုတ်မယ်။ ချက်စာအုပ်ထဲ အနုတ်အသွင်းပြမယ်။ ဒါနဲ့ပဲ ပြီးစတမ်းပေါ့။ ငွေ အဆင်မပြေလို့ ပြဿနာ ကြုံရမှန်း မသိကြဘူး။ ဒီတွင် ပိုက်ဆံပိုရှာမှ ပြဿနာရှင်းနိုင်မယ်လို့ တွက်ကြပြန်ရော။ တကယ်တော့ ငွေကြေးစီးပွားရေးပညာ ဗဟုသုတနည်းပါးတာဟာ ပြဿနာအစစ်ဆိုတာ လူနည်းနည်းလေးလောက်သာ နားလည်ကြတယ်”
“ဒါဆို ကျွန်တော့်ဖေဖေ အခွန်ပြဿနာ တက်ရတာ ငွေအကြောင်း နားမလည်လို့ပေါ့နော်”
ကျွန်တော်က မေးပြီး ခေါင်းကုပ်နေမိတယ်။
သူဌေးဖေဖေက “ဒီမယ်၊ အခွန်အတုတ်တွေက ငါသင်ပေးမယ့် ပညာမှာ အသေးအမွှားလေးပဲ ရှိသေးတယ်။ ဒီနေ့အဖို့ မင်းအနေနဲ့ ငွေအကြောင်းသင်ဖို့ လိုလားပြင်းထန်မှု တကယ် ရှိမရှိ စမ်းသပ်ရဦးမယ်။ လူများစုကတော့ ဆန္ဒ မပြင်းကြဘူးကွ။ ငွေရဖို့ အလုပ်လုပ်ရမှာထက် ရတဲ့ငွေကို ဘယ်လို ပြန်ခိုင်းရမယ်ဆိုတာ သိရုံနဲ့တင် မင်းအတွက် တော်တော် အဖိုးတန်သွားပါပြီ။ ဒီတော့ ဆက်သင်ဖို့ စိတ်ထက်သန်မှု ရှိရဲ့လား”
ကျွန်တော် ခေါင်းညိတ်ပြလိုက်ပါတယ်။
“ကောင်းတယ်။ ဒါဖြင့် အလုပ်သဘော ပြန်စလိုက်ရအောင်။ ဒီတစ်ခါတော့ မင်းကို ငါ ပိုက်ဆံတစ်ပြားမှ မပေးတော့ဘူး”
“ဗျာ” ကျွန်တော် တအံ့တအားရေရွတ်လိုက်မိပါတယ်။
ဆက်လက်ဖတ်ရှုရန် >> သူဌေးဟာ ငွေအတွက်မလုပ်ပါ (Part 14) | သင်ခန်းစာများ စပါပြီ
ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။