ဆော့ခရတ္တိ

ဆော့ခရတ္တိ ၏ သူရသတ္တိ အယူအဆ (အပိုင်း – ၃)

(စာပိုဒ် ၁၉)
ဆော့ခရတ္တိ ( ဆော့ ) ။     ။ ကျွန်ုပ်ဆိုချင်သည်မှာ ဤသို့ဖြစ်သည်။ ကျွန်ုပ်တို့သည် ပြေးရာတွင် လျင်မြန်စွာ ပြေးနိုင်ကြသည်၊ စောင်းတီးရာတွင် လျင်မြန်စွာ တီးနိုင်ကြသည်၊ စကားပြောရာတွင် လျင်မြန်စွာ ပြောနိုင်ကြသည်၊ စာသင်ရာတွင် လျင်မြန်စွာ သင်နိုင်ကြသည်။ အခြားတစ်ပါးသော အလားတူ အမှုများစွာတွင် လျင်မြန်စွာ ပြုနိုင်ကြသည်။ သို့တည်းမဟုတ် ခြေလက်လှုပ်ခြင်း၊ အသံပြုခြင်း၊ တွေးကြံခြင်း ဟူသော ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးတိုင်းလိုလိုတွင်ပင် လျင်မြန်ခြင်း ရှိနိုင်သည်။ ထိုအခါ လျင်မြန်စွာပြုသော အမူအရာတိုင်းတွင် သဘောတစ်မျိုးတည်းအဖြစ်ဖြင့် မဖောက်မပြန် ပါတတ်သည်လည်းဖြစ်၍ လျင်မြန်ခြင်းဟု ဆိုအပ်သည်လည်းဖြစ်သော သဘောသည် အဘယ်နည်းဟု မေးသကဲ့သို့ မေးသောမေးခွန်းမျိုး ဖြစ်သည်။ လျင်မြန်စွာပြုသောအခါတိုင်း လျင်မြန်ခြင်းဟူသော ဝေါဟာရကို အသင် သုံးရမည် မဟုတ်ပါလော။

လက်။     ။ ဆော့ခရတ္တိ၊ သုံးရပါမည်။

ဆော့။     ။ ကောင်းပြီ၊ အကယ်၍ တစ်ဦးတစ်ယောက်သောသူသည် ကျွန်ုပ်ရှိရာသို့လာ၍ အချင်း ဆော့ခရတ္တိ ၊ လျင်မြန်သည်ဟူသော ဝေါဟာရကို အသင်ထည့်၍ ပြောသည့်အခါတိုင်း အသင်သည် အဘယ်ကို ဆိုလိုပါသနည်းဟု လည်းကောင်း၊ လျင်မြန်ပုံတိုင်းတွင် အကျုံးဝင်နေသော သဘောသည် အဘယ်နည်းဟု လည်းကောင်း ကျွန်ုပ်ကို မေးသည်ဆိုအံ့၊ ထိုအခါ စကားပြောရာတွင်ဖြစ်စေ၊ ပြေးရာတွင်ဖြစ်စေ၊ အခြားတစ်ပါးသော ကံသုံးပါးအမှုတစ်ခုခုက ပြုရာတွင် ဖြစ်စေ အနည်းငယ်မျှသာ အချိန်အတွင်းတွင် အမြောက်အမြားပြီးအောင် ဆောင်ရွက်နိုင်ခြင်း ဖြစ်၏ဟု ကျွန်ုပ် ဖြေမည်ဖြစ်သည်။
 
လက်။     ။ ဆော့ခရတ္တိ ၊ သင် အဖြေပေးပုံသည် သင့်ပါပေသည်။

ဆော့။     ။ အချင်းလက်ခီ၊ ထိုနည်းတူစွာ သူရသတ္တိဟု ဆိုအပ်သည်လည်းဖြစ်၍ သုခ ဒုက္ခနှင့် ကြုံကြသောအခါတွင်သော်လည်းကောင်း၊ ဆိုခဲ့သောအရေးကိစ္စတစ်ခုခုနှင့် ကြုံကြရသောအခါတွင်လည်းကောင်း ရဲရင့်ပါပေသည်ဟု ဆိုရလောက်အောင် သဘောတစ်မျိုးတည်း အဖြစ်ဖြင့် မဖောက်မပြန် ပါတတ်သည်လည်းဖြစ်သော သဘောကို ကျွန်ုပ်အား ပြောပါဘိ။

လက်။     ။ ကောင်းပါပြီ၊ သဘောပေါက်ပါပြီ။ ဆော့ခရတ္တိ၊ ရဲရင့်စွာ ပြုမူသော အရေးကိစ္စတိုင်းနှင့် သက်ဆိုင်ခြင်းရှိသော သဘောကို ပြောရမည်ဖြစ်လျှင် သူရသတ္တိဟူသည် ခံနိုင်ရည်ရှိသော ဇွဲစိတ်ဓာတ်တစ်မျိုး ဖြစ်၏ဟု ကျွန်ုပ်ဆိုချင်သည်။

ဆော့။     ။ ဟုတ်ပေ၏၊ မေးသည့်မေးခွန်းကို တိတိကျကျ ဖြေရမည်ဆိုလျှင် ထိုသို့ပင် ဖြေရလိမ့်မည်။ သို့ရာတွင် ဇွဲစိတ်ဓာတ်တိုင်းသည် သူရသတ္တိဖြစ်၏ဟု ကျွန်ုပ် မထင်ပါ။ မထင်သောအကြောင်းကို ပြောပါမည်။ အချင်းလက်ခီ၊ သူရသတ္တိဟူသည် မြတ်သောသဘောဖြစ်၏ဟု အသင် ဆိုမည်လော။

လက်။     ။ အမြတ်ဆုံးဟူ၍ပင် ဆိုလိုက်ချင်သည်။

ဆော့။     ။ ကောင်းပြီ၊ အသိတရားနှင့် ယှဉ်သော ဇွဲစိတ်ဓာတ်သည် မြတ်သောသဘောပေလော။

လက်။     ။ အလွန်မြတ်သော သဘောပါပေ။

ဆော့။     ။ ထိုသို့တပြီးကား၊ မိုက်မဲခြင်းနှင့် ယှဉ်သော ဇွဲစိတ်ဓာတ်ကို အသင် မည်သို့ ဆိုမည်နည်း။ ထိုဇွဲစိတ်ဓာတ်မျိုးကို ဆိုး၏၊ ယုတ်၏၊ ဖျက်ဆီးတတ်၏ဟု မဆိုနိုင်ပြီလော။

လက်။     ။ ဆိုနိုင်ပါသည်။

ဆော့။     ။ မြတ်သောသဘောသည် ဆိုးသော၊ ယုတ်သော၊ ဖျက်ဆီးတတ်သော သဘောဖြစ်၏ဟု အသင် ဆိုမည်လော။

လက်။     ။ ဆော့ခရတ္တိ၊ မည်သည့်နည်းနှင့်မျှ မဆိုနိုင်ပါ။

ဆော့။     ။ ထိုသို့တပြီးကား၊ မိုက်မဲခြင်းနှင့် ယှဉ်သော ဇွဲစိတ်ဓာတ်ကို သူရသတ္တိဟု အသင်ဆိုနိုင်မည် မဟုတ်ချေ၊ အဘယ့်ကြောင့်ဆိုသော် မိုက်မဲခြင်းနှင့် ယှဉ်သော ဇွဲစိတ်ဓာတ်သည် မြတ်သောသဘော မဟုတ်သောကြောင့် ဖြစ်၍ သူရသတ္တိကား မြတ်သောသဘော ဖြစ်သောကြောင့်တည်း။

လက်။     ။ ဟုတ်ပေသည်။

ဆော့။     ။ ထိုသို့တပြီးကား၊ အသိတရားနှင့်ယှဉ်သော ဇွဲစိတ်ဓာတ်သာလျှင် သူရသတ္တိဖြစ်၏ဟု ယူရလိမ့်မည်။

လက်။     ။ ဆော့ခရတ္တိ၊ ဟုတ်ပေသည်၊ ထိုသို့ ယူမှသာ မှန်လိမ့်မည်။

(စာပိုဒ် ၂၀)

ဆော့။     ။ သို့ရာတွင် အသိတရားနှင့် ယှဉ်ရမည်ဆိုရာတွင် မည်သည့် ကိစ္စများတွင် ယှဉ်ရမည်နည်း။ အသေးအဖွဲကိစ္စ၊ အကြီးအကျယ်ကိစ္စ နှစ်မျိုးစလုံးတွင်ပင် ယှဉ်ရမည်မဟုတ်ပါလော။ ပုံစံပြပါမည်။ အကြင်သူသည် မိမိ၏ငွေကို သုံးစွဲခြင်းအားဖြင့် အဆုံးတွင် ဝင်ငွေ ပိုရလာမည်ဟု သိ၏၊ သိသည့်အတိုင်း သုံးစွဲ၏၊ သုံးစွဲရာတွင် ထိုအသိနှင့်ယှဉ်သော ဇွဲစိတ်ဓာတ်ကို ထင်ရှားစွာ ပြ၏။ ထိုသူကို သူရသတ္တိရှိသူဟု အသင် ဆိုမည်လော။

လက်။     ။ ဆော့ခရတ္တိ၊ အခြားသူများက ဆိုကြစေကာမူ ကျွန်ုပ် မဆိုနိုင်ပါ။

ဆော့။     ။ ကောင်းပြီ၊ ပုံစံတစ်ခုပြပါဦးမည်။ အကြင်အခါတွင် ဆေးဆရာတစ်ဦးသည် ရှိ၏၊ အဆုတ်ရောင်ရောဂါ စွဲကပ်နေသော သူ့သားတစ်ဦးသည်လည်း ရှိ၏၊ သို့တည်းမဟုတ် ထိုသို့သောသူ တစ်ဦးဦးသည်လည်း ရှိ၏၊ တစ်ဖန် ထိုသားသည် သို့တည်းမဟုတ် ထိုလူတစ်ဦးဦးသည် စားပါရစေ၊ သောက်ပါရစေဟု နားပူနားဆာပြုနေ၏၊ ထိုအခါ ထိုဆေးဆရာသည် အလိုမလိုက်ဘဲ ဇွဲစိတ်ဓာတ်ကောင်းကောင်းဖြင့် ငြင်းဆန်သည်၊ ထိုသဘောကို သူရသတ္တိဟု အသင် ဆိုမည်လော။
 
လက်။     ။ ထိုသဘောလည်း သူရသတ္တိ မဖြစ်နိုင်ပါ။

ဆော့။     ။ ပုံစံတစ်ခုကို ပြပါဦးမည်။ တစ်ဦးတစ်ယောက်သောသူသည် စစ်မြေပြင်တွင် ဇွဲစိတ်ဓာတ်ရှိ၍ တိုက်ခိုက်ရန် စိတ်သန်သူလည်း ဖြစ်၏၊ ကြိုတင်တွက်ချက်တတ်သဖြင့် တိုက်ပွဲတွင်ဝင်ကူမည့်သူ ပေါ်လာလိမ့်မည်ဟု သိသူလည်း ဖြစ်၏၊ ရန်သူ၏အင်အား သေးသည်ကို သိသူလည်းဖြစ်၏၊ နေရာချက်ကောင်း ရထားပြီဟု သိသူလည်း ဖြစ်၏။ တစ်ဖန် ထိုသူကဲ့သို့ အသိမရှိသော၊ နေရာ ချက်ကောင်း မရသော၊ ဇွဲစိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံမည်ဖြစ်သော သူလည်း ရှိသည်။ ထိုသူနှစ်ဦးတွင် မည်သူက ပို၍ ရဲလိမ့်မည်နည်း။

လက်။     ။ နောက်လူက ပို၍ ရဲမည်ထင်ပါသည်။

ဆော့။     ။ သို့ရာတွင် အလျင်လူနှင့်စာလျှင် နောက်လူက ပို၍မိုက်ရာ မကျပြီလော။

လက်။     ။ ဟုတ်၏၊ နောက်လူက ပို၍ မိုက်ရာကျမည်ဟု ဆိုနိုင်သည်။

ဆော့။     ။ ဆိုပါဦးမည်။ တစ်ဦးတစ်ယောက်သောသူသည် မြင်းစီးအတတ်ကို သိသူလည်း ဖြစ်၏၊ မြင်းစီး စစ်ထိုးပွဲတွင် ဇွဲစိတ်ဓာတ်ရှိသူလည်း ဖြစ်၏။ တစ်ဖန် မြင်းစီအတတ်ကို မသိပါဘဲလျက် ဇွဲစိတ်ဓာတ်ကောင်းနေသူလည်း ရှိသည်။ ထိုသူနှစ်ဦးတွင် အလျင်လူသည် နောက်လူလောက် မရဲဟု အသင်ဆိုမည် ထင်သည်။

လက်။     ။ ဆိုမည်သာ။

ဆော့။     ။ ထိုသို့ဆိုလျှင် လောက်လွှဲအတတ်ကိုသော်လည်းကောင်း၊ လေး အတတ်ကိုသော်လည်းကောင်း၊ အတတ်တစ်ခုခုကိုသော် လည်းကောင်း သိသည်လည်းဖြစ်၍ ဇွဲစိတ်ဓာတ်ရှိသည်လည်း ဖြစ်သောသူသည် ထိုအတတ်တစ်ခုခုကို မသိပါဘဲလျက် ဇွဲစိတ်ဓာတ်ကောင်းနေသောသူလောက် မရဲဟု အသင် ဆိုရလိမ့်မည်၊ ဟုတ်ပါသလော။

လက်။     ။ ဟုတ်ပါ၏၊ ဆိုရမည်သာ။

ဆော့။     ။ ထိုသို့ဆိုရမည်ဖြစ်လျှင် ရေငုပ်ခြင်းအတတ်တွင် မကျွမ်းကျင်ပါဘဲလျက် ရေတွင်းသို့ ဆင်း၍ ဇွဲစိတ်ဓာတ်ကောင်းကောင်းဖြင့် ရေငုပ်သောသူသည် သို့တည်းမဟုတ် အခြားသော အလားတူ အမှုကို ပြုသောသူသည် ကျွမ်းကျင်၍ ဇွဲစိတ်ဓာတ်ရှိသောသူထက် ပို၍ရဲ၏ဟု ဆိုရာရောက်နိုင်သည်။

လက်။     ။ ဆော့ခရတ္တိ၊ ထိုသို့မျှ မဆိုရလျှင် ပသို့ဆိုရမည်နည်း။

ဆော့။     ။ မကျွမ်းကျင်သူက ကျွမ်းကျင်သူထက် ပို၍ရဲ၏ဟု ယူသောသူအဖို့မှာ ထိုသို့မျှ မဆိုရလျှင် ဆိုစရာမရှိတော့ပြီ။

လက်။     ။ ဆော့ခရတ္တိ၊ ထိုသို့ပင် ကျွန်ုပ် ယူချင်သည်။

ဆော့။     ။ ထိုသို့ ယူလျှင် မကျွမ်းကျင်ပါဘဲလျက် ဇွဲစိတ်ဓာတ် ကောင်းကောင်းဖြင့် စွန့်သောသူသည် ကျွမ်းကျင်သူထက် ပို၍ မိုက်မဲ၏ဟု ဆိုရတော့မည်။

လက်။     ။ ဟုတ်ပါ၏၊ ဆိုရတော့မည်သာ။

ဆော့။     ။ ကောင်းပြီ၊ မိုက်မဲခြင်းနှင့် ယှဉ်သောစိတ်ဓာတ်သည် ဆိုး၏၊ ယုတ်၏၊ ဖျက်ဆီးတတ်၏ဟု ကျွန်ုပ်တို့ ဆိုခဲ့ကြပြီ မဟုတ်ပါလော။

လက်။     ။ ဆိုခဲ့ကြပါပြီ။

ဆော့။     ။ တစ်ဖန် သူရသတ္တိဟူသည် မြတ်သောသဘော ဖြစ်၏ဟုလည်း ကျွန်ုပ်တို့ ဆိုခဲ့ကြပြီ မဟုတ်ပါလော။

လက်။     ။ ထိုသို့လည်း ဆိုခဲ့ကြပါပြီ။

ဆော့။     ။ ယခုမူ မိုက်မဲခြင်းနှင့် ယှဉ်သော ဇွဲစိတ်ဓာတ်ရှိသူကို သူရသတ္တိရှိသူဟု ကျွန်ုပ်တို့ ဆိုနေကြရပြီ။

လက်။     ။ ဟုတ်ပါ၏၊ ထိုသို့ပင် ဆိုကြရမည်ကဲ့သို့ ဖြစ်နေပြီ။

ဆော့။     ။ ထိုသို့ဖြစ်နေလျှင် ကျွန်ုပ်တို့ဆိုခဲ့သမျှသည် ရှေ့နောက်မညီရာ ရောက်သဖြင့် သင့်ပါတော့မည်လော။

လက်။     ။ ဆော့ခရတ္တိ၊ မသင့်တော့ပြီ။

ဆော့။     ။ ထိုသို့တပြီးကား၊ ကျွန်ုပ်တို့နှစ်ဦးစလုံးသည် ဒေါ့ရိအန်ဂီတကို တီးမှုတ်နေကြပါလျက် ဒေါ့ရိအန်သံကျနှင့် ကိုက်အောင် တီးမှုတ်ခြင်း မပြုသကဲ့သို့ ဖြစ်နေပြီ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့နှစ်ဦးစလုံးပင် ပြုခဲ့သည့်အတိုင်း မပြောကြသောကြောင့် ဖြစ်သည်။ အပြောနှင့်အပြု အပြုနှင့်အပြော မညီကြသောကြောင့်ဖြစ်သည်။ စစ်မြေပြင်တွင် ကျွန်ုပ်တို့နှစ်ဦးစလုံး ရဲရဲဝံ့ဝံ့ပြုမူခဲ့ကြပုံ (ဘီစီ ၄၂၄ ခုနှစ်တွင် ဒီလီယန်စစ်ပွဲတွင် ရန်သူနှင့် ရင်ဆိုင်၍ အသက်စွန့်တိုက်ခိုက်ခဲ့ကြခြင်းကို ဆိုလိုသည်။) ကို မြင်ဖူးကြသော သူတို့သည် ကျွန်ုပ်တို့၏ အပြုအမူကြောင့် ကျွန်ုပ်တို့တွင် သူရသတ္တိရှိကြ၏ဟု အဆုံးအဖြတ်ပေးကြတန်ရာသည်။ ဤဆွေးနွေးပွဲတွင် ကျွန်ုပ်တို့ ပြောခဲ့ကြသည်ကို ကြားကြရသောသူတို့ကမူကား ကျွန်ုပ်တို့၏အပြောကြောင့် ကျွန်ုပ်တို့တွင် သူရသတ္တိမရှိဟု အဆုံးအဖြတ် ပေးကြတန်ရာသည်။

လက်။     ။ အသင်၏စကားသည် မှန်လှပေသည်။

ဆော့။     ။ ထိုသို့တပြီးကား ကျွန်ုပ်တို့အဖို့ အခြေမလှ ဖြစ်နေပြီ။ ထိုအခြေအနေတွင် ကျွန်ုပ်တို့ ရပ်တည်၍ နေကြသည်ဖြစ်လျှင် သင့်ပါမည်လော။

လက်။     ။ ဆော့ခရတ္တိ ၊ မသင့်တော့ပါ။

ဆော့။     ။ ထိုသို့တပြီးကား၊ ကျွန်ုပ်တို့ဆိုခဲ့သမျှတွင် အချက်တစ်ချက်လောက်ကိုသာ ကွက်၍ လက်ခံကြလျှင် ကောင်းမည် ထင်သည်။

လက်။     ။ မည်သည့် အချက်ပေနည်း။

ဆော့။     ။ သူရသတ္တိ၏သဘောတွင် ဇွဲစိတ်ဓာတ်တစ်ခုကား မုချပါ၏ဟူသော အချက်ဖြစ်သည်။ ကျွန်ုပ်တို့သည် သူရသတ္တိ၏ သဘောကို ဆက်၍ စူးစမ်းကြရလိမ့်ဦးမည်၊ ထိုအခါ ကျွန်ုပ်တို့တွင် ဇွဲစိတ်ဓာတ်ရှိကြမှ ဖြစ်မည်၊ မရှိကြလျှင် ကျွန်ုပ်တို့ကို သူရသတ္တိက ကဲ့ရဲ့လိမ့်မည်၊ စင်စစ်မှာ ဇွဲစိတ်ဓာတ်သည်ပင် သူရသတ္တိ၏သဘော ဖြစ်ချင်လျှင်လည်း ဖြစ်နေပေလိမ့်မည်။

လက်။     ။ ဆော့ခရတ္တိ၊ ကျွန်ုပ်ကိုယ်တိုင်ကလည်း အလျှော့မပေးလို၊ စူးစမ်းခြင်းကို ပြုလိုသည်။ သို့ရာတွင် ပြောဟောဆွေးနွေး၍ စူးစမ်းကြံဆသော တက္ကသီလအလေ့အကျင့်သည် ကျွန်ုပ်တွင်မရှိ ဖြစ်ခဲ့သည်။ သို့ရာတွင် ဤအလေ့အကျင့်ကို အသင့်ထံမှ ကျွန်ုပ် ယခုရလိုက်သဖြင့် အချေအတင် ပြောချင်ဆိုချင်သော ဆန္ဒသည် ကျွန်ုပ်တွင် ဖြစ်ခဲ့ပြီ။ ထို့ပြင် ကျွန်ုပ်၏စိတ်ထဲ ဝမ်းထဲတွင် ရှိသမျှကို သူ့နားနှလုံးသို့ ရောက်အောင် ကျွနု်ပ် မပြောတတ်သဖြင့် ကျွန်ုပ် စိတ်မကောင်းဖြစ်မိသည်။ အဘယ့်ကြောင့်ဆိုသော် သူရသတ္တိ၏သဘောကို ကျွန်ုပ်သိသလိုလို ဖြစ်နေသောကြောင့်ပင်။ သို့ရာတွင် သိသလိုလို ဖြစ်နေသည်ကို ဆုပ်၍၊ ကိုင်၍၊ ဖမ်း၍မရ။ လွတ်ထွက်သွားသည်ချည်းကိုသာ တွေ့နေရသည်။ ထို့ကြောင့်သာ ကျွန်ုပ်သည် ပီပီသသ တိတိကျကျ ပြန်၍ မပြောနိုင်ခြင်း ဖြစ်သည်။

ဆော့။     ။ အချင်းလက်ခီ၊ မုဆိုးကောင်းမည်သည် မလျှော့သောလုံ့လဖြင့် ခြေရာခံလိုက်သင့်သည်၊ ထိုသို့ မဟုတ်ပါလော။

လက်။     ။ ဟုတ်ပါပေသည်။

ဆော့။     ။ ထိုသို့တပြီးကား၊ ကျွန်ုပ်တို့ ဆက်၍ ဆွေးနွေးကြရာတွင် နိုက်စိအလည်း ပါနိုင်အောင် နိုက်စိအကို မေတ္တာရပ်၍ နိုက်စိအ၏အကူကို တောင်းကြလျှင် ကောင်းမည် ထင်သည်၊ ခြေရာခံရာတွင် နိုက်စိအသည် ကျွန်ုပ်တို့ထက် သာချင်လျှင် သာပေလိမ့်မည်။

လက်။     ။ နိုက်စိအကို မေတ္တာရပ်ပါ၊ ကျွန်ုပ် သဘောတူပါသည်။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

#Open More Online

Related Posts