ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့မှသည် ရန်ကုန်တက္ကသိုလ်ဆီသို့

ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့မှသည် ရန်ကုန်တက္ကသိုလ်ဆီသို့ အပိုင်း-၂

ရန်ကုန်တက္ကသိုလ် အက်ဥပဒေ

ရန်ကုန်ကောလိပ်သည် ကာလကတ္တား လက်အောက်ခံ ဒီဂရီကောလိပ်အဖြစ်မှ ၆ ဒီဇင်ဘာ၊ ၁၉၂၀ တွင် ယူနီဗာစီတီ အက်ဥပဒေကို အတည်ပြုကာ သီးခြားရပ်တည်လာခဲ့သည်။ ထိုစဉ်က ယူနီဗာစီတီ အက်ဥပဒေကို မကျေနပ်ကြသဖြင့် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့မှ ကျောင်းသားကြီးများ ဦးဆောင်ကာ သပိတ်မှောက်ခဲ့ကြရာ ပထမကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာခဲ့သည်။ (သို့သော် နောက်ပိုင်း ဗြိတိသျှအစိုးရက လိုက်လျောမှုအချို့ရှိခဲ့သဖြင့် သပိတ်ပြန်လှန်ကာ သပိတ်မှောက်ကျောင်းသားအချို့ ယူနီဗာစီတီသို့ ပြန်တက်ခဲ့ကြသည်။ အချို့က ဗဟန်း၌ တည်ထောင်ခဲ့သည့် အမျိုးသားကောလိပ်သို့ တက်ရောက်ခဲ့ကြ၏။)

ဖွင့်လှစ်စ ယူနီဗာစီတီကောလိပ်

ရန်ကုန် ယူနီဗာစီတီကောလိပ် ဖွင့်လှစ်စက သင်ကြားရေးအဖွဲ့ ၁၂ ဖွဲ့၊ ဌာန်၁၂ ခု ထားရှိခဲ့သည်။ သို့သော် ဌာနအသီးသီး၌ ပါမောက္ခ (ထိုခေတ်အခေါ် စာပို့ဆရာကြီး)များ ပြည့်စုံစွာ မခန့်နိုင်သေးသဖြင့် ၆ ဌာနသာ ဖွင့်လှစ်နိုင်ပါသေးသည်။ ယင်း(၆)ဌာနနှင့် ပါမောက္ခများမှာ အင်္ဂလိပ်စာဌာန – မစ္စတာစလော့စ်၊ အရှေ့တိုင်းပညာဌာန – မစ္စတာဒူရွိုင်ဇယ်၊ သင်္ချာဌာန – မစ္စတာအိုဝင်၊ ဓာတုဗေဒဌာန – ဟန်းတား၊ ဒဿနိကဗေဒဌာန – ရော့ခ်၊ ဥပဒေပညာဌာန – ဦးမေအောင်တို့ ဖြစ်ကြသည်။
ဆယ်တန်းအောင်မြင်သူများအနေဖြင့် ယူနီဗာစီတီကောလိပ်တက်ရောက်လိုပါက ဥပစာတန်းကို ဦးစွာ တက်ရောက်ကြရသည်။ ဥပစာသိပ္ပံ၊ ဥပစာဝိဇ္ဇာတန်းကို ၂ နှစ် တက်ရောက်ကြရခြင်းဖြစ်သည်။ ထို့နောက် သိပ္ပံတန်း၊ ဝိဇ္ဖာတန်းများတွင် ၂ နှစ် ဆက်လက် ပညာဆည်းပူးကြရကာ ဘွဲ့အသီးသီး ရရှိကြလေသည်။

ပထမဆုံး ဘွဲ့နှင့်သဘင်

ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနားကို ၂၈ နိုဝင်ဘာ၊ ၁၉၂၁ တွင် ရန်ကုန်မြို့၊ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ)၌ စတင်ကျင်းပခဲ့သည်။ ထိုစဉ်က ယခု ရန်ကုန်တက္ကသိုလ်နေရာမှာ တက္ကသိုလ်အဆောက်အအုံများ မရှိသေးသကဲ့သို့ ဘွဲ့နှင်းသဘင်ခန်းမလည်း မရှိသေးပေ။ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနားသို့ ရန်ကုန်တက္ကသိုလ် အဓိပတိ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် ကြီးမှူးလျက် ရန်ကုန်အုပ်ချုပ်ရေးဆိုင်ရာ အရေးပါသော ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ သို့သော် ထိုအချိန်ကာလအထိ ရန်ကုန် ယူနီဗာစီတီကျောင်းတိုက်ဟုသာ ခေါ်ဆိုလေ့ရှိခဲ့ကြသည်။ လက်ရှိ ဘွဲ့နှင်းသဘင်ခန်းမကို ၂ ဒီဇင်ဘာ၊ ၁၉၂၂ တွင် အုတ်မြစ်ချ တည်ဆောက်ခဲ့သည်။

အဆင့်အတန်းခွဲခြားမှု

ဤတွင် ဆယ်တန်း၌ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသူများ၊ အမှတ်ကောင်းသူများသည် ဥပစာတန်းကို နှစ်နှစ်မနေရဘဲ တစ်နှစ်တည်းပေါင်း၍ တက်ရသည်လည်း ရှိပါသည်။ ယင်းကျောင်းသားများကို အထူးကျောင်းသားများဟုဆိုနိုင်ပါသည်။ သို့သော် ၁၉၂၅ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် ဆယ်တန်းစာမေးပွဲမှ စပြီး အောင်စာရင်းကို (က)၊ (ခ) ခွဲလိုက်ရာ (က)ဖြင့် အောင်မြင်သူများ ရန်ကုန်ယူနီဗာစီတီကောလိပ်သို့ တိုက်ရိုက်တက်ရောက်နိုင်ကြသော်လည်း (ခ)ဖြင့် အောင်မြင်သူများမှာ တစ်နှစ်အကြိုသင်တန်း တက်ကြရသည်။ (ထိုအတန်းကို ခွတန်းဟု အရပ်ခေါ်ဖြင့် ခေါ်ဆိုကြပါသည်။)
ဝိဇ္ဇာ၊ သိပ္ပံ ဂုဏ်ထူးတန်း တက်ရောက်ခွင့် ရရှိကြသူများမှာ ဥပစာတန်းပြီးလျှင် နောက်ထပ် သုံနှစ် ဆက်လက်သင်ယူကြရသည်။

ရန်ကုန်တက္ကသိုလ်

ရန်ကုန် ယူနီဗာစီတီကောလိပ်သည် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့၏ အပေါင်းပါအဖြစ် တည်ရှိခဲ့ပြီးနောက်ပိုင်း လက်ရှိ ရန်ကုန်တက္ကသိုလ် နေရာတွင် အဆောက်အအုံများ တည်ဆောက်ပြီးစီးသောအခါ ဂျပ်ဆင်ကောလိပ်မှာ ဝိဇ္ဇာတန်း၊ ရန်ကုန်ကောလိပ်မှာ သိပ္ပံတန်းနေရာအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရန်ကုန် ယူနီဗာစီတီကောလိပ်အား ၁၉၃၁ ခုနှစ်ခန့်တွင် ရန်ကုန်တက္ကသိုလ်ဟု အမည်ပြောင်လဲ ခေါ်ဆိုခဲ့ကြသည်။ ထိုအချိန်တွင် သိပ္ပံခန်းမ၊ ဝိဇ္ဇာခန်းမများ တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်သည်။

ခေတ်အဆက်အဆက် အခြေအနေ

ထို့နောက် ရန်ကုန်တက္ကသိုလ်သည် ဒုတိယကမ္ဘာစစ် ဖြစ်ပွားစဉ် ၁၅ ဇန်နဝါရီ၊ ၁၉၄၂ တွင် ဘုရင်ခံ၏ အမိန့်ဖြင့် တရားဝင် ပိတ်သွားပါသည်။ သို့သော် နောက်တစ်လ နှစ်လအတွင်းတွင် ဂုဏ်ထူးတန်းကျောင်းသားများအား မိမိတို့၏ ပါမောက္ခများရှိရာ မြို့များသို့ ဆက်သွယ်သွားရောက်ကာ ဖြေဆိုခွင့်ပြုခဲ့သည်။
၁၉၄၄ ခုနှစ်၊ ဧပြီလတွင် ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ သို့သော် မူလနေရာမှာ စစ်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရပါသဖြင့် ယခု လသာ အ.ထ.က(၂) နေရာ၌ ပြန်လည် ပြောင်းရွှေ့နိုင်ခဲ့ကာ ပါလီမန်ခေတ်တစ်လျှောက် ဆက်လက်ရှင်သန်ခဲ့သည်။

စစ်အစိုးရလက်ထက်

၂ မတ်၊ ၁၉၆၂ တွင် တော်လှန်ရေးကောင်စီ အာဏာသိမ်းခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်၏ အခန်းကဏ္ဍမှာ တစ်စတစ်စမှေးမှိန်သွားခဲ့၏။ ကျောင်းသားသမဂ္ဂအဆောက်အအုံမှာလည်း ဖြိုခွင်းခံခဲ့ရသည်။ ယင်းနောက်ပိုင်း ကျောင်းသားများ ဦးဆောင်ပါဝင်ခဲ့သည့် အရေးတော်ပုံကာလများကို ကျော်ဖြတ်ကာ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့သော မျိုးချစ်သူရဲကောင်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များကို မွေးထုတ်ပေးခဲ့ရာ ရန်ကုန်တက္ကသိုလ်ကြီး၏ အခန်းကဏ္ဍမှာ ကွယ်ပျောက်သွားတော့သည်။

တင်နိုင်တိုးရေးသားသော မြန်မာ့သတင်းစာများထဲမှ သမိုင်းဆိုင်ရာဆောင်းပါးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts