အနော်ရထာမင်း

အနော်ရထာမင်း

အနော်ရထာမင်း သည် သထုံမှ ကြွလာသော ရှင်ဓမ္မဒဿီခေါ် ရှင်အရဟံ မထေရ်မြတ်ကို ကိုးကွယ်ဆည်းကပ်ပြီး ဓမ္မလမ်းညွှန်မှုကို ခံယူနိူင်ရာ ပုဂံပြည်တွင် တရားစစ် တရားမှန်ကို အခြေချ ပြန့်ပွားစည်ပင်အောင် စွမ်းဆောင်နိူင်ခဲ့သည်။ အနော်ရထာ နန်းစံချိန်တွင် အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ တိဘက်၊ သီရီလင်္ကာနိူင်ငံများတွင် ဗုဒ္ဓဘာသာ မှေးမှိန်နေချိန် ဖြစ်သည်။ ထို့ကြောင့် အနော်ရထာမင်းက အရှေ့တောင်အာရှတွင် ဗုဒ္ဓဘာသာ မပျောက်ကွယ်ရအောင် စောင့်ရှောက်ကာကွယ်ပေးနိူင်ခဲ့သည်ဟု ဆိုနိူင်ပေသည်။ 

အနော်ရထာလက်ထက် ပုဂံနန်းတော်သည် ဗုဒ္ဓအဆုံးအမအောက်တွင် ပိုမိုစည်းလုံးမိခဲ့သည်ဟု ဆိုရပေမည်။ ဗုဒ္ဓဘာသာနှင့် ဆက်နွယ်ပြီး မင်းကျင့်တရား ၁၀ပါး တို့သည် ထိုခေတ်အခါက အုပ်ချုပ်သူ မင်းအတွက် စည်းမျဉ်း ဥပဒေဖြစ်ပေသည်။ ဗုဒ္ဓဘာသာ ရောက်ရှိထွန်းကားလာရာ မင်းနှင့်ပြည်သူတို့ မင်းကျင့်တရား ကောင်းမွန်ရေး၊ စိတ်ဓာတ်ရေးရာ မြင့်မားယဉ်ကျေးမှုကို ဖြစ်စေခဲ့သည်။ ဗုဒ္ဓဘာသာကို အခြေခံ၍ ပညာတတ် ရဟန်းများပေါ်ထွက်လာကာ ရဟန်းများက စာပေပို့ချ၍ ပုဂံပြည်သူတို့ ပညာရည် ပြည့်ဝကာ နှလုံးလှ ယဉ်ကျေးသူများ ဖြစ်စေခဲ့သည်ဟု ဆိုနိူင်ပါသည်။

ပညာတန်ဖိုး၊ ပညာတတ်တို့၏တန်ဖိုးကို အုပ်ချုပ်သူ အနော်ရထာမင်းသည် ကောင်းစွာ သိနားလည်ခဲ့ကြောင်း၊ အနော်ရထာ၏ ပိဋိကတ်တိုက်ကြီးက ယခုတိုင် ပုဂံမြို့ဟောင်းမှာ ခံ့ညားစွာ တည်ရှိရပ်ပြနေဆဲ ဖြစ်သည်။ ၁၆၊ ဒီဇင်ဘာလ၊ ၁၀၅၇ ခုနစ်က အနော်ရထာနှင့် နောက်ပါတပ်များ တရုတ်သို့ စွယ်တော်ပင့်သွားကြောင်း၊ အကြောင်းမညီညွတ်၍ ပြန်လာကြောင်း မှတ်သားရပါသည်။ 

တရုတ်ပြည်ဆိုသည်မှာ ယူနန်ကို ခေါ်ခြင်းဖြစ်ပြီး မြို့တော် ကာလီဖူးကို သွားခြင်းသာဟုလည်း သုတေသီတို့က ဆိုပါသည်။ စွယ်တော်မရသော်လည်း အပြန်ခရီး တောင်ပြုန်းတွင် စေတီတည်ခဲ့ကြောင်း ရွှေဖျင်းညီနောင် ဇာတ်လမ်းနှင့်တွဲကာ ပုဂံစကားများ ပြောကြားနေရဆဲ ဖြစ်သည် မဟုတ်ပါလား။ တရုတ်ပြည်မှအပြန် မကြာမီ ပိဋိကတ်သုံးပုံရလို၍ သထုံကိုတိုက်ကြောင်း၊ ရာဇဝင်များတွင် ပါရှိသော်လည်း စေ့စေ့ငုငု သုတေသနပြုရန် လိုအပ်ပါသေးသည်။ ထိုခေတ်အခါက ပြည်ပရန် ကျူးကျော်မှုကို တွန်းလှန် တိုက်ခိုက်ရန်လည်း ပါမည်။ ၁၄၈၀ပြည့်နှစ်က ထိုးခဲ့သော ပဲခူးကလျာဏီစေတီကျောက်စာအရ ၁၀၅၇ ခုနစ် သထုံကို တိုက်ခိုက်သိမ်းပိုက်သည်ဆိုရာ နှစ်ပေါင်း ၄၀၀ ကြာပြီးမှ ရေးထိုးမှတ်တမ်းတင်ခဲ့ခြင်း ဖြစ်၍ ဤနှစ်ကာလခြားမှ တခမ်းတနား ရေးထိုးခြင်းကိုလည်း စဉ်းစားချင့်ချိန်စရာ ဖြစ်ပါသည်။ မည်သို့ဆိုစေ သထုံမှ ရရှိလာသော ပိဋိကတ်သုံးပုံကို မွန်စာမှ မြန်မာအက္ခရာ ဖလှယ်ကာ သံဃာထေရ်မြတ်တို့အား ပြုစုသုတ်သင် တည်းဖြတ်စေခဲ့ခြင်းကိုကား အနော်ရထာ၏ အမြော်အမြင်ကြီးမားသော စွမ်းရည်ပင်ဖြစ်သည်။ 

မြန်မာစာပေ အခြေချ ခိုင်မာပွင့်လန်းအောင် ပျိုးထောင်ခဲ့သော အနော်ရထာမင်းကို မြန်မာစာပေ၏ ဥယျာဉ်မှူးကြီးအဖြစ် တွေးမိပါသည်။ ပညာရေးသည် တိုင်းပြည်ဖွံ့ဖြိုးရေး၏ အခရာ၊ ပဓာန မရှိမဖြစ် အရေးကြီးသည်ကို သိမြင်နားလည်သော မင်းဖြစ်သည်။ ထို့ကြောင့်ပင် အနော်ရထာကို ဘုန်းတန်ခိုးကြီးသော မင်းအဖြစ် သမိုင်းတင် ချီးပင့်ခဲ့ကြပေသည်။ 

ရှင်အရဟံ မထေရ်မြတ်၏ လမ်းညွှန်မှုဖြင့် ရွှေစည်းခုံ၊ လောကနန္ဒာ၊ တူရွှင်းတောင်စေတီ၊ တန့်ကြည့်တောင်စေတီဟူသော စွယ်တော်လေးဆူနှင့် ကျောက်ဆည်သာလျောင်းတောင်မှ စွယ်တော်စေတီ၊ ရွှေဆံတော်စေတီ၊ ညောင်ရွှေအင်းတိမ်မှ ပေါရိသဒ်ဘုရား၊ မိတ္ထီလာရွှေယင်မျှော်၊ တောင်ပြုန်း ဆုတောင်းပြည့်နှင့် ဦးစွာတည်ခဲ့သော မြင်းကပါစေတီတို့သည် အနော်ရထာ၏ ကုသိုလ်တော်ဘုရားများ ဖြစ်သည်။ 

အနော်ရထာမင်း မတိုင်မီက ပုဂံပြည်တွင် နတ်ကိုးကွယ်မှု၊ ဟိန္ဒူ၊ ဗြဟ္မဏ၊ အရည်းကြီး ဂိုဏ်းများရှိခဲ့ရာ အနော်ရထာမင်းက တရားစစ်၊ တရားမှန် ထေရဝါဒကို တည်တံ့ ပြန့်ပွားတော်မူအောင် အစွမ်းကုန် ကြိုးပမ်းစွမ်းဆောင်သော်လည်း အခြားဘာသာများကို နှိပ်ကွပ်ခြင်းမရှိ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုခဲ့သည်။ သာသနာသန့်စင်အောင် အရည်းကြီး အယူဝါဒများကို ပါးနပ်စွာ ပယ်တော်မူခဲ့သည်။ 

အနော်ရထာမင်းသည် ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် ဆောင်ရွက်လျက် နိူင်ငံတော်ကို စည်းလုံးညီညွှတ်အောင် စွမ်းဆောင်ခဲ့ပေသည်။ ပြည်သူတစ်ရပ်လုံးကို ထေရဝါဒ ဗုဒ္ဓသာသနာသို့ ကူးပြောင်းစေခဲ့သည်။ နိူင်ငံတော် ကျယ်ပြန့်လာသည်နှင့်အမျှ အနယ်နယ် အရပ်ရပ်တွင် ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် စေတီပုထိုး ဘုရားများတည်ခြင်း၊ စီးပွားရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးကို မနားမနေ ကြိုးပမ်းခဲ့သည်။ ပြည်တွင်းသာမက ပြည်ပနိူင်ငံများနှင့်လည်း သံတမန်ဆက်ဆံရေး၊ ဘာသာရေးကို ကူညီဆောင်ရွက်ပေးနိူင်ခဲ့သည်။ သီရိလင်္ကာ (သီဟိုဠ်) သို့ စစ်ကူပေးခြင်း၊ သီဟိုဠ်မှ ဗုဒ္ဓစွယ်တော်များကို ရရှိကာ ချစ်ကြည်ရေးများကိုလည်း ဆောင်ရွက်နိူင်ခဲ့သည်။ တရုတ်နိူင်ငံ ဆွန်မင်းဆက်ဘုရင်များထံ သံတမန်စေလွှတ် မိတ်ဖွဲ့ခဲ့သည်။ 

ပထမပုဂံ နေပြည်တော်ကြီးကို စုစည်းတည်ထောင်ပြီး နိူင်ငံတော်ကို ကောင်းမွန်စွာ အုပ်ချုပ်ခဲ့၍ ငြိမ်းချမ်းစီစဉ်ခဲ့ခြင်း ဖြစ်သည်။ အနော်ရထာမင်း၏ ကိုယ်ရေးရာဇဝင်မှာ များစွာမသိရပါ။ မျိုးရိုးဆက်နွယ်မှာ ပျဉ်ပြားမင်းက ဆင်းသက်လာခြင်း ဖြစ်သည်။ အဘိုး တန်နက်မင်းသည် စတုတ္ထ ပုဂံမြို့တည် ပျဉ်မင်းသား၏ သားဖြစ်သည်။ တန်နက်မင်း၏သား ကျောက်ဖြူမင်းနှင့် မြောက်ပြင်သည် မိဖုရားတို့မှ သားတော် အနော်ရထာကို မွေးဖွားခဲ့ခြင်းဖြစ်ပြီး မွေးချင်းများကို မသိရပါ။ ကျည်းစိုးမင်းနှင့် စုက္ကတေးမင်းတို့သည် အနော်ရထာမင်း၏ အမိကွဲနောင်တော်များ ဖြစ်သည်။ အနော်ရထာမင်းက စုက္ကတေးမင်းနှင့် စီးချင်းထိုး အနိူင်ရ၍ ပုဂံထီးနန်းကို ရရှိခဲ့ခြင်း ဖြစ်သည်။ 

အနော်ရထာ၏ မိဖုရားများမှာ ရာဇဝင်များတွင် တောင်ပြင်သည် မိဖုရားကြီး သီရိမာလာဒေဝီ၊ ပဉ္စကလျာဏီ၊ သီရိစန္ဒဝတီ (မဏိစန္ဒာခင်ဦး) နှင့် မြောက်ပြင်သည်တို့ ဖြစ်သည်။ တောင်ပြင်သည် မိဖုရားမှ စောလူးမင်းကို မွေးဖွားခဲ့ပြီး အနော်ရထာမင်း၏ ထီးနန်းကို ဆက်ခံခဲ့သူ ဖြစ်သည်။ 

မင်းကောင်းမင်းမြတ် အရည်အချင်းနှင့် ပြည့်စုံသူ အနော်ရထာကို နာမည်ပျက်အောင် ရေးသားပြောဆိုသော စကားများလည်း အများအသိပင်။ ကျန်စစ်သားနှင့် ပတ်သတ်ပြီး ကိုယ်ဝန်ဆောင်များ၊ နို့စို့အရွယ်များ၊ နွားကျောင်းသားအရွယ်များကို အနော်ရထာ သတ်ခဲ့သည်ဆိုသော အခြေအမြစ်မရှိ၊ လွဲမှားသည့် စကားများ ဖြစ်သည်။ ထီးနန်းလုမည်စိုး၍ သတ်ကြောင်း၊ နောင်တစ်ဆက်ခြားမှ ကျန်စစ်သားမင်းဖြစ်မည်ဟု ဟောပြောကြမှ သူရဲကောင်းအဖြစ် မွေးမြူမြောက်စားကြောင်း၊ မဏိစန္ဒာခင်ဦးကို ခေါ်ဆောင်လာစဉ်က ငြိစွန်းသည်ထင်၍ အနော်ရထာက အရိန္ဒမာလှံဖြင့် ကျန်စစ်သားမင်းကိုထိုးရာ လူကိုမထိ ကြိုးကိုထိ၍ ကျန်စစ်သားက လှံကိုကောက်ယူပြီး ထွက်ပြေးခဲ့ရကြောင်း ဇာတ်လမ်းများကိုလည်း ပြောဆိုခဲ့ကြသည်။ မိန်းမတစ်ဦးအတွက် ဤမျှ ဉာဏ်ရည်ထက်မြက် ရှေ့နောက်ချင့်ချိန် စဉ်းစားတွေးခေါ် မြော်မြင်နိူင်သော အနော်ရထာသည် ကျန်စစ်သားကဲ့သို့သော သူရဲကောင်းကို သတ်မည်မဟုတ်ပေ။ အနော်ရထာသည် စုက္ကတေးကိုပင် ဤလှံဖြင့် ကျွမ်းကျင်စွာ ထိုးခဲ့ပြီး နန်းတက်လာသူ ဖြစ်သည်။ 

ကျန်စစ်သားကို ချည်ထားသော ကြိုးကို ထိအောင် ပစ်မှတ်မလွဲ ထိုး၍ ကြိုးဖြေလွှတ်လိုက်ခြင်းသာ ဖြစ်သည်ဟု ယူဆပါသည်။ သေစေလိုလျှင် ကျန်စစ်သားခန္ဓာ မည်သည့်နေရာမဆို လှံနှင့် ပစ်ထိုးနိူင်သည်။ ယခုချည်နှောင်ထားသော ကြိုးကိုသာ တမင် လှံနှင့်ပစ်၍ ထိုးလိုက်ခြင်း ဖြစ်ပေသည်။ 

စံနမူနာပြ မင်းမြတ်နော်ရထာ၏ ကံကုန်တော်မူခန်းကလည်း မယုံနိူင်စရာ၊ အောင်သာမြစ်ခြေအရပ်မှ ကျွဲရိုင်းကို ဆင်တော်သံပြင်စွာနှင့် နှိမ်နင်းရာ ကျွဲရိုင်းခတ်၍ နတ်ရွာစံသည်ဟု ပုဂံစကားနှင့် ရာဇဝင်များတွင် ဖော်ပြရာ၌လည်း လက်ခံနိူင်ရန် ခက်ပေသည်။ ဆင်နှင့်ကျွဲ တိုက်ပွဲမှာ ဆင်က ရှုံးနိူင်ပါ့မလား။ ငကျွဲသူပုန် ခြုံခိုတိုက်သူ ရန်သူတစ်ဦးသာ ဖြစ်နိုင်ပေသည်။ အနော်ရထာအကြောင်းကား လေ့လာစရာ များလှပေသည်။ 

အနော်ရထာမင်းသည် အနုရုဒ္ဓ၊ အနိရုဒ္ဓဟူသော ပါဠိ၊ သက္ကတအမည်နှင့် လိုက်လျောကိုက်ညီစွာ ပြည်သူတို့ နှစ်သက်ခြင်း၊ ပြည်သူ့အလို  မဆန့်ကျင်ခြင်း၊ မချုပ်တည်းခြင်း၊ မတားဆီးခြင်းဟူသော အနက်အဓိပ္ပာယ်နှင့် ကိုက်ညီစွာ ပုဂံနိူင်ငံတော်ကြီးကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် လက်ရုံးရည်၊ နှလုံးရည်၊ ကြံရည်ဖန်ရည်၊ ဉာဏ်ကညာ ကြီးမားစွာဖြင့် တိုင်းပြည်အတွက် လုံ့လအားထုတ်ကာ အသက် ၃၀ အရွယ်တွင် ပုဂံထီးနန်းကို ရရှိပြီး ၃၃ နှစ် နန်းစံကာ သက်တော် ၆၆ နှစ်အရွယ်တွင် နတ်ရွာစံခဲ့သည်။ တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်၍ နှစ်ပေါင်း ၁၀၀၀ ကြာသည့်တိုင်အောင် မြန်မာတို့ နှလုံးသားတွင် စွဲထင်နေရပေသည်။ 
တက္ကသိုလ်စိန်တင် မြန်မာပြန်ထားသော Mandalay The Golden စာအုပ်မှ ကူးယူဖော်ပြသည်။ 

Related Posts