ထင်းရှူးသေတ္တာ

ထင်းရှူးသေတ္တာ

ထင်းရှူးသေတ္တာ ~~~~ “ဒီမှာတော့ ဒီမှာ၊ ကာလကြီး ပျက်တော့မယ်၊ ထင်တယ်တော်ရေ့” ဟု မယားဖြစ်သူ မိဖော့က ဆေးပေါ့လိပ် တစ်တောင်လောက်ကြီးကို မှိန်းကာ မှိန်းကာဖွာရင်း လင်တော်မောင်ကို လှမ်း၍ ပြောလိုက်သည်။ မိဖော့ကား တဲကုပ်၏ နောက်ဖေး ရေစင်ကလေးသို့ အဆင်း၊ တံခါးပေါက်ဝတွင် ဒူးနှစ်လုံးကို ဖော်၍ကားကာ ကလေးကို ပေါင်ခွင်ထဲထည့်၍ ဆောင့်ကြောင့်ထိုင်နေသည်။ ဘယ်ဘက်လက်က ဆေးပေါ့လိပ်ကို ကိုင်ထားသည်။ ညာဘက်လက်ကား အခါလည်ကျော်ကလေးကို ပိုက်ထားသည်။ ကလေးငယ်မှာ ငွေရည်အဆင်း ဖြူဝင်းသော နတ်သုဓာတည်းဟူသော မေတ္တာဓာတ်ရည်တို့ကို စုပ်၍စုပ်၍ စို့နေသည်။ မိခင်၏ မေတ္တာဟုန်ကို သရုပ်ဖော်ရာဖြစ်သော ရင်မြွာနှစ်စုံတို့မှာ လွတ်လပ်ရေးရ၍ နေလေရာ နို့စို့နေသော ကလေးငယ်မှာ အားလပ်သောနို့အုံတစ်ဖက်ကို တဖြန်းဖြန်းနှင့် ရိုက်၍ ကစားနေသည်။

ထိုအချိန်အခါတွင် ငဘသည် မိဖော့တို့ သားအမိကို ကျောခိုင်း၍ ငါးမျှားနေသည်။ သည်တစ်ခါ ခါတိုင်းလို ငါးမတိုး။ ငါးမျှားသည်မှာ စိတ်ရှည်မှဖြစ်သည်။ ယခု သူ့စိတ်ထဲ ဗယောက်ဗယက်နှင့် ရင်လေးလှသည်။ ထို့ကြောင့် စိတ်လည်းမရှည်နိုင်ပြီ။ အရင် သူကြားဖူးသရွေ့တော့ စစ်ဖြစ်လျှင် စပါးဈေးတက်သည်။ ယခုစစ်ဖြစ်တာ ငဘနှင့် လားလားမျှ မဆိုင်။ မသကာ စပါးဈေး တက်မည်မို့ ဝမ်းသာဖို့သာ ရှိသည်။ ယခုတော့ ဒီလိုမဟုတ်။ အင်္ဂလိပ် ရန်ကုန်က ပြေးပြီဟု ကြားရလျှင်ပင် လယ်ကွင်းထဲမှာ လူတွေ ရုံးစုရုံးစုနှင့်။ အရပ်ပျက်လျှင် အချောင်အုပ်ကြဖို့လောက်သာ ဝိုင်းဖွဲ့စိုင်းပြင်းနေကြသည်။ ကလေးငါးယောက်နှင့် ပြေးစရာ မြေလဲမရှိ။ ပြေးရမည်လို့လဲ မတွေးမိ။

သူ့စိတ်ထဲ တထင့်ထင့်နေသည်ကား တခြားမဟုတ်။ တောင်ဘက်လယ်က ဖြိုးတုပ်သခင် ဖြစ်လာပြီကြားသည်။ မြို့တက်ပြီး အစည်းအရုံးကို တစ်မတ်ပေးဝင်ခဲ့သည် ဆိုသည်။ သည်အကောင် တော်တော်ရှုပ်သည်။ တလောက ဦးသာဂေါင် လယ်ထောက်ခနှင့် ပက်သက်၍ လယ်သီးစား ဥပဒေအရ လျှောက်ရန်၊ မျိုးချစ်ပါတီဝင် သခင်ယောင်ယောင် တစ်ဦးနှင့် ပင်း၍ လယ်ထောက်ခ လျှော့ရန်၊ လျှောက်လွှာတစ်စောင်နှစ်ကျပ်ခွဲ စရိတ်ငြိမ်းတင်ပေးမည်ဆိုကာ ဖြိုးတုပ်သည် ငဘထံ ငွေလာတောင်းဖူးသည်။ ဥပဒေ ဥပဒက်ဆိုတာတော့ ငဘ နားမလည်။ ဦးသာဂေါင်နှင့် ပေါင်းလာတာ ယခုမှမဟုတ်။ ဘိုးစဉ်ဘောင်ဆက် ဘေးလက်ထက်က စ၍ ဖြစ်သည်။ လယ်ထောက်ခ ဆိုသည့် အရာမှာလည်း ငဘက နာသည်အထင်ရှိလျှင် “သည်တစ်နှစ်တော့ ဦးရယ် ကြည့်လုပ်ပါဦး” ဟု ပြောလိုက်လျှင်ပင် ငွေနှစ်ကျပ်ခွဲ မကုန်ဘဲနှင့် လျှော့ပြီးသား ဖြစ်သည်။ သခင်ဆိုသည်ကို အဲသည်တုန်းက ငဘ ကြားဖူးသည်။ သခင်ဆိုတာဟာ မီးတုပ်တွေနှင့် ရှို့သည်ဆိုပါကလား။ သခင်ဆိုလျှင် ပုလိပ်ဖမ်းတတ်သည်ဟုလည်း လူပြောသူပြော ဗဟုသုတ ဆည်းပူးဖူးသည်။

မျိုးချစ်အဖွဲ့ကတော့ ဂဋ္ဌုန်ခေါင်းဆောင်သည် ဆိုသည်။ ဂဋ္ဌုန်ဆိုတာဟာ လူလော၊ နတ်လော၊ ဂုမ္ဘာန်လော၊ နှံပြည်စုပ်လော ခွဲခြားပြီး ငဘ မသိတတ်။ သူသိတာကတော့ ဖြိုးတုပ်သည် တစ်ခါတစ်ခါ သူ့ကိုယ်သူ ဂဋ္ဌုန်လို့လဲ ဆိုသည်။ ဒေါက်တာဘမောင်ဆိုသူတစ်ဦး နန်းရင်းဝန်ဆိုလား၊ ရှင်ဘုရင်ဆိုလား တက်ဖြစ်တုန်းက ဖြိုးတုပ်သည် ဆင်းရဲသားပါတီကလို့ ဆိုပြီး လယ်ကွင်းထဲမှာ အလုပ်ကောင်းကောင်း လုပ်မစားတဲ့ လူတစ်စုနှင့် အင်အားစုဖူးသည်။ ယခု သင်းတို့တစ်တွေနှင့်ပင် ပေါင်းပြီး သခင်ဖြိုးတုပ် ဖြစ်လာပြန်ပြီ။ ဖြိုးတုပ်မှာ အလုပ်အကိုင် မည်မည်ရရမရှိ။ ပုလိပ်တွေ ကွင်းထဲလာလျှင် သူတွဲခုတ်လာတတ်သည်။ “မြေတိုင်းစာရေး ဆူတုန်း တန်ဆောင်မုန်း” မှာ ဆိုလျှင်လည်း မြေတိုင်း အင်စပက်တော်နောက်က သံကြိုးဆွဲသူမှာ ဖြိုးတုပ်ပင် ဖြစ်သည်။ အရက်ဖမ်းရာမှာလည်း ယစ်မျိုး အရာရှိတွေနှင့် ဖြိုးတုပ်မှာ ပူးတွဲပူးတွဲ နေသည်။ တစ်ခါတစ်ခါလဲ မြို့တက်ပြီး လယ်သမား အရေးတော်ပုံအတွက် မြို့အုပ်နှင့် အတိုက်အခံ စကားပြောရာ မြို့အုပ်က သူ့သခင်နာမည်ကို ကြောက်ပြီး အရှုံးပေးလိုက်သလိုလို လေလုံးထုတ်သည်။ ဘာပဲဖြစ်ဖြစ် ဖြိုးတုပ်ငဘတဲသို့ ရောက်တိုင်း ကြက်ဥလေးငါးဆယ်လုံးလောက်တော့ ချောရသည်။ ကြက်ဖလည်း အနည်းဆုံး တစ်ကောင်လောက်တော့ တုတ်သိမ်းစာ မိသွားတတ်သည်။ ယခု လယ်သီးစား ကိစ္စမှာလည်း ဦးသာဂေါင်နှင့် တစ်ခါဖူးမှ ပဋ္ဋိပက္ခ မဖြစ်ဖူးလေသောကြောင့် “ငွေနှစ်ကျပ်ခွဲ အကုန်မခံနိုင်ပါ” ဟု ဖြိုးတုပ်ကို ပြောမိ၍ ငဘသည် ဖြိုးတုပ်၏အငြိုးကို ခံရသည်။ ငြိုးရုံမျှမက သူကြီးအိမ်မှာ ပိုင်နက်ကျူးလွန်မှုနှင့် ငဘကို ဖြိုးတုပ်က တရားပင် စွဲသေးသည်။ သူကြီးက ငဘရိုးသည်ကို သိပါ၏။ သို့ပေမယ့် ဖြိုးတုပ်က လူမိုက်ခေါင်းဆောင်မို့ အမှုမမှန်သည်ကို သိလျက်နှင့် ဖြိုးတုပ်ကျေနပ်အောင် ငွေငါးကျပ်လျော်ကြေးနှင့် ပြေငြိမ်းရန် ငဘအား တိုက်တွန်းသည်။ သည်သူကြီးနှင့် သည်ရွာသားမှာ တစ်ခါဖူးမျှ မတော်မတရား ဖြစ်ကြဖူးသည် မရှိလေတော့ မှားမှားမှန်မှန် ရန်မှ ငြိမ်းစေတော့ဆိုပြီး ငွေငါးကျပ်ကို ငဘ အဆုံးခံလိုက်ရသည်။ ဒါတောင် သင်းက မကျေနပ်ပါကလား။ ကြည့်စမ်း။ ဦးသောဘိတ ကျောင်းဝိုင်းထဲတုန်းက ငါ့မယားကို ရေတွင်းနားမှာ မဟားတရားပြောပြီး ဗလက္ကာယလုပ်မယ် ကြံသေး။ ဦးသောဘိတ ငေါက်လိုက်လို့ပေါ့၊ သက်သက်မဲ့ လူတောထဲ အရှက်ခွဲသည်။ အနိုင်ကျင့်သည်။ နှိပ်စက်သည်။ ခေါင်းပုံဖြတ်သည်။ နိုင်ရာစား လောကကြီးပဲ။ ယခု သင်းက သခင် ခေါင်းဆောင်ဖြစ်နေပြီ ဆိုပါကလား။

ငဘက အံကြိတ်ကာ တောက်တစ်ချက် ခေါက်ပြီး ငါးမျှားတံကို သုတ်ယူလိုက်သည်။ ငါးစင်ရိုင်း တစ်ကောင် ဖျပ်ဖျပ်လူးပြီး ပါလာသည်။ စိတ်ဆိုးမာန်ဆိုးနှင့် ငါးကိုဖြုတ်ပြီး အားကုန် လွှင့်ပစ်လိုက်သည်။ ငါးစာအသစ်တပ်ပြီး ဆက်လက် မျှားပြန်သည်။

“ဘယ်လို လုပ်ကြမာလဲတော့၊ အရပ် ပျက်ရင် သရောကြီး ခိုင်းဦးမှာဘဲ” ဟု မိဖော့က ငဘကို ထပ်ပြောပြန်သည်။

ငဘကား သူ့မယားပြောသံကို ဂရုမထား။ သူ့မယား ရင်ခွင်ထဲက ကလေးကို လှမ်းကြည့်သည်။ ကြည့်တုန်းကတော့ ကလေးပါပဲ။ သို့ပေမယ့် အိ၍ဖောင်းနေသော မိဖော့၏ရင်ကို မြင်ရသောအခါသား ငါးယောက်အမေဟု ဆိုသာဆိုရသည်။ နောက်ထပ်ဆယ်ယောက် မွေးဦးတော့ နဂိုရည်ပျက်ဦးမည် မဟုတ်။ လတ်လတ်ပဲ ရှိသေးသည်ဟူ၍ ငဘ အထင်ကြီးမိသည်။ အင်း … စင်စစ်တော့ သူ့ငါးချဉ် သူချဉ်ခြင်းမျှသာ။ အပေါ်အင်္ကျီ မဝတ်နိုင်သောကြောင့် ဗလာဟင်းဟင်း ထားရဖန်များ၍ နေလောင်သော အသားဆိုင်မှာ ညိုပုပ်ပုပ်ရှိသည့်အထဲ နို့ကြောပြတ်၍နေသဖြင့် ရွှေဖရုံသီးနုနုနှင့် ခြောက်ရဘိသကဲ့သို့ အဖြူပြောက်အစင်းကလေးများဖြင့် ရှုံ့တွတွ ရှိနေသည့်အရာကို ငဘ သေချာစွာ မကြည့်ချေ။ အကယ်၍ သေချာစွာ ကြည့်လိုက်မိလျှင် ခန္ဓာ ငါးပါး ဖောက်ပြန်မှု သဘောတရားတို့ကို အကွင်းသား မြင်မိမှာစိုး၍ ငဘက သူ့မျက်စိကို ကပျာကသီ ရုပ်သိမ်းလိုက်သည်။

“အေးဟဲ့၊ သရောကြီးများခိုင်းရင်၊ ဘယ်လိုများ နေမှာပါလိမ့်” ဟု ငဘက ငါးမျှားကြိုးဆီသို့ တစ်ချက် မျက်စပစ်ရင်း မိဖော့ကို တုံ့ပြန်မေးခွန်းထုတ်သည်။ “အံမယ် – မိဖော့ရာ၊ တို့ဗမာပြည်ကြီးမှာ ငတ်သေတဲ့မသာ မရှိနိုင်ဘူးဟ” ဟု သူ့မယားကို စကားပြေပြောသည်။ သို့သော် အရပ်ပျက်မှာကို သူ့မယား ဘယ်လိုတွေးပြီး ကြောက်ပါလိမ့်ဟု သူ စဉ်းစားသည်။ သူလည်း ကြောက်သည်။ သို့သော် ဘာကို ဘယ်လိုတွေးပြီး ကြောက်ရမည်ကို သူ မစဉ်းစားတတ်။ သည်လိုကိစ္စမျိုးမှာ တစ်ခါဖူးမျှ တွေ့ကြုံခဲ့ရဖူးသည် မရှိ၍ ကြောက်စရာကောင်းသည်မှာ ဘာ့ကြောင့်ဟု အကြောင်းမရှာတတ်။

“လူဆိုးတွေတော့ ထ – မှာပဲတော့” ဟု မိဖော့က ညည်းညူလိုက်သည်။
“အေးဟဲ့ … အဲဒါတော့ စိုးရိမ်ရတယ်”
“ဖြိုးတုပ်လဲ ဟိုတစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်သမားတွေနဲ့ ပေါင်းနေတယ်ကြားတယ်”
“ဘယ်သူ ပြောသလဲ”

ငဘမှာ သည်မေးခွန်းထုတ်ပြီး တွေနေသည်။ သူ့မယား ပြောခါမှပဲ ကြောက်စရာကောင်းသည်ကို ရှာတွေ့တော့သည်။ ငါ့မယား မိဖော့ဟာ ဒါမျိုးကျရင် နှိုက်နှိုက်ချွတ်ချွတ် စဉ်းစားတတ်သည်ဟု စိတ်ထဲကျိတ်ပြီး မယားကို ချီးမွမ်းမိသည်။ သို့ရာတွင် သူ့မယားက ကြိုတင်စဉ်းစားမိသလောက် အကယ်၍ လူဆိုးတွေ ထလျှင် သည်ဘေးရန်ကို အဘယ်ပုံ ကာကွယ်ခုခံရမည်ကို သူ ကြိုတင်စဉ်းစားမိသလောက် အကယ်၍ လူဆိုးတွေ ထလျှင် သည်ဘေးရန်ကို အဘယ်ပုံ ကာကွယ်ခုခံရမည်ကို သူ ကြိုတင်မစီမံတတ်။ ထို့ကြောင့် စိတ်အိုက်လာသည်။ သူ့မယား အနားက တတွတ်တွတ် ပြောနေသည်ကို သူကြားဟန်မတူ။ “ဘယ်သူကပြောသလဲဟင်” ဟု ထပ်မေးသည်။

“သြော် … ဒီမှာတော့ ပြောနေတာ မကြားဘူးလား၊ ရှမ်းသေ ရေကျော်မှာနေတဲ့ ကိုသာဦးတို့တဲကို ကျွန်မ မနေ့က ရောက်ခဲ့တယ်၊ ဓနိသီး ခူးမလားလို့ ဥစ္စာ၊ ဓနိသီးတွေက ရင့်ကုန်လို့၊ ကိုသာဦးမိန်းမနဲ့ တစ်ယောက်တစ်လှည့်စီ သန်းတုပ်ခံကြရော၊ အဲဒါနဲ့ စကားစပ်ရင်း ကိုဖြိုးတုပ်အကြောင်း ရောက်သွားရော၊ သူက ကျွန်မတို့ကွင်းမှာ အစည်းအရုံး ဥက္ကဋ္ဌတဲ့တော့၊ ဗမာပြည်မှာ မိစ္ဆာတွေကို မထားဘူးတဲ့တော့၊ ရာမချစ်တီးရဲ့ စပါးစည်ကို ဆင်းရဲသားအများအတွက် ဝေငှပေးမယ်တဲ့တော်ရေ့၊ ရေကျော်ဝက တရုတ်ဆိုင်ကလေးကိုလဲ ဓနရှင်ပစ္စည်းမို့လို့၊ ဓနရှင်ဝါဒ ပျက်စီးအောင် လုပ်ရမတဲ့တော့”

“နေပါဦးဟဲ့၊ ရာမချစ်တီးက သူ့စပါးတွေ ဝေငှဖို့ သဘောတူရဲ့လား”
“ချစ်တီးက ဘယ်သိပါ့မလဲတော့”
“မသိဘဲနဲ့ ဖြစ်နိုင်ပါ့မလား”
“တော် တွေးလိုက်မှဖြင့်လေ၊ လှေကြီးထိုးချည်းပဲ၊ သူပေးမှ ရမှာတဲ့လား”
“အင်းပေါ့ သူ ပေးမှပေါ့”
“အင်္ဂလိပ်ပြေးရင် ဗမာပြည်ဟာ တို့ပြည်ဖြစ်ပြီ၊ တို့အစိုးရနဲ့ တို့မို့လို့ နိုင်ငံခြားသားတွေပစ္စည်းဟာ တို့ပစ္စည်း ဖြစ်ကရောပေါ့တဲ့ တော်ရေ”

ငဘက “တို့အစိုးရနဲ့တို့” ဟူသောစကားကို ကြားလိုက်လျှင်ပင် ပုလိပ်တွေ ပတ္တရောင် လှည့်လာလျှင် အရက်ရှာပေးရမည့်ဝတ္တရား နှစ်ပြန်တိုးချေဦးတော့မည်ဟု သဘောပေါက်မိပြီး စိတ်ထဲမှာ အိုက်ရုံမက ချွေးဒီးဒီးပင် ကျလာသည်။

“မင့်စကားကကွယ်၊ ရာဇဝတ် မကင်းပါကလား”
“အမယ်လေး၊ တော့ပုလိပ်တွေကို တွေးမနေပါနဲ့တော့၊ သင်းတို့ မလာတာ ဘယ်လောက်ကြာသွားပြီလဲ၊ မင်းမရှိတဲ့ တိုင်းပြည်မှာ ရာဇဝတ်မှုမရှိဘူးတော့-“။
“အို … မင်းက ရာမ ချစ်တီးရဲ့ စပါးကို ချိန်နေတာလား”

သည်စကားကို ငဘက အတည်လိုလိုနှင့် ပြောင်ချော်ချော် ပြောသည်။ သို့သော် မိဖော့စိတ်ထဲမှာ အတော်ဆွေးသွားသည်။

“ဒီမှာ … ရှင် ကျုပ်ကို ဒီလို အရမ်းမပြောနဲ့ သိလား၊ မစားရ ငတ်သေသေ၊ ဒါမျိုး ကျုပ် ဘယ်တော့မှ စိတ်မကူးဘူး။ အခု ပြောနေတာက ကျုပ်တို့အရပ်ပျက်ရင် ဘယ်ပြေးကြမလဲ၊ ကျုပ်တို့ လယ်ကွင်းမှာ ကျုပ်တို့နောက်လိုက် သာအိတို့၊ မြတ်မွှေးတို့ မြေတူးကုလား ဟော်ရီးတို့ တစ်သိုက်ရယ်၊ ကျုပ်တို့ရယ် အားလုံးမှ လေးငါးဦး စုနေရတာ။ ဟော်ရီးကလဲ ကုလား။ ရေကျော်ဝမှာလဲ တရုတ်ဆိုင်။ ဘေးက တရုတ် – ကုလားတွေကြောင့် ကျုပ်တို့ ပိုခက်လိမ့်မယ်ထင်တယ်။ ကျုပ်သဘောကတော့ တရုတ်ရယ်၊ ကုလားရယ်လို့ မတွေးတတ်ဘူး။ လယ်သမားဟာ လယ်သမားပဲ။ သူ့အသိုက်အဝန်းနဲ့သူ အထိုက်အလိုက် ကြည့်နေရမှာတော့၊ သူတို့နဲ့ ငြိုးသူရန်ဘက် မဟုတ်လေတော့ သူတို့ကိုလဲ ဘာမျှ လုပ်စရာမလိုဘူး၊ ကိုယ်လုပ်လဲ မခံနိုင်ဘူး။ ရှေ့ရေး နောက်ရေးဆိုတာ …”

ဖြုတ်ကနဲဆို ငါးမျှားတံကို ငဘက သုတ်သင်လိုက်သည်။ က,ကတစ်ကြီးတစ်ကောင် ထွန့်ထွန့်လူး၍ ငါးမျှားတံတွင် ချိတ်ပါလာသည်။ ငဘက ငါးကိုဖြုတ်၍ ပလိုင်းထဲသို့ ထည့်လိုက်သည်။ ဤအတွင်းတဲရှေ့က ကလေးများက “ဟောမိပြီထင်တယ်ဟေ့” ဆိုကာ တဲနောက်ဖေး ချောင်းဘက်ဆီသို့ ပြုံပြီး လာကြသည်။

“မပူပါနဲ့ မိန်းမရာ၊ ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူးကွ။ ဟော်ရီးတို့ဆိုတာ ဒိုးတူ ပေါက်ဖက် လုပ်ဖော်တွေပဲ၊ ငါစောင့်ရှောက်နိုင်သမျှ စောင့်ရှောက်ရမှာပေါ့”

ဤစကားဆုံးလျှင်ပင်၊ တဲရှေ့က “အာကိုဂျီး” ဟု နှစ်ခွန်းဆင့်၍ အော်လိုက်သော အသံကိုကြားရသည်။

ထိုအသံမှာ ဟော်ရီး၏အသံ ဖြစ်သည်။ သူ့အကြောင်း ပြောနေစဉ် သူရောက်လာသဖြင့်၊ သူ ဘာအရေးတကြီး ဖြစ်လာပါလိမ့်ဟု တွေးမိပြီး ငဘမှာ ခေါင်းနားပန်းပင် ကြီးသွားသည်။

“ဟော်ရီးလာဟေ့ … ၊ ဘာလဲကွ။”
“အာ့ကိုဂျီးဆီလာတာပဲဗျ၊ အခု ချွန်နော် သတင်းတစ်ခု ကြားတယ်။ လယ်ကွင်းက ကုလားတွေကို ကုလားပြည်နှင်မလို့တဲ့။ အခါကလဲ မကန်းဘူး အာ့ကိုဂျီး။ ချွန်နော် သိပ်ကြောက်တာပဲ၊ ခက်လိမ့်မယ်ထင်တယ်။”

“တို့ရှိသားပဲကွယ်” ဟု ငဘက လုပ်သားအချင်းချင်း ကရုဏာသက်သံဖြင့် ပြောသည်။

မှန်သည်။ ကရုဏာသက်သည်။ ဟော်ရီးသည် လယ်ကိုမှီ၍ တဝမ်းတခါး ရှာသူဖြစ်သည်။ ငဘလည်း ထို့အတူပင်၊ လုပ်သားအချင်းချင်း ပြောရလျှင် ဖြူသည်၊ မည်းသည်၊ ညိုသည်၊ ဝါသည်ကို ငဘ ဂရုမစိုက်။ ကုလားတွေ ကုလားပြည် ငွေပို့တာကိုလဲ အရေးမထား။ တရုတ်တွေ ကြီးပွားပြီး ဇိမ်ခံနေတာလဲ သူ့ကုသိုလ်နှင့်သူဟု အောက်မေ့သည်။ ဟော်ရီးရှိ၍ တာတမံလုံခြုံသည်။ တာတမံလုံခြုံ၍ စပါးထွက်ကောင်းသည်။ ရေကျော်ဝက ကုန်စုံဆိုင်ရှိ၍၊ ငရုတ်ကြက်သွန် ဝယ်လို့ရပြီး၊ ယခုမိထားသော က – ကတစ်ကလေးကို အရသာရှိရှိ ချက်စားနိုင်မည်။ ဘယ်သူ လက်ဝါးကြီး အုပ်အုပ်၊ ငါတို့ လယ်သမားအခြေမှာ သည်အတိုင်းသာ ဖြစ်မည်။ ဤမျှသာ ငဘ သဘောပေါက်သည်။ ငဘအဖို့ ကမ္ဘာသူကမ္ဘာသား အချင်းချင်း မုန်းတီးသော စိတ်များ မွေးမထားတတ်။ တရုတ် – ကုလားများ ကြီးပွားသည်ကို အားကျမခံ ယှဉ်ပြိုင်လုပ်ကိုင်လိုက်မည် ဟူသော မာနမျိုးလည်းမရှိ။ သူနားလည်သမျှမှာ စပါးပေးနှင့် ငွေချေးကာ၊ လယ်ထဲတွင် ကျွဲလို နွားလိုရုန်းပြီး၊ စပါးပေါ်ချိန် အကြွေးဆပ်ဖို့ပင် ဖြစ်သည်။

“အာ့ ကိုဂျီးနဲ့ နေလာတာ နှစ်ပေါင်းဆယ့်နားနှစ်လောက် ရှိပြီ၊ တခါတခါ ဘင်္ဂလား တွားတယ်နော်၊ အာ့ကိုဂျီးဆီမှာ ပြစ်ကျီးတွေ အပ်ခဲ့တာပဲ။ အခုလဲ ချွန်နော် လိုက်ကိတယ်၊ အာ့ကိုဂျီးကိုပဲ အားကိုးတယ်”

“အေး … အေး မင်းဘာထားချင်သလဲ။ ဘင်္ဂလား ပြန်တော့မလား”

“အား … ဘင်္ဂလားပြန်လို့ ဘယ်ဖစ်မလဲ အာ့ကိုဂျီး၊ လူဂျိုးတွေ ကြောက်တယ်။ ဒါကြောင့်မို့ အာ့ကိုဂျီးဆီမှာ ပြစ်ကျီး အပ်ချင်တယ်။ ချွန်နော့ သေတ္တာလေ။ အဲဒါမှောင်ရင် ယူခဲ့မယ်။ ငွေတရာ့ နားဆယ်ရှိတယ်။ ခါးမှာချည်တဲ့ ငွေကြိုးလဲရှိသေးတယ်။ နာ့တံတီးလဲပါတယ်။ အဲဒါတွေကို အာ့ကိုဂျီးဆီမှာ …”

“ဦးသာဂေါင်ကြီးဆီမှာ ပို့ထားပါလားကွယ် ဟော်ရီးရယ်” ဟု မိဖော့က ကလေးကို ခါးထစ်ခွင်မှ ကြမ်းပြင်သို့ချရင်း၊ ကျီးလန့်စာစား မျက်နှာထားနှင့် ပြောလိုက်သည်။

“အိုကွယ်၊ ကိုယ့်အားကိုးလို့ လာတဲ့ဥစ္စာပဲ” ဟု ငဘက ဝင်စွက်ဖက်လိုက်သဖြင့်၊ မိဖော့မှာ တွေဝေပြီး ငြိမ်နေလိုက်ရသည်။ ယင်းသို့လျှင် တော်တော်ကလေး မှောင်လာသောအခါ ဟော်ရီးသည် သူ့သေတ္တာကို ငဘထံသို့ ယူလာသည်။

ဟော်ရီးက ငဘနှင့် မိဖော့တို့ရှေ့တွင် ဖွင့်ပြသည်။ ငွေသားကျပ်သုံး ဒင်္ဂါးပြားရေတစ်ရာ့ငါးဆယ်တိတိ ငွေခါးပန်းကြိုးတစ်ခု၊ နားသံသီး တစ်စုံ၊ ကုလားဒိုဘီ သုံးထည်၊ ဂျုံအိတ်ခွံကို ချုပ်ထားသော အင်္ကျီနှစ်ထည် စသည်တို့ကို ငဘက စိတ်မှတ်ဖြင့် စာရင်းတင်ပြီးလျှင် လက်ခံလိုက်သည်။ ကလေးတွေက ဘေးက ဝိုင်းအုံကြည့်ကြသည်။ ငဘက ကလေးတွေကို မောင်းထုတ်လိုက်ပြီး သူတို့ရှဲတော့မှ သေတ္တာကို ဝှက်သည်။

ဟော်ရီး၏ ထင်းရှားသေတ္တာ မှာ တဲတွင်းရှိ စပါးပုတ်ထဲသို့ ပုန်းလျှိုးကွယ်လျှိုးနှင့် ငုပ်သွားလေသည်။ “အာ့ကိုဂျီး ဘယ်သူမှမတိပါစေနဲ့နော်” ဟု ဟော်ရီးက ပြောသည်။

“အေး – အေး စိတ်ချပါ” ဟု ငဘက ဆိုသည်။ ထိုအတွင်း တဲ၏ညာဘက်သို့ တတောင်ဆစ်ချိုးလာသော ခပ်လှမ်းလှမ်းရှိ ချောင်းကမ်းပါးမှ လှေလှော်သံ ကြားရသည်။ မှောင်ပြီဟု ဆိုရသော်လည်း ချောင်းရိုးတစ်လျှောက်မှာ မှန်ပြင်တစ်ချပ်လို အရှည်လိုက် ခင်းထားဘိသို့ ရှိလေရာလှေနှင့်တကွ လှော်လာသူ၏ အရိပ်အယောင်မှာ ပကတိ ပြတ်သားလှသည်။ ရောင်တစောင်းထုံးပြီး ခေါင်းပေါ်တွင် တဘက်တစ်ထည် ပတ်ထားပုံမှာ … “မဟုတ်ခါမှ လွဲရောမိဖော့ရေ၊ ငါတော့ဖြင့် ဖြိုးတုပ်လို့ ထင်တာပဲ”

မောင်ထင်ရေးသားသော ဂန္တဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

Open More Online

Related Posts