တွန်းတင်ပေးနည်း

အောင်မြင်ရန် တွန်းတင်ပေးနည်း (အပိုင်း – ၂)

နှစ်ပေါင်းအတော်ကြာလောက်က လန်ဒန်မြို့ရှိ သူငယ်တစ်ဦးတွင် စာရေးဆရာဖြစ်ချင်သော ဆန္ဒပြင်းပြစွာ ရှိ၏။ သို့ရာတွင် စာရေးဆရာဘဝနှင့် ထိုသူငယ်တို့၏ စပ်ကြားတွင် ပင်လယ်ခြားလျက်ရှိ၏။ ခြားနေပုံကို ပြောပြပါအံ့။ ထိုသူငယ်သည် စာဆို၍ လေးတန်းအထိ သင်ကြားဖူးလေသည်။ သူ့ဖခင်ဖြစ်သူမှာလည်း ကြွေးမပေးနိုင်သောကြောင့် ထောင်ကျလျက်ရှိ၏။ ထိုသူငယ်ကိုယ်တိုင်လည်း ထမင်းကိုပင် နပ်စေ့အောင် မစားရပေ။ နောက်ဆုံးတွင် အလွန်ကြွက်ထူထပ်ပေါများသော ဂိုထောင်တစ်ခုတွင် ပုလင်းတံဆိပ်ကပ်နေသော အလုပ်တစ်ခုကို ရရှိ၏။ ညဘက်တွင် လန်ဒန်မြို့ရှိ အခြားတေလေကလေးနှစ်ဦးနှင့်အတူ အလွန်ညစ်ပေနေသော အခန်းထဲတွင် အိပ်ရ၏။ သူ့အရေးအသားကို သူကိုယ်တိုင်စိတ်မချသောကြောင့် မည်သူမျှ ဝိုင်းမလှောင်နိုင်အောင် ညဉ့်နက်သန်းခေါင် လူခြေတိတ်ချိန်တွင် တစ်ယောက်တည်း တိတ်တဆိတ်ထ၍ သူ့ဝတ္ထုများကို သတင်းစာတိုက်များသို့ပို့ရန် စာတိုက်ပုံးထဲသို့ ထည့်လေ့ရှိ၏။ သူ့ဝတ္ထုများသည် တစ်ခုပြီးတစ်ခု ပယ်ချခြင်း ခံရခဲ့လေသည်။

နောက်ဆုံးတွင် သူ၏ဝတ္ထုတစ်ခုကို သတင်းစာတိုက်တစ်တိုက်မှ လက်ခံလိုက်၏။ ထိုဝတ္ထုအတွက် ပိုက်ဆံတစ်ပြားမျှ မရချေ။ သို့ရာတွင် ထိုဝတ္ထုကို ရွေးချယ်လိုက်သော အယ်ဒီတာသည် သူ့ကိုချီးမွမ်း၏။ သူ၏ စွမ်းရည်သတ္တိကို အသိအမှတ်ပြုလိုက်၏။ ဤကဲ့သို့ အသိအမှတ်ပြုခြင်းခံရသဖြင့် ဝမ်းသာလုံးဆို့နေသောကြောင့် သူ့ပါးပေါ်သို့ မျက်ရည်များစီးကျလျက် ခြေဦးတည့်ရာသို့ အတော်ကြာစွာ လျှောက်နေမိ၏။

သူ့ဝတ္ထုတစ်ပုဒ်ကို ရွေးချယ်လိုက်ခြင်းဖြင့် သူရရှိသော ချီးမွမ်းခြင်း၊ သူ့အရည်အချင်းကို အသိအမှတ်ပြုခြင်းတို့သည် သူ၏နောင်ရေးကို လုံးလုံးလျားလျား ပြောင်းလဲပစ်လိုက်၏။ အကယ်၍သာ ဤကဲ့သို့ ချီးမွမ်းခြင်းကို မခံရခဲ့ပါလျှင် သူ့တစ်သက်လုံး ကြွက်ပေါသောအလုပ်ရုံများထဲတွင် ပုလင်းတံဆိပ်ကပ်ခြင်းဖြင့် အချိန်ကုန်ရတော့မည်ဖြစ်၏။ ထိုသူငယ်၏ အကြောင်းကိုလည်း သင် ကြားဖူးကောင်းကြားဖူးပေမည်။ သူ့နာမည်မှာ ကမ္ဘာကျော် ဝတ္ထုရေးဆရာကြီး ချား ဒစ်ကင်း ပင် ဖြစ်လေသည်။

နှစ်ပေါင်း ၅၀ လောက်က လန်ဒန်မြို့ရှိ ကုန်တိုက်တစ်တိုက်တွင် စာရေးအလုပ်ကိုလုပ်နေသော သူငယ်တစ်ဦး ရှိလေသည်။ သူသည် နံနက်ငါးနာရီအချိန်တွင် ထ၍ ကုန်တိုက်ကို တံမြက်စည်းလှဲပြီးနောက် ထိုအလုပ်သည် အလွန်ငြီးငွေ့ဖွယ်ရာ ကောင်းသောကြောင့် သူသည် ထိုအလုပ်ကို အလွန်ရွံရှာမုန်းတီးလေသည်။

နှစ်နှစ်လောက်ကြာသောအခါ ထိုအလုပ်ကို ကြာရှည် သည်းမခံနိုင်သောကြောင့် တစ်နေ့နံနက်တွင် အိပ်ရာမှ ခပ်စောစောထ၍ နံနက်စာစားပြီးသည်တိုင်အောင် မစောင့်ဘဲ ၁၅ မိုင်မျှဝေးသော အရပ်ရှိ သူများအိမ်တွင် အငှားလုပ်နေရရှာသော မိခင်ထံသို့ ခြေကျင်လျှောက်သွား၏။

သူ့မိခင်သို့ အကြောင်းအလုံးစုံ ပြောပြီးလျှင် စိတ်ထဲတွင် အောင့်၍မထားနိုင်သောကြောင့် ရှိုက်ကြီးတငင် ငိုကြွေး၏။ ထိုဆိုင်တွင် အလုပ်ပြန်လုပ်ရလျှင် သူ့ကိုယ်သူ သတ်သေမည်ဟူ၍လည်း သူ့မိခင်ကို ပြောပြ၏။ ထို့နောက် သူသည် လောကကြီးကို ငြီးငွေ့သဖြင့် အသက်ရှင်၍မနေချင်တော့ကြောင်း သူ၏ဆရာဟောင်းထံသို့ သနားစဖွယ် ရှည်လျားသော စာတစ်စောင်ကို ရေးသားလိုက်၏။ သူ၏ဆရာသည် သူ့ကိုခေါ်ပြီးလျှင် ‘ငါ့တပည့်လိုဉာဏ်မျိုးနဲ့ စာရေးအလုပ်နဲ့လည်း မတော်ပါဘူးကွာ၊ ဒါထက် အလုပ်ကောင်းမရသေးခင် ဆရာ့ကျောင်းမှာလည်း ဆရာ ဝင်လုပ်သေးတာပေါ့’ အစရှိသည်ဖြင့် ချီးကျူး၍ သူ့ကို ဆရာခန့်လိုက်၏။ ဤကဲ့သို့ ချီးကျူးလိုက်ခြင်းသည် ထိုသူငယ်၏ နောင်ရေးကို တစ်မျိုးတစ်ဖုံ ပြောင်းလဲလိုက်သဖြင့် အင်္ဂလိပ်စာပေသမိုင်းတွင် စာတင်ရမည့်သူတစ်ဦး ထွန်းကားပေါ်ပေါက်လာခဲ့လေသည်။

အဘယ့်ကြောင့်ဆိုသော် ထိုသူငယ်သည် ထိုအချိန်အခါကစ၍ ယနေ့အထိ စာအုပ် ၇၇ အုပ်ထက်မနည်း ရေးသားခဲ့ပြီးလျှင် ထိုစာအုပ်များမှ ဒေါ်လာငွေတစ်သန်းကျော် ရရှိပြီးသောကြောင့်ပင် ဖြစ်လေသည်။ သူ့အကြောင်းကိုလည်း သင်သည် ကြားဖူးကောင်း ကြားဖူးပေမည်။ သူ့နာမည်သည် အိပ်ချ်ဂျီဝဲ ဖြစ်လေသည်။

၁၉၂၂ ခုနှစ်လောက်က ကယ်လီဖိုးနီးယားတွင်တွင် ဆင်းရဲသား လင်မယားနှစ်ဦး ရှိ၏။ ယောက်ျားလုပ်သူသည် တနင်္ဂနွေနေ့များတွင် ဘုရားရှိခိုးကျောင်းတစ်ခုတွင် ဘုရားရှိခိုးသီချင်းများကို သီဆိုရလေသည်။ တစ်ခါတစ်ရံ မင်္ဂလာဆောင်များ ရှိလျှင်လည်း ‘ယုံပါကွယ် မောင့်သက်လှယ်’ ကဲ့သို့သော သီချင်းကို သီဆိုသဖြင့် ဒေါ်လာငါးပြားလောက် ရလေသည်။ သူသည် အလွန်ဆင်းရဲသောကြောင့် မြို့ထဲတွင် မနေနိုင်ရှာဘဲ စပျစ်သီးခြံ၏အလယ်တွင် ဆောက်ထားသော အိမ်စုတ်ကလေးတစ်ခုတွင် ငှား၍နေရလေသည်။ သူ၏အိမ်လခမှာ တစ်လမှ ၁၂ ဒေါ်လာခွဲသာ ပေးရသော်လည်း မှန်မှန်မပေးနိုင်သောကြောင့် ၁၀ လခလောက် သူ့အပေါ်တွင် အကြွေးတင်လျက် ရှိ၏။ ထို့ကြောင့် အိမ်လခအကြွေးများကို ကြေအောင် စပျစ်သီးများကို ခူးပေးခဲ့ရလေသည်။ တစ်ခါတစ်ရံ စပျစ်သီးမှလွဲ၍ အခြားစားစရာ မရှိခဲ့ပေ။ ထိုသူသည် စိတ်အပျက်ကြီးပျက်လျက် ရှိသောကြောင့် မိမိ၏ သီချင်းဆိုသောအလုပ်ကို စွန့်ပြီးလျှင် မော်တော်ကားကိုယ်စားလှယ်အဖြစ်ဖြင့် အသက်မွေးတော့အံ့ဟု စိတ်ကူးလျက်ရှိရာ ရူပတ်ဟယူးနှင့် တွေ့ရ၏။

ဟယူးက ‘မင်းအသံနဲ့ ရှေ့ကို အပုံကြီး ကြီးပွားနိုင်တယ်၊ နယူးယောက်မြို့မှာ မင်းအသံအတွက် ကျကျနနသွားသင်ပါလား’ ဟု ချီးမွမ်းစကား ပြောကြားလေသည်။ ထို ချီးမွမ်းအားပေးသောစကားသည် ထိုသူငယ်၏ နောင်ရေးကို တစ်မျိုးတစ်ဖုံ ပြုပြင်ပြောင်းလဲပေးလိုက်လေသည်။ ထိုစကားကို ကြားရသည်နှင့် အားတက်လာသောကြောင့် ဒေါ်လာပေါင်း ၂၅၀၀ ကို ချေးယူပြီးလျှင် အရှေ့ဘက်သို့ ထွက်လာခဲ့၏။ ထိုသူငယ်၏အကြောင်းကို သင်သည် ကြားဖူးပေမည်။ သူ့နာမည်မှာ လောရင့် တစ်ဗက် ဖြစ်လေသည်။

သင်နှင့်ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ တွေ့လျက်ရှိကြသော သူများကို သူတို့စွမ်းသရွေ့ စွမ်းဆောင်နိုင်အောင် ချီးမွမ်းစကား ပြောကြားပေးနိုင်လျှင် ထိုသူများကို ပြုပြင်ပြောင်းလဲရုံသာမက လူသစ်ပကတိဖြစ်အောင်ပင် ပြုလုပ်ပေးနိုင်မည် ဖြစ်၏။

ကျွန်ုပ်တို့တွင်ရှိသော အစွမ်းများနှင့် ကျွန်ုပ်တို့ ဆောင်ရွက်နေပုံကို စာကြည့်လိုက်လျှင် ကျွန်ုပ်တို့မှာ တစ်ပိုင်းတစ်စသာ နိုးနေသောသူများနှင့် တူနေပေ၏။ ကျွန်ုပ်တို့သည် ကျွနု်ပ်တို့တွင် ရှိသော လူအား၊ ဉာဏ်အားများကို အနည်းငယ်မျှလောက်သာ အသုံးပြုလျက် ရှိကြသေး၏။ ထိုအကြောင်းကို ရှင်းပြရလျှင် လူတို့သည် မိမိတို့တွင်ရှိသောအစွမ်းထက် လျော့၍သာ အစွမ်းပြကြသည်ဟု ဆိုရပေမည်ဖြစ်၏။ လူတို့တွင် သူတို့ အသုံးပြုရမှန်းပင် မသိသေးသော စွမ်းရည်သတ္တိများ အများအပြားပင် ရှိသေး၏။

ဟုတ်တယ်။ ယခုလို ဤစာကို ဖတ်လျက်ရှိသော သင့်မှာပင်လျှင် သင်ကိုယ်တိုင်သုံးရမှန်း မသိသေးသော စွမ်းရည်သတ္တိပေါင်းများစွာ ရှိလေသည်။ ထိုစွမ်းရည်သတ္တိများထဲမှ တစ်ခုသော စွမ်းရည်သတ္တိသည် အခြားမဟုတ်။ တစ်ဖက်သားကို အစွမ်းကုန် ဆောင်ရွက်အောင် ချီးမွမ်းစကားများဖြင့် တွန်းတင်ပေးသော မျက်လှည့်ကဲ့သို့ စွမ်းသည့် သင်၏ စွမ်းရည်သတ္တိပင် ဖြစ်လေသည်။

ထို့ကြောင့် တစ်ဖက်သားကို မျက်မုန်းမကျိုး၊ စိတ်မဆိုးစေဘဲ စိတ်ပြောင်းလာအောင် တစ်ဖက်သား၏ တိုးတက်မှုအနည်းအများကို ပဓာနမထားဘဲ ချီးကျူးပါ။ ထိုသို့ ချီးကျူးသောအခါ ရက်ရက်ရောရော ရှိပါစေ။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts