အီရန် ကွန်ထရာ

အီရန် ကွန်ထရာ အရှုပ်တော်ပုံ ( အပိုင်း- ၂ )

အမေရိကန် အထက်လွှတ်တော်အနေဖြင့် ဝါးတားဂိတ်ကိစ္စ ကြုံတွေ့ခဲ့ရသဖြင့် ကိုင်တွယ်ရမှာ အတော်လေး ကြောက်နေသည်။ သို့သော် တစ်ပတ်အတွင်း အားလုံး သိသွားသည်။ ပွိုင်ဒက်တာနှင့် နော့သ်တို့အပြင် ဤအမှုတွင် အိမ်ဖြူတော်၏ ကာကွယ်ရေးဦးစီးချုပ် ဒေါ်နယ် ရေဂင် ( သမ္မတ ရေဂင်နှင့် အမည်ဆင်) လည်း ပါဝင်ပတ်သတ်နေသည်။ သူလည်း တာဝါကော်မရှင်၏ အစီရင်ခံစာ ထွက်ပြီးနောက် ရာထူးမှ နုတ်ထွက်သွားသည်။ ” အိမ်ဖြူတော်အပေါ် ပြဿနာကြီးက ရောက်လာတော့ သူလဲ ဘယ်ရှောင်လွှဲလို့ ရတော့မလဲ ” ဟု ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဖြစ်ချင်တော့ သမ္မတကို ပြဿနာတော့ စနေပြီ သတိထားရန် သွားပြောသူက ဒေါ်နယ် ရေဂင် ဖြစ်နေသည်။ နောက်ပိုင်းတွင် သူက ပြဿနာတွေ လမ်းလွှဲသွားရခြင်းမှာ သမ္မတကတော် နန်စီ ရေဂင် ကြောင့်ဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည်။နန်စီသည် သူမ၏ ဗေဒင်ဆရာက အကြံပေးချက်အတိုင်းသာ လုပ်တတ်သဖြင့် ပြဿနာတွေ ပိုရှုပ်ထွေးလာခဲ့သည်။

အီရန် ကွန်ထရာ အရေးကို ထုတ်ဖော်လိုက်သဖြင့် အုပ်ချုပ်ရေးပိုင်းတွင် အတော်လေး ထိန်းချုပ်ရန် ခက်ခဲသွားသည်။ နိုင်ငံခြားရေးဝန်ကြီး ဂျော့ ရှုဇ်နှင့် ကာကွယ်ရေးဝန်ကြီး ကတ်စပါ ဝိန်းဘာဂါတို့သည် အစောပိုင်းကတည်းက အီရန်ကို လက်နက်ရောင်းချရေးကိစ္စနှင့် ပတ်သတ်ပြီး ဆန့်ကျင်ခဲ့သူများ ဖြစ်ကြသည်။ သူတို့အနေဖြင့် အီရန်နှင့် သဘောတူညီမူလုပ်ရန် ကိစ္စသည် ပျက်ပြယ်သွားလိမ့်မည်ဟုသာ ယုံကြည်ထားခဲ့ကြသည်။ ဤပြဿနာတွင် စီအိုင်အေကလည်း သွေးအေးနေသည်။ အဘယ့်ကြောင့်ဆိုသော် ကြားခံပွဲစားတွေက များနေပီး ထိုကြားလူတွေကလည်း အကောင်ကြီးကြီး အမြီးရှည်ရှည်တို့ လက်တံအောက်တွင် ရောက်နေသောကြောင့်ဖြစ်သည်။ သူတို့အထဲကမှ ထင်ရှားသည့် တစ်ယောက်မှာ အီရန် လူမျိုး မာနူချာ ဂေါ်ဘာနီဖာ ဖြစ်သည်။ ဘာနီဖာကို စီအိုင်အေကို အာဏာရှင်တစ်ယောက်အနေဖြင့် ဖြုတ်ချရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ သို့ဖြစ်ရာ ဤအမှုတွင် အမျိုးသားလုံခြုံရေးကောင်စီမှ ဝန်ထမ်းများနှင့် အမြဲပြဿနာရှာနေတတ်သည့် ဗိုလ်မှူးကြီး နော့သ်တို့သာ ကျန်တော့သည်။

အမေရိကန် သမ္မတ ဒေါ်နယ် ရေဂင်

သမ္မတ ရေဂင်သည် ၁၉၈၀ အီရန် ဓားစာခံအရေးအခင်းတွင် သမ္မတ ဂျင်မီ ကာတာ၏ ညံ့ဖျင်းစွာ ကိုင်တွယ်မှုကို အခွင့်ကောင်းယူပီး တက်လာရသည့် သမ္မတဖြစ်သည်။ နော့သ်သည် တစ်ဇောက်ကန်းဆန်ဆန် ပြုမူတတ်သည့် စစ်သားတစ်ယောက်ဖြစ်သည်။ သူ့သမ္မတသည် လက်ဘနွန် ဓားစာခံအရေးပေါင်းများစွာ၏ ဖိအားပေါင်းများစွာဖြင့် ရင်ဆိုင်နေရသူဖြစ်ကြောင်းလည်း သူ နားလည်သဘောပေါက်ထားသည်။ ကွန်ဂရက်တွင် သူ့ကို မည်သူမျှ ဆန့်ကျင်သည် ဆိုစေ၊ ကွန်ထရာ အရေးအခင်းကို စိတ်ပြန်လည်လာမည်မှာ သေချာကြောင်း သူအပိုင် တွက်ထားပီးသားဖြစ်သည်။

အီရန် ကွန်ထရာ အရေးအခင်းသည် နော့သ်နှင့် သူ့လက်ထောက် ဗိုလ်မှူး ရစ်ချတ် ဗီစီးကော့၊ စီးကော့၏ သူငယ်ချင်း အီရန်နိုင်ငံဖွား စီးပွားရေးသမား အဲလ်ဘတ် ဟာကင်မ်တို့၏ တစ်ဇောက်ကန်းဆန်ဆန် ပြုမူမှုကြောင့် ပေါ်ပေါက်လာရသည့်အသွင် ဆောင်သွားသည်။ စီးကော့သည် အရေးအခင်းတွင် ပါဝင်ပတ်သတ်မိသဖြင့် ကာကွယ်ရေးဌာနမှ နှုတ်ထွက်သွားရသည်။ ထိုအချိန်မှ အက်ဖ်ဘီအိုင်သည် စီးကော့အား စီအိုင်အေမှ လူညစ် အက်စ်ဝီလ်ဆန်နှင့် ပတ်သတ်နေမှန်းသိသွားသည်။ ဝီလ်ဆန်သည် လစ်ဗျားသို့ လက်နက်များ ရောင်းချမူနှင့် ထောင်ဒဏ် ၅၂ နှစ် ကျသွားသူ ဖြစ်သည်။

ဒေါ်နယ် ရေဂင်က တာဝါကော်မရှင်သို့ အစီရင်ခံရာတွင် အီရန်သို့ လက်နက်ပို့ခြင်းကို သမ္မတ ရေဂင် မထောက်ခံပဲ မဖြစ်နိုင်ဟု ဆိုသွားသည်။ ရေဂင်ကလည်း သူဘာမျှ မမှတ်မိဟု ဆိုသည်။ သို့သော် ဘော့ မက်ဖာလိန်းက ရေဂင်သည် အီရန်သို့ လက်နက်များ ပို့ရန် ၁၉၈၅ နှစ်ဦးပိုင်းလောက်ကတည်းက ထောက်ခံခဲ့သည်ဟု ဆိုသည်။ ရေဂင်က အမေရိကန်ပြည်သူများအား “လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ကျွန်တော် အမေရိကန်ပြည်သူတွေကို ပြောဖူးပါတယ် ၊ ဓားစာခံတွေကိစ္စနှင့် ပတ်သတ်ပြီး လက်နက်နဲ့ အပေးအယူလုပ်မှာ မဟုတ်ဘူးဆိုတာ၊ ကျွန်တော့်စိတ်ထဲ နုလုံးသားထဲက ဒီလိုလုပ်တာ မှန်မယ်ဆိုတာ သိနေပါတယ်၊ ဒါပေမဲ့ လက်တွေ့မှာ ဒီအတိုင်း မဟုတ်ဘူးဖြစ်နေပါတယ်။ အီရန်ကို ကျွန်တော်တို့က ဗျုဟာအရ ပိတ်ဆို့ထားတာတွေကို ဖွင့်ပေးချင်ပါတယ်။ ဒါပေမဲ့ ဘာကြောင့် ဓားစာခံတွေကို လက်နက်နဲ့ လဲလှယ်ရတာမျိုး‌တော့ လုပ်ရမှာလဲ” ဟု ဖြေရှင်းသည်။

သမ္မတကိုယ်တိုင် ဥပဒေကို ချိုးဖောက်ခြင်း

ပွိုင်ဒက်တာက ဤအပြောသည် အမှန်တရားနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ထောက်ပြသည်။ သူက သမ္မတကိုယ်တိုင် ၁၉၈၅ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့တွင် ဓားစာခံများကိစ္စ ဆွေးနွေးရန် လက်မှတ်ရေးထိုးပြီး သဘောတူထားခြင်းဖြစ်ကြောင်း၊ ဗျုဟာမြောက် လမ်းဖွင့်ခြင်းကို ၁၉၈၆ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့တွင် ပထမဦးဆုံး ခွင့်ပြုကြောင်း၊ သို့သော် ထိုစာများသည် စက္ကူစုတ်များ ဖြစ်သွားဟန်တူကြောင်း၊ ဤကိစ္စတွင် နော့သ်နှင့် မက် ဖာလိန်းတို့နှစ်ယောက် အီရန်သို့လက်နက်များ တင်ပို့လိုက်ခြင်းကြောင့် အမေရိကန်က စပြီး လက်နက်တင်ပို့ရန် တားမြစ်ထားသည့် နိုင်ငံတကာ သဘောတူညီချက်ကို ဖောက်ဖျက်လိုက်ခြင်းဖစ်ကြောင်း ရှင်းပြသည်။ ၁၉၈၄ ခုနှစ်ကတည်းက အီရန်နိုင်ငံသည် အမေရိကန်အစိုးရ၏ အကြမ်းဖက်စာရင်းဝင် နိုင်ငံများထဲတွင် ပါနေသည်။ သံတမန်ရေးရာ လုံခြုံမူနှင့် အကြမ်းဖက်တိုက်ဖျက်ရေး အက်ဥပဒေအရ ရေဂင်ကိုယ်တိုင် ၁၉၈၆ခုနှစ်တွင် လက်မှတ်ရေးထိုးထားခဲ့သည့် ဥပဒေကို ချိုးဖောက်မိနေပြီဖြစ်သည်။

ဤအကြောင်းကို ပြည်သူတို့ သဘောပေါက်စေရန်နှင့် ထောက်ခံစေရန်အတွက် ရှင်းပြရန် ခက်လှသည်။ အထူးသဖြင့် အစ္စရေးထောက်လှမ်းရေး ပါဝင်ပတ်သတ်လာမူနှင့် တီဟီရန်တွင် ဂိုဏ်းအုပ်စုများ ပြိုင်ဆိုင်နေမူက ပိုဆိုးသည်။ ကွန်ထရာကို ကူညီလိုက်သည့် လက်နက်များသည် အီရန် ကွန်ထရာ အရေးအခင်းကို ဖြစ်စေပြီး သူခိုးကို ဓားရိုးကမ်းလိုက်သလို ဖြစ်သွားသည်။ ကွန်ထရာကို ကူညီထောက်ပံ့မူများကလည်း ဘိုလန်သဘောတူညီချက်အရ ပိတ်ပင်ထားပြီးဖြစ်သည်။ ထိုသို့ပိတ်ပင်ရသည့် အကြောင်းမှာ စီအိုင်အေက နိုင်ကရာဂွါ ဆိပ်ကမ်းကို ဗုံးဖောက်ခွဲမူနှင့်လည်း ပတ်သတ်နေသည်။ အကယ်၍ ကွန်ထရာကိုလည်း ထောက်ပံ့သေးသည်၊ ထိုထောက်ပံ့သည် လက်နက်များ အီရန်သို့ ရောက်သွားသည်ဆိုခြင်းက ရေဂင်အနေဖြင့် ကွန်ဂရက်ကို တမင်ရည်ရွယ်ပြီး ဆန့်ကျင်လိုက်သလို ဖြစ်နေသည်။ ထိုသို့ဖြစ်သွားလျှင် အခြေအနေက ပိုပြီး ရှုပ်ထွေးသွားမည် ဖြစ်သည်။

သို‌သော် ပွိုင်ဒက်တာနှင့် နော့သ်တို့က ဘိုလန် သဘောတူညီချက်သည် သူတို့နှင့်မဆိုင်၊ စီအိုင်အေနှင့်သာ ဆိုင်သည်ဟု ပြောနေပြန်သည်။ ပွိုင်ဒက်တာကလည်း သမ္မတကို ကွန်ထရာအား အထောက်အပံ့ပေးရန် သူတစ်ခါမျှ မပြောဟု ဆိုသည်။

” ကျွန်တော် ဘာလုပ်လုပ် သမ္မတကို တင်ပြရပါတယ်။ ပြီးမှ သမ္မတက အတည်ပြုရတယ်၊ သမ္မတကို တစ်ခုခု မတင်ပြမီ ကျွန်တော် အတော်လေး စဉ်းစားရပါတယ်၊ အချို့ကိစ္စတွေက သမ္မတကို ပြဿနာဖြစ်စေနိုင်တဲ့ဘေးက ကာကွယ်နိုင်အောင်လည်း အများကြီး ကြိုတွေးထားရတယ်၊ သတင်းတစ်ခုခုဟာ ပေါက်ကြားသွားတယ်ဆိုရင်တောင် သမ္မတကို ပြဿနာမဖြစ်အောင် စီစဉ်ထားရတယ်”ဟု ပွို်ငဒက်တာက ပြောသည်။ သူ့မှတ်ချက်က ” ဒီကိစ္စတစ်ခုလုံးအတွက် တာဝန်ရှိသူက ကျွန်တော်ပါပဲ “ဟုလည်း ခေါင်းခံသွားခဲ့သည်။
နော့သ်က သူ့အနေဖြင့် သမ္မတနှင့် တိုက်ရိုက်ဆက်သွယ်မူ တစ်ကြိမ်မှ မရှိခဲ့ကြောင်း ငြင်းဆိုသွားသည်။ သို့သော် အချို့သော မှတ်တမ်းများကို ပွိုင်ဒက်တာမှတဆင့် သမ္မတထံ ပေးပို့ခဲ့ရကြောင်း၊ သူတို့က တင်ပြချက်များကို လက်မခံလျှင် မိတ္တူကို ဖျက်ဆီးပစ်ရကြောင်း ပြောကြားသည်။ ရေဂင်သည် တစ်ချိန်က Time မဂ္ဂဇင်းကြီးကို နော့သ်သည် ” နိုင်ငံတော် သူရဲကောင်း ” ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးဖူးသည်။

ပြဿနာကို ဒိုင်ခံဖြေရှင်းပေးနေသူများထဲတွင် စီအိုင်အေ အကြီးအကဲ ဝီလျံ ကာဆေးလည်း ပါဝင်သည်။ သူ့အနေဖြင့် ကွန်ဂရက်၏ အရိပ်အောက်မှ စီအိုင်အေကို ရုန်းထွက်ချင်သည့် ဆန္ဒတွေရှိသည်။ ဘိုလန်သဘောတူညီချက်သည် စီအိုင်အေနှင့် ဘာမျှမဆိုင်ကြောင်းကိုတော့ သူသိပ်ပီး အငြင်းအခုံ မလုပ်ရဲပေ။ ကာဆေးက ကွန်ထရာသို့ ငွေများထောက်ပံရန် ကိစ္စလည်း ရှေ့နေချုပ် မာစီးက ပြောမှ သူသိရသည်ဟု ဆိုသည်။ ကာဆေးသည် တရားရုံးတွင် လာရောက် သက်သေမခံမီ ၁၉၈၆ ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့တွင် ဦးနှောက်သွေးကြောပြတ်ပြီး လဲကျသွားရာ ၁၉၈၇ခုနှစ် မေလတွင် ကွယ်လွန်သွားသည်။

ဆရာတင်ညွန့် ရေးသားသော ကမ္ဘာကျော် နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts