ဝမ်းဆွဲ

ဆော့ခရတ္တိ၏ ဝမ်းဆွဲ ဥပမာ (ဝါ) ဆော့ခရတ္တိနည်း (အပိုင်း – ၄)

ဆော့။  ။ ထိုသို့တပြီးကား ကျွန်ုပ်ဆက်၍ဆိုပါမည်။ ကျွန်ုပ်၏ ဝမ်းဆွဲအတတ်သည် အရာတိုင်းလိုလိုတွင်ပင် သူတို့၏ ဝမ်းဆွဲ အတတ်နှင့် တူပါ၏။ သို့ရာတွင် မတူသော အချက်လည်း ရှိသည်။ မတူသောအချက်မှာ ကျွန်ုပ်၏ ဝမ်းဆွဲ အတတ်သည် မိန်းမနှင့်မဆိုင်ပါ၊ ယောက်ျားနှင့်သာ ဆိုင်သည်။ သားဖွားဝေဒနာ ခံစားနေသော ကိုယ်ကာယနှင့် မဆိုင်ပါ၊ သားဖွားဝေဒနာ ခံစားနေသော စိတ်ဓာတ်နှင့်သာ ဆိုင်သည်။ လူငယ်တို့၏ စိတ်ဓာတ်နှင့်သာ ဆိုင်သည်။ လူငယ်တို့၏ စိတ်ဓာတ်မှ ဖွားသန့်စင်လာသော အတွေးအခေါ်သည် အရိပ်အယောင် အတုအလိမ်လော၊ အစစ်အမှန် အကောင်းအမွန်လောဟု စိစစ်ခွဲခြားနိုင်ခြင်းသည် ကျွန်ုပ်တတ်သော ဝမ်းဆွဲအတတ်၏ ဂုဏ်ထူးဝိသေသ ဖြစ်သည်။

တူသောအချက်တစ်ခုမှာ ကျွန်ုပ်သည်လည်း ဝမ်းဆွဲကဲ့သို့ပင် မမွေးဖွားတော့သော အရွယ်လွန် အရွယ်အိုပိုင်းသို့ ရောက်နေပြီ။ သူတစ်ပါးကိုသာ ကျွန်ုပ်က မေးမြန်းစိစစ်ခြင်း ပြုတတ်၍ ကျွန်ုပ်ကမူကား အဖြေမပေးတတ်ဟု ကျွန်ုပ်ကို ဝိုင်း၍ ပြစ်တင်ပြောဆိုကြခြင်းသည် စင်စစ်မှာ တရားပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အဂ္ဂဘုံ၏ အလိုတော်အရ သားဖွားခွင့် မရတော့သော ဝမ်းဆွဲဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် ကျွန်ုပ်တွင် မည်သည့်အတတ်ပညာမျှလည်း မရှိ၊ ကျွန်ုပ်၏ စိတ်ဓာတ်မှ ဖွားသန့်စင်လိုက်သော မာနသိက သားရတနာ မာနသိက သမီးရတနာဟုလည်း ပြစရာမရှိဖြစ်နေသည်။ သို့ရာတွင် ကျွန်ုပ်နှင့် ပြောဟောဆွေးနွေး အစစ်အမေးခံရသူအပေါင်းတွင်ကား ကျေးဇူးရှိလာကြပါသည်။ အချို့တို့သည် အစကနဦးတွင် ခပ်ထုံထုံ ခပ်ထိုင်းထိုင်း ဖြစ်သည်၊ ကျွန်ုပ်နှင့် အပေါင်းအသင်းဖြစ်၍ ကာလအတန်ကြာမြင့်သောအခါ အဂ္ဂဘုံ၏ ကျေးဇူးတော်ကြောင့် အံ့သြစရာ သိသိသာသာ တိုးတက်လာကြသည်။ သူတို့ကိုယ်တိုင်က ထိုသို့အယူရှိ၍ သူတကာကလည်း ထိုသို့ပင် မြင်ကြသည်။ ထိုသူတို့သည် ကျွန်ုပ်တို့ထံမှ မည်သည့်အရာကိုမျှ ရကြသည် မဟုတ်ပါ။ သူတို့ ရလိုက်ကြသော အရာများသည် သူတို့၏ ဝီရိယကြောင့် သူတို့၏ စိတ်သန္တာန်အတွင်းမှ ဖြစ်ပေါ်လာသော အရာများသာဖြစ်သည်။

သို့ရာတွင် သူတို့၏စိတ်ဓာတ်မှ ဖွားသန့်စင်နိုင်ကြခြင်းသည် အဂ္ဂဘုံ၏ ကျေးဇူးတော်ကြောင့် လည်းကောင်း၊ ကျွန်ုပ်က ဝမ်းဆွဲ လုပ်၍ မွေးဖွားပေးလိုက်သောကြောင့် လည်းကောင်း ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းအတွက် ကျွန်ုပ်မှာ သက်သေပြစရာရှိသည်၊ သက်သေသည် ဤသို့ဖြစ်သည်။ ကျွန်ုပ်နှင့် ပြောဟောဆွေးနွေး၍ အမေးခံရသူ အများအပြားသည် ကျွန်ုပ်က မွေးဖွားပေးခဲ့သည်ကို အမှုမဲ့ အမှတ်မဲ့ နေကြသောကြောင့်လည်းကောင်း၊ သူသိလာခြင်းသည် သူ တော်သောကြောင့် ဖြစ်သည်ဟု သူ့ကိုယ်သူ အလွန်အထင်ကြီးသော အတ္တမာနကြောင့်လည်းကောင်း၊ ကျွန်ုပ်ကို အထင်သေးကြသောကြောင့်လည်းကောင်း ကျွန်ုပ်နှင့် ပြောသော ဆွေးနွေးသင့်သလောက် ပြောဟောဆွေးနွေးခြင်းမပြုဘဲ သူတို့အလိုအလျောက် ကျွန်ုပ်ကို ဖဲခွာသွားတတ်ကြသည်။ ထိုအခါ မည်သို့ဖြစ်လာသည်ကို ထင်ပါသနည်း။ ကာလအတန်ကြာသော် ကျွန်ုပ် မွေးဖွားပေးလိုက်သော သူတို့၏ မာနသိက သားသမီးတို့သည် သူတို့၏ အမွေးအမြူ အထိန်းအသိမ်း မကောင်းမှုကြောင့် သက်ဆိုးမရှည် သေကုန်ကြရရှာသည်။ ထိုမျှမကသေးပါ။ အဆိုးအသွမ်းတို့နှင့် ဆက်သွယ်ပေါင်းသင်းမိကြခြင်းကြောင့် သူတို့တွင်ရှိသော သားသန္ဓေတို့ကိုပင် သူတို့ ဖျက်ချလိုက်သကဲ့သို့ ဖြစ်လာသည်။ ထို့ပြင် အစစ်အမှန် အကောင်းအမွန်ထက် အရိပ်အယောင် အတုအလိမ်တို့ကို ပို၍စွဲလမ်းခြင်း ဖြစ်လာကြသည်။ နောက်ဆုံးတွင် သူတို့ကို လူရူးလူမိုက်ဟု အရပ်က မြင်လာကြသကဲ့သို့ သူတို့ကိုယ်ကိုလည်း သူတို့ ပြန်မြင်လာကြသည်။ ပုံစံပြရသော် လိုင်စီမခ၏ သားဖြစ်သူ အရစ္စတိုက်ဒိသည် ထိုသို့သောသူမျိုး ဖြစ်သည်။ သူတစ်ဦးတည်း မဟုတ်ပါ၊ အခြားတစ်ပါးသော သူများလည်း ရှိခဲ့ကြပါသည်။ ထိုကျောင်းပြေး ပညာပြေးတို့သည် ကျွန်ုပ်ထံသို့ ခဏခဏ ပြန်လာ၍ ကျွန်ုပ်နှင့် အပေါင်းအသင်းပြုခွင့် တောင်းကြပြန်ပါသည်၊ လိုလိုချင်ချင်နှင့်ပင် အခွင့်တောင်းကြပါသည်။ ထိုအခါ ကျွန်ုပ်ကို အခါခပ်သိမ်းစောင့်ရှောက်သော အသံနယ်နိမိတ်က ကျွန်ုပ်ကို တားမြစ်ခြင်းမပြုဘဲ ခပ်မဆိတ်နေလျှင် ထိုကျောင်းပြေး ပညာပြေးတို့ကို ကျွန်ုပ် ပြန်လည်လက်ခံ၍ သူတို့၏ မာနသိကသားသန္ဓေကို မွေးဖွားလိုက်လေသည်။

တူသောအချက်တစ်ခု ရှိပါသေးသည်။ ထိုအချက်မှာ ကျွန်ုပ်နှင့် အပေါင်းအသင်းဖြစ်ကြသော သူတို့သည် မီးဖွားမည့် မိန်းမများနှင့် အလွန်တူသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ ဝမ်းဆွဲအတတ်ဖြင့် မာနသိက သားဖွားဝေဒနာ ဖြစ်ပေါ်လာအောင်လည်း ပြုတတ်သည်၊ ပျောက်ကင်းသွားအောင်လည်း ပြုတတ်သည်။ မာနသိက သားဖွားဝေဒနာကို ကျွန်ုပ်က လှုံ့ဆော်ပေးလိုက်သောအခါ ထိုသူတို့၏ စိတ်သည် ရှုပ်ထွေးကုန်၍ ပြင်းထန်သော သားဖွားဝေဒနာကို ခံစားလာကြရသည်။ မီးဖွားမည့် မိန်းမထက်ပင် ပိုမိုပြင်းထန်စွာ ခံစားကြရသည်။ တစ်ခါတစ်ရံ မည်သည့် သားသန္ဓေမျှမရှိသော သူတို့သည်လည်း ကျွန်ု်ထံသို့ လာကြပါသည်။ ထိုသို့သော သူမျိုးအတွက် ကျွန်ုပ်၏ ဝမ်းဆွဲပညာသည် တတ်နိုင်သည်မဟုတ်ပါ။ ထိုအခါ တစ်ဦးဦးနှင့်သာ အိမ်ထောင်ဖက် ပြုကြပါတော့ဟု ထိုသူတို့ကို ကျွန်ုပ်က ချော့မော့၍ ပြောရပါသည်။ ထိုသို့ ပြော၍ ဆိုဖီဆရာကြီး ပရောဒိကထံတွင်လည်းကောင်း၊ အခြားတစ်ပါးသော ဆိုဖီဆရာများထံတွင်လည်းကောင်း အပ်နှံလိုက်ရပါသည်။ လူကလေး သီတိတ၊ ကျွန်ုပ်သည် အသင့်အား ဤမျှ စိတ်ရှည်လက်ရှည်ပြော၍ ရှင်းပြနေခြင်းသည် အသင်တွင် မာနသိက သားသမီး မွေးစရာ ဖွားစရာ သားသန္ဓေရှိ၍ သားဖွားဝေဒနာ ခံစားနေရပြီဟု ကျွန်ုပ် ယူသောကြောင့် ဖြစ်သည်။ အသင့်ကိုယ်တိုင်ကလည်း ထိုသို့ပင် ယူသည်ဟု ကျွန်ုပ် ထင်သည်။ ထို့ကြောင့် လူကလေးသီတိတ၊ ဝမ်းဆွဲဆရာမကြီး၏ သားလည်းဖြစ်၍ မိခင်၏ အတတ်ပညာမျိုးကို တတ်သည်လည်းဖြစ်သော ကျွန်ုပ်ထံသို့ လာလော့၊ ကျွန်ုပ်၏ မေးခွန်းကိုဖြေရန် အားထုတ်ပါလော့။

အသင်၏ သားဦးရတနာကို ကျွန်ုပ်က မွေးဖွားနိုင်သည်ဖြစ်၍ မွေးဖွားစ သားဦးကို ကျွန်ုပ်က စိစစ်နိုင်သည်ဖြစ်၍၊ အရိပ်အယောင် အတုအလိမ်ဖြစ်နေမှန်းကို ကျွန်ုပ် သိမြင်သည်ဆိုအံ့။ ထိုအခါ ထောက်ပြခြင်းကို ကျွန်ုပ်က ပြုသောအခါ အသင်သည် သားဦး အလုခံရသော မိခင်ကဲ့သို့ ကျွန်ုပ်ကို ရန်မမူပါနှင့်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ချစ်စရာအမိုက်အမဲကလေးများ ပျောက်ကွယ်သွားအောင် ကျွန်ုပ်က ပြုလိုက်သောအခါ ကျွန်ုပ်ကို ပြန်ကိုက်တတ်ကြသော သူများကို ကျွန်ုပ် တွေ့ဖူးပေါင်းများခဲ့ပြီ ဖြစ်သောကြောင့်ပင်။ စေတနာကောင်းဖြင့် ကျွန်ုပ်ပြုသောအမှု၏ ကျေးဇူးကို ထိုသူတို့ မသိကြပါ၊ နတ်ဒေဝါကို လူသတ္တဝါ၏ ရန်သူမဟုတ်ဟု ထိုသူတို့သည် မမြင်ကြပါ၊ ကျွန်ုပ်ကိုလည်း ရန်သူမဟုတ်ဟု ထိုသူတို့သည် မမြင်ကြပါ၊ ကျွန်ုပ်အဖို့မှာ အရိပ်အယောင် အတုအလိမ်တို့ကို ကျွန်ုပ်လက်ခံလျှင် သို့တည်းမဟုတ် အဟုတ်ရှိ အမှန်ရှိ အစစ်အမှန်တို့ကို ကျွန်ုပ် သတ်ညှစ်လိုက်လျှင် မဟာအမှားကို ကျွန်ုပ် ပြုမိချေပြီဟု ကျွန်ုပ် ယူဆထားပါသည်။ လူကလေး သီတိတ၊ ထို့ကြောင့် ယခင်မေးခွန်းကိုပင် ထပ်၍မေးရပါလိမ့်မည်၊ သိသည်ဆိုခြင်းသည် (ဝါ) အသိတရားဟူသည် အဘယ်နည်း။ မဖြေတတ် မရှင်းတတ်ဟု ဆို၍ အားမလျှော့ပါနှင့်၊ ယောက်ျားကောင်းပီသစွာ အစွမ်းပြလိုက်ပါဘိ၊ အဂ္ဂဘုံ၏ အကူအညီ အမအစကို အသင်ရ၍ အသင်အဖြေပေးနိုင်ပါလိမ့်မည်။

ဆော့ခရတ္တိ၏ ဝမ်းဆွဲဥပမာ (ဝါ) ဆော့ခရတ္တိနည်းသည် အသိဉာဏ်ဗဟုသုတများစွာပေးသော နည်းကောင်းလေးများ ဖြစ်ပါသည်။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

Related Posts