အိမ်ထောင်ရေး

အိမ်ထောင်ရေး တွင် မအစမ်းပါနှင့်

ဆိုရှယ် ဟိုက်ဂျင်းဌာန၏ အထွေထွေအတွင်းရေးမှူးဖြစ်သော ဒေါက်တာကက်သရင်း ဗီးမင့်ဒေးဗီးသည် အိမ်ထောင်သည် မိန်းမတစ်ယောက်ထံသို့ အိမ်ထောင်ရေး နှင့် သက်ဆိုင်သော အလွန်အတွင်းကျသည့် မေးခွန်းများကို မေးမြန်းဖူးလေသည်။ သူတို့၏ပြန်ကြားစာများကို ဖတ်ကြည့်ရာ ရာဂစိတ်ပြေငြိမ်းမှုတွင် အမေရိကန်သူများသည် ပြောမယုံနိုင်လောက်အောင် စိတ်မချမ်းမသာ ဖြစ်နေရကြောင်း တွေ့ရှိရ၏။

ထိုစာများကို ရရှိပြီးနောက် အမေရိကန်ပြည်တွင် လင်မယားကွာရှင်းမှုများ ဖြစ်ရသည့်အကြောင်းအရင်းများတွင် အိမ်သူမိန်းမများ ရာဂစိတ်ပြေငြိမ်းမှု မရှိခြင်းလည်း အပါအဝင်ဖြစ်ကြောင်းကို ဒေါက်တာဒေးဗီသည် မဆိုင်းမတွဘဲ ဖွင့်ချလိုက်လေသည်။

ဒေါက်တာ ဂျီ ဗီ ဟယ်မီလတန် ဆိုသူကလည်း တစ်နည်းတစ်လမ်း စုံစမ်းစစ်ဆေးရာ ဒေါက်တာဒေးဗီ၏ ရေးသားချက် မှန်ကန်ကြောင်း တွေ့ရှိရလေသည်။ ဒေါက်တာ ဟယ်မီလတန် သည် အိမ်ထောင်သည် ယောက်ျားတစ်ရာ မိန်းမတစ်ရာတို့၏ အိမ်ထောင်ရေး ကို လေးနှစ်တိုင်တိုင် စုံစမ်းခဲ့ဖူး၏။ ထိုအိမ်ထောင်သည်များကို တစ်ဦးစီခေါ်၍ မေးခွန်းပေါင်း ၄၀၀ ကျော် မေးမြန်း၏။ မေးမြန်းရာတွင် အလွန်စေ့စပ်လွန်းသဖြင့် လေးနှစ်ကြာမှ မေး၍ပြီးလေသည်။ ထိုလုပ်ငန်းသည် လူမှုရေးရာတွင် အလွန့်အလွန် အရေးကြီးရာကား ထိုလုပ်ငန်း ထမြောက်အောင်မြင်ရန်အတွက် လူထုကောင်းစားရေး သူဌေးကြီးများက ငွေကုန်ကြေးကျခံကြ၏။ စုံစမ်းသိရှိရသမျှကို ‘ အိမ်ထောင်ရေး ချွတ်ယွင်းချက်’ ဟူ၍ အမည်ပေးပြီးလျှင် စာအုပ်တစ်အုပ် ထုတ်ခဲ့လေသည်။

ကောင်းပြီ၊ အိမ်ထောင်ရေး တွင် ဘာများချွတ်ယွင်းနေသလဲ။ ‘တစ်ဖက်သတ် အယူသီးလှသော စိတ္တဇဆရာဝန်များသာလျှင် လင်နှင့်မယားကြောင့် မဟုတ်ဟု ပြောဆိုကြပေမည်။ ထိုသူများက ဘာပဲပြောပြော ရာဂစိတ်ပြေငြိမ်းမှုသည် အရင်းခံ ဖြစ်လေသည်။ ရာဂစိတ်ပြေငြိမ်းမှုကိုသာ ရရှိပါစေ။ အခြားအကြောင်းများဖြင့် ဖြစ်ပေါ်လာရသော မသင့်မတင့်မှုများကိုပင် သည်းခံနိုင်ကြမည် ဖြစ်ပေသည်’ ဟူ၍ ဒေါက်တာ ဟယ်မီလတန်က သူ၏စာအုပ်ထဲတွင် ထုတ်ဖော်ရေးသားခဲ့၏။

လော့ အိန်ဂျယ်လိ မြို့ရှိ မိသားစုဆက်ဆံရေးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ပေါပိုနိုးသည် အမေရိကန်ပြည်တွင် အိမ်ထောင်ရေးကို နားအလည်ဆုံးသော ပါရဂူကြီးများတွင် တစ်ယောက်အပါအဝင် ဖြစ်လေသည်။ သူကိုယ်တိုင် ထောင်ပေါင်းများစွာသော အိမ်ထောင်သည်တို့၏အကြောင်းကို စုံစမ်းခဲ့ဖူးလေသည်။ သူ့အလိုအတိုင်းဆိုလျှင် အိမ်ထောင်များ ပျက်စီးရသည်မှာ အကြောင်းလေးရပ်ကြောင့် ဖြစ်လေသည်။

ထိုအကြောင်းလေးရပ်ကို ဒေါက်တာပိုပီနိုးသည် အောက်ပါအတိုင်း ကြီးစဉ်ငယ်လိုက် စီစဉ်ထားလေသည်။
၁။     ရာဂစိတ် ပြေငြိမ်းမှု မရရှိခြင်း
၂။     အားလပ်ချိန်ကို အသုံးချရာတွင် လင်နှင့်မယား သဘောကွဲလွဲခြင်း
၃။     ငွေရေးကြေးရေး ကျပ်တည်းခြင်း
၄။     သူတစ်ပါးနှင့် မတူသော ကိုယ်လုံးကိုယ်ပေါက်နှင့် စိတ်နေသဘောထားရှိခြင်း

အထက်ပါအကြောင်းလေးရပ်တွင် ရာဂစိတ်ပြေငြိမ်းမှုကို ပထမထားသည်ကို ကြည့်ပါ။ ငွေရေးကြေးရေး ကျပ်တည်းခြင်းမှာ တတိယလိုက်၏။ မထူးဆန်းပေဘူးလား။

လင်မယားကွာရှင်းမှုတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြသော သူများအားလုံးပင် ရာဂစိတ်ပြေငြိမ်းမှုမှာ အရေးတကာ့အရေးဖြစ်ကြောင်း တစ်သံတည်း ထွက်ကြ၏။ သက်သေထုတ်၍ ပြပါအံ့။ နှစ်ပေါင်းအနည်းငယ်ခန့်က စင်စင်နားတီးမြို့ရှိ အိမ်တွင်းရေးအမှုများကို စီရင်ရသော တရားသူကြီး ဟော့ဖမန်က ‘လင်မယားကွာရှင်းမှု ဆယ်ခုတွင် ကိုးခုမှာ ရာဂစိတ်ပြေငြိမ်းမှု မရခြင်းကြောင့် ဖြစ်လေသည်’ ဟူ၍ ထုတ်ဖော်ပြောဆိုခဲ့၏။

‘ရာဂစိတ်ပြေငြိမ်းမှုသည် လူတို့တွင် အလွန်အရေးကြီးသော ကိစ္စတစ်ရပ် ဖြစ်လေသည်၊ လင်ခန်း မယားခန်း ပြတ်စဲရာတွင် ထိုကိစ္စသည် အလွန်အရေးပါ အရာရောက်ခဲ့သည်’ ဟူ၍ စိတ်ပညာရပ်တွင် ပါရဂူမြောက်ပြီး ဂျွန်ဗီ ဝပ် ဆန်ဆိုသူ ပုဂ္ဂိုလ်ကြီးကလည်း မြွက်ဟဖူးလေသည်။

ခရစ်ယာန်ဘုန်းကြီး အော်လီဗာအမ်ဘတ္တားဖီးသည် အောက်ပါအတိုင်း ပြောဖူး၏။

‘ကျွန်ုပ် ဘုန်းကြီးဖြစ်စက ကျွန်ုပ်ထံသို့ လက်ထပ်ရန် လာရောက်ကြသော ဇနီးမောင်နှံတို့သည် တစ်ဦးကိုတစ်ဦး အထူးချစ်ခင်စုံမက်ကြသော်လည်း အိမ်ထောင်မှုကိစ္စတွင် ဘာတစ်ခုမျှ နားမလည်ကြသေးသည်ကို ကျွန်ုပ်ကိုယ်တိုင် တွေ့ရှိရလေသည်’

ဤမျှလောက်ခက်ခဲသော အိမ်ထောင်ရေးပြဿနာကို ဖြစ်သလို ထားလိုက်ပါလျက်နှင့် လင်ကွာ၊ မယားကွာများသည် ၁၆ ရာခိုင်နှုန်းသာရှိခြင်းမှာ အံ့သြစရာကောင်းသလို ရှိ၏။ အလွန်များမြောင်လှစွာသော လင်နှင့်မယားတို့သည် စင်စစ်မှာ တစ်ဦးနှင့်တစ်ဦး မကွာနိုင်ကြသေးသောကြောင့် လူမြင်ကောင်းရုံနှင့် အတူတူနေထိုင်ကြသော်လည်း ရင်းနှီးစွာ ဆက်ဆံခြင်း မရှိကြတော့ချေ။ သူတို့သည် လောကငရဲတွင် ခံစားလျက်ရှိသောသူများနှင့် တူနေလေသည်။

ဖြစ်ချင်ရာဖြစ်ဟူသော သဘောမျိုးနှင့် ကောက်ယူလိုက်ခြင်းဖြင့် စိတ်တိုင်းကျအိမ်ထောင်ဖက်ကို ရနိုင်ခဲ့လေသည်။ အိမ်ထောင်ရေးသည် အိမ်ဆောက်သည်နှင့် တူ၏။ အိမ်ကောင်းကောင်း ဆောက်ချင်လျှင် ပုံစံကောင်းကောင်း ထုတ်သကဲ့သို့ အိမ်ထောင်ရေးတွင်လည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရာရချင်လျှင် ထိုသို့ရရှိအောင် ဆင်ခြင်တိုင်းထွာတတ်သော ဉာဏ်နှင့်ကြိုတင်၍ ရွေးချယ်စီစဉ်သင့်ပေသည်။

ဤသို့စီစဉ်ရာတွင် အကူအညီရရှိအောင် ဒေါက်တာဘတ္တားဖီးသည် သူကိုယ်တိုင် လက်ထပ်ပေးရသော ဇနီးမောင်နှံတို့ကို ရှေ့ရေးအတွက် သူနှင့် လွတ်လပ်စွာ တိုင်ပင်နှီးနှောစေ၏။ ဤသို့ တိုင်ပင်နှီးနှောရာတွင် များစွာသော ဇနီးမောင်နှံတို့မှာ အိမ်ထောင်မှုကိစ္စတွင် ဘာတစ်ခုမျှ နားမလည်သေးသည်ကို တွေ့ရှိရလေသည်။

‘ရာဂစိတ်ပြေငြိမ်းမှုသည် အိမ်ထောင်သည်တို့ ရရှိနိုင်သော စည်းစိမ်များအနက် တစ်ခုအပါအဝင်မျှသာ ဖြစ်လေသည်။ သို့ရာတွင် ရာဂစိတ်ပြေငြိမ်းမှုကိုမျှ မရနိုင်ခဲ့လျှင် အခြား မည်သည့်စည်းစိမ်မျှ ရနိုင်တော့မည် မဟုတ်ချေ’ ဟု ဒေါက်တာဘတ္တားဖီးက ဆိုလေသည်။

ရာဂစိတ်ပြေငြိမ်းမှုကို ရရှိအောင် မည်ကဲ့သို့ ကြိုးစားရမည်နည်း။

ဒေါက်တာဘတ္တားဖီး၏ ရေးသားချက်ကိုပင် ဆက်လက်၍ ဖော်ပြပါဦးအံ့။ ‘ရှက်ကိုးရှက်ကန်းဖြစ်နေသော စိတ်များကို ဖယ်ရှားပစ်လိုက်ပြီးလျှင် အိမ်ထောင်သည်တို့ လိုက်နာရမည့် နည်းနာနိဿယများကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးနိုင်ပါစေ။ ဤကဲ့သို့ တိုင်ပင်ဆွေးနွေးနိုင်သောသတ္တိထူးမှာ စာအုပ်ကောင်းများကို ဖတ်ခြင်းဖြင့်သာ ကောင်းစွာရရှိနိုင်လေသည်။ ကျွန်ုပ်ကိုယ်တိုင် ရေးသားသော ‘အိမ်ထောင်ပြုခြင်းနှင့် အိမ်ထောင်မှုပျော်မွေ့ခြင်း’ စာအုပ်ငယ်အပြင် အခြားစာအုပ်ကောင်းများကိုလည်း ကျွန်ုပ်သည် အသင့် ဆောင်ထား၏။’

ယခုရောင်းချလျက်ရှိသော စာအုပ်များထဲတွင် ဗဟုသုတတိုးပွားရန်အတွက် ဖတ်ရန်အကောင်းဆုံးဟု ကျွန်ုပ်ထင်သော စာအုပ်မှာ သုံးအုပ် ဖြစ်ပါသည်။

ထို့ကြောင့် အကြင်လင်နှင့်မယားတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာလိုကြပါလျှင် အိမ်ထောင်သည်တို့၏ ရာဂစိတ်ပြေငြိမ်းကြောင်း စာအုပ်ကောင်းကို ဖတ်ပါ။

ရာဂစိတ်အကြောင်းနှင့် စပ်လျဉ်း၍ အဘယ့်ကြောင့် စာအုပ်ကောင်းများကို မဖတ်သင့်သနည်း။ နှစ်အနည်းငယ်ခန့်က ကိုလံဘီယာ ယူနီဗာစီတီ အုပ်ချုပ်သူများနှင့် အမေရိကန် လူမှုကျန်းမာရေးအသင်းကြီးတို့သည် အမေရိကန်ပြည်ရှိ ပါရဂူကြီးများကို ယူနီဗာစီတီသို့ ဖိတ်မန္တက ပြုပြီးလျှင် ကျောင်းသားများ၏ အိမ်ထောင်ရေးနှင့် ရာဂစိတ်အကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ဒေါက်တာ ပေါ ပိုပီနိုးက

‘ယခုအခါ လင်မယားကွာရှင်းမှုများ နည်းပါးသွားလေပြီ၊ ဤသို့နည်းပါးရခြင်းသည် အခြားအကြောင်းကြောင့်မဟုတ်၊ တိုင်းသူပြည်သားများသည် ရာဂစိတ်နှင့်အိမ်ထောင်ရေးအကြောင်းများကို ရေးသားထားသော အသိအမှတ်ပြုခြင်းခံရသည့် စာအုပ်ကောင်းများကို ဖတ်ကြသောကြောင့်ပင် ဖြစ်လေသည်။’ ဟူ၍ ထုတ်ဖော်ပြောဆိုဖူးလေသည်။

ထို့ကြောင့် ယခုအခန်းကို နိဂုံးမချုပ်မီ အောက်ပါအရေးပါအရာရောက်မည့် စာအုပ်ကောင်းများကို ဖော်ပြခဲ့ပါရစေ။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts